Tuesday, August 26, 2008

နေ (The Sun) - ၂

1 comments

photosphere လို့ခေါ်တဲ့ နေမင်းရဲ့ အ၀ါရောင် မျက်နှာပြင်ပုံပါ။ သူ့ရဲ့ မျက်နှာပြင် အပူချိန်ဟာ 6000 degree Celsius လောက်ရှိပါမယ်။ အောက်မှာပြထားတဲ့ ပုံက sunspot တစ်ခုရဲ့ ပုံဖြစ်ပါတယ်။


ဒီလို sunspot မျိုးတွေ အခါအားလျော်စွာ နေမျက်နှာပြင်မှာ ပေါ်တတ်ပါတယ်။ သူကတော့ ပါတ်ဝန်းကျင်က အ၀ါရောင် မျက်နှာပြင်ထက် အပူချိန် နိမ့်ပါတယ်။ sunspot တစ်ခုရဲ့ အရွယ်အစားဟာ ကမ္ဘာထက် သိသိသာသာ ပိုကြီးပါတယ်။ သူတို့ဟာ ၁၀ ရက်လောက် အတွင်း ကြီးထွား လာကြပြီးတော့ ၂ပါတ်လောက် အတွင်းမှာ ပျောက်ကွယ် သွားတတ် ပါတယ်။ တကယ်တော့ sunspot ဆိုတာ နေရဲ့ magnetic activity ကို ပြတဲ့ ကြေးမုံပြင်တွေပါပဲ။ သူတို့ဟာ နေမင်းရဲ့ သံလိုက်အားလမ်းကြောင်း ဘယ်နေရာမှာ ပေါ်လာပြီးတော့ ဘယ်နေရာမှာ နောက်တစ်ကြိမ် ထပ်ပေါ်မယ် ဆိုတာကို ဖော်ပြကြပါတယ်။ နေဟာ ကျယ်ပြန့်တဲ့ စွမ်းအင်စက်ကွင်းတွေ အမြဲ ထုတ်လွှင့်နေတတ်ပါတယ်။ ၁၁ နှစ်ကြာတိုင်း သူ့ရဲ့ magnetic pole တွေ ပြောင်းလဲပါတယ်။ ပြောင်းလဲနေတဲ့ ကြားကာလတွေမှာ သူ့ရဲ့ စွမ်းအင်စက်ကွင်းတွေ ထုတ်လွှတ်မှုဟာ အမြင့်ဆုံးပါပဲ။ သူ့ရဲ့ ဓါတ်ငွေ့တွေက ထုတ်လွှတ်တဲ့ အဲဒီ စွမ်းအင်လမ်းကြောင်းတွေ ဟာ သူ့ရဲ့ မျက်နှာပြင် တစ်လျှောက်မှာ အဓိက သက်ရောက်ပါတယ်။ အဲဒီလို စွမ်းအင် စက်ကွင်းတွေကြောင့် သူ့ရဲ့ မျက်နှာပြင်မှာ နေရာ အလိုက် မတူညီတဲ့ speed တွေနဲ့ လည်ပါတ်ပါတယ်။ Equator မှာ တပါတ်လည်ဖို့ ၂၆ ရက်ကြာပေမယ့် ၀င်ရိုးစွန်းတွေမှာကြတော့ ၃၇ ရက်ကြာမှ တပါတ်လည်ပါတယ်။ အဲဒီလို မတူညီတဲ့ လည်ပါတ်နုန်းတွေက သူ့ရဲ့ magnetic field တွေကို ကွေးလိမ်ပြီး အပေါ်ကို တွန့်ထွက်လာစေပါတယ်။ အောက်က ပုံမှာ magnetic field တွေ ဘယ်လို တွန့်ထွက်လာသလဲဆိုတာ ပြထားပါတယ်။


ရလာဒ်ကတော့ နေရဲ့ မျက်နှာပြင်ဟာ လှိုင်းတံပိုးထန်နေတဲ့ စွမ်းအင် သမုဒ္ဒရာကြီးတစ်ခုလို coronal loop လို့ခေါ်တဲ့ မီးလောင်နေတဲ့ ဓါတ်ငွေ့တွေရဲ့ ဂငယ်ကွေး လမ်းကြောင်းတွေ ပေါ်လာတာပါပဲ။

နေ (The Sun)

1 comments
ရှေးခေတ်အခါတွေတုန်းကတော့ သူ့ကို နတ်ဘုရားတစ်ပါးလို့ ထင်ခဲ့ကြပါတယ်။ တကယ်တော့ သူဟာ ကျနော်တို့ နေစကြာဝဠာရဲ့ နှလုံးသည်းပွတ် ဖြစ်သလို တစ်စုတည်း ဖြစ်အောင် စုစည်းပေးတဲ့၊ အပူ အလင်း နဲ့ အသက်ဇီဝ ဖြစ်တည်မှုအတွက် မရှိမဖြစ် အရေးကြီးတဲ့ တစ်ခုတည်းသော အရာပါ။ သူကတော့ ကျနော်တို့ရဲ့ နေ့တွေကို ဖန်ဆင်းပေးနေတဲ့ နေမင်းကြီးပါပဲ။ သူ့ရဲ့ သမိုင်းဦးဟာ လွန်ခဲ့တဲ့ နှစ်သန်း ၅၀၀၀ လောက်မှာ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ အရမ်းကို ကြီးမားလွန်းတဲ့ ကြယ်ကြီးတစ်လုံး ပေါက်ကွဲရာက စခဲ့ပါတယ်။ ကြီးမားပြင်းထန် လှတဲ့ ပေါက်ကွဲမူအရှိန်ကြောင့် ပေါက်ကွဲမှု လှိုင်းတွေဟာ လွင့်စင် ထွက်လာတဲ့ ဟိုက်ဒရိုဂျင် တိမ်တိုက်တွေရဲ့ ဦးတည်ရာအတိုင်း စကြာဝဠာ အနှံ ပြန့်ထွက်သွားပါတယ်။ လွင့်စဉ်ထွက်လာတဲ့ ဟိုက်ဒရိုဂျင် တိမ်တိုက်ဟာ ဒြပ်ဆွဲအားကြောင့် ခရုပတ်ပုံ ၀ိုင်းပတ် ခွေဖွဲ့နေတဲ့ တိမ်တိုက်အဖြစ် ပြောင်းလဲလာပြီးတော့ အလည်မှာ nuclear core တစ်ခု ပေါ်လာပါတယ်။ အဲဒီ core ဟာ နေပါပဲ။ အဲဒီလိုနဲ့ ကျနော်တို့ရဲ့ နေမင်းကြီး မွေးဖွားလာခဲ့ပါတယ်။ အဲဒီလိုပါပဲ ဘေးက ၀ိုင်းပါတ် နေတဲ့ ဓါတ်ငွေ့တွေက နေ ဂြိုဟ်တွေ လတွေ မွေးဖွားခဲ့ပါတယ်။ အောက်ကပုံမှာ နေပေါက်ဖွားလာပုံ အဆင့်ဆင့်ကို ပြထားပါတယ်။

နေဆိုတာ ကြယ်တစ်လုံး ပါပဲ။ ကျနော်တို့အတွက်တော့ စွမ်းအင်မီးပြတိုက် လို့တင်စားနိုင်တဲ့ ကြယ်တစ်လုံးပေါ့။ ကျနော်တို့ ကမ္ဘာပေါ်က သက်ရှိများအားလုံးရဲ့ ဖြစ်တည်မှုဟာ သူ့အပေါ်မှာ မူတည်နေပါတယ်။ သူက ကမ္မာကြီးကို ပူနွေးစေတယ်၊ အလင်းရောင်တွေ ပေးတယ်။ သူ့ဆီက တိုက်ရိုက်ရတာမဟုတ်တဲ့ လျှပ်စစ်မီး အလင်းတွေ၊ ယာဉ်တွေသုံးစွဲတဲ့ လောင်စာဆီနဲ့ စက်ရုံက ကျောက်မီးသွေး ဆိုတာတွေ အားလုံးဟာလည်း သူ့ဆီက ရတဲ့စွမ်းအင်ကို သဘာဝက သိုလှောင်ပေးထားတာပဲ ဖြစ်ပါတယ်။ တကယ်တော့ စွမ်းအင် အားလုံးရဲ့ (အဏုမြူစွမ်းအင်က လွဲလို့) ပင်မရင်းမြစ်ဟာ နေပဲ ဖြစ်ပါတယ်။ သူ့ရဲ့အတွင်းပိုင်းမှာ အပူချိန် ၁၅သန်းဒီဂရီ စင်တီဂရိတ်လောက် ပူနေပြီးတော့ nuclear fusions ဖြစ်စဉ် အဆက်မပြတ် ဖြစ်ပွားနေပါတယ်။ hydrogen atom နှစ်လုံးကနေ helium atom တစ်လုံးအဖြစ် ပြောင်းတဲ့ ဖြစ်စဉ်ပါ။ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ နေဟာ သူ့ဒြပ်ထုတွေထဲက တန်ချိန်၎သန်း လောက် ကို energy အဖြစ်ပြောင်းလဲစွန့်ထုတ်နေတာပါ။ သူ့ရဲ့ ဗဟိုချက်မက ထုတ်နေတဲ့ အဲဒီစွမ်းအင်တွေ သူ့ မျက်နှာပြင်ပေါ်ကို ရောက်လာဖို့ နှစ်တစ်သန်းလောက် ကြာတာပါ။ ကီလိုမီတာ သန်း၁၅၀ လောက် အကွာက ကမ္ဘာကတော့ အဲဒီစွမ်းအင်ကို ရဖို့ ၈မိနစ်ခွဲလောက် ကြာပါတယ်။ အလင်းအလျှင်နဲ့ ရောက်လာတဲ့ အဲဒီစွမ်းအင်ကို sunlight လို့ပဲ လွယ်လွယ်လေး နာမည် တတ်ထားကြပါတယ်။ အဲဒီ sunlight ကို spectrum နဲ့ ရောင်စဉ်ခွဲကြည့်ရင် အောက်ကပုံ အတိုင်း မြင်ရမှာပေါ့။ အဲဒီ ရောင်စဉ်ခွဲတဲ့ နည်းနဲ့ နေမှာ 73% hydrogen, 24% helium နဲ့ အခြားသော ဒြပ်စဉ်တွေ ပါဝင်ကြောင်း ပညာရှင်တွေ ဖော်ထုတ်ခဲ့ကြပါတယ်။

ဘယ်ကစရေးရင် ကောင်းမလဲ

1 comments
စကြာဝဠာက အရမ်းကျယ်ဝန်း နက်ရှိုင်းသလို ရေးစရာ တွေကလည်း အများကြီးပဲ ပေါ့။ ဒါပေမယ့် စိတ်ကူးထဲ တွေ့ရာ တောင်စဉ် ရေမရ လိုက်တင်နေရင် အစီအစဉ်မကျသလို ဖတ်တဲ့သူတွေလည်း မျက်စေ့ လည်သွားနိုင် ပါတယ်။ အဲလိုဆိုတော့ ပထမဆုံး ကျနော်တို့ရဲ့ နေအဖွဲ့အစည်း အကြောင်း အရင်ဆုံး စရေးမယ်လို့ စဉ်းစားမိ ပါတယ်။ ကျနော်တို့ ငယ်ငယ်လေးကတည်းက နေအဖွဲ့အစည်း နဲ့ ရင်းနှီးနေခဲ့ ပြီးသားပါ။ အထွေထွေသိပ္ပံမှာ စကြာဝဠာနှင့် နေအဖွဲ့အစည်း ဆိုတဲ့ chapter နဲ့ နှစ်တိုင်းသင်ခဲ့ ဖူးပါတယ်။ နေအဖွဲ့အစည်း အကြောင်း ထူးပြီး လေ့လာနေစရာ မရှိလို့ ထင်ထားပေမယ့် တကယ်လေ့လာကြည့်မိတော့ မသိသေးတာတွေက အများဆိုမှ အများကြီးပါ။ စာဖတ်သူတွေ ထဲမှာလည်း ကျနော့်လို လူမျိုးတွေ ပါနေနိုင်ပါတယ်။ ဒါကြောင့် နေအဖွဲ့အစည်း အကြောင်းကို အရင်ဆုံး စရေးပါ့မယ်။ ပြီးရင် outer universe က အံ့သြောဖွယ်ရာ အားလုံးကို ရေးပါ့မယ်။ လိုအပ်တာတွေ၊ မှားနေတာတွေ ရှိရင် ထောက်ပြပေးဖို့ တောင်းဆိုပါရစေ။ ကျေးဇူးတင်ပါတယ် ခင်ဗျား။

Tuesday, August 19, 2008

စကြာဝဠာနှင့်ကျွန်တော်

0 comments
လျှပ်စစ်မီးမရှိတဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားကြီးပြင်းခဲ့ရတဲ့ ကျနော့်ရဲ့ ငယ်ငယ်ကဘ၀မှာ ညတိုင်းရဲ့ အတောက်ပဆုံးသော စိတ်ဝင်စားစရာ အကောင်းဆုံးသော အရာတွေဟာ ကောင်းကင်က လမင်းကြီး နဲ့ ကြယ်ပွင့်လေးတွေပါပဲ..။ ကျနော့်ဖေဖေ စုဆောင်းခဲ့တဲ့ သုတပဒေသာ စာအုပ်တွေ လူထုသိပ္ပံကျမ်းတွေရဲ့ အကူအညီနဲ့ သူတို့တွေ အကြောင်း ကျနော်ပိုပြီး သိခွင့် ရလာခဲ့ပါတယ်..။ ပိုပြီးသိလာလေလေ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာလေလေ ပါပဲ..။ အဆုံးအစမရှိတဲ့ စကြာဝဠာ အကြောင်း လေ့လာစရာ တွေကလည်း အဆုံးအစ ရှိနိုင့်ပါ့မလား..။ ဘာပဲဖြစ်ဖြစ် စကြာဝဠာနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာဆိုရင် ကျနော် လောဘတကြီး လေ့လာနေမိဦးမှာပါပဲ..။ ကျနော် ဖတ်မိ၊ လေ့လာမိ၊ နားလည်မိ တာလေးတွေကို အချိန်ရရင် ရသလို သူငယ်ချင်းတွေအားလုံးကို ဝေမျှပေးချင်ပါတယ်..။ ၀င်ရောက်ဖတ်ရှုတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်ဗျာ..။
Related Posts Plugin for WordPress, Blogger...