Showing posts with label Astrophysics. Show all posts
Showing posts with label Astrophysics. Show all posts

Monday, October 11, 2010

၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်ခြင်း ပြဿနာ၏ နောက်ဆုံးအဖြေ

1 comments

၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလားဆိုတဲ့ မေးခွန်းရဲ့အဖြေ

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတလွှားက အင်တာနက် သုံးစွဲသူတွေဆီကို Forward Mailအနေနဲ့ ပျံနှံ့ရောက်ရှိနေခဲ့တဲ့ မေးခွန်းကတော “၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းပါ။ နီဘီရူယှဉ်တွဲမှုဖြစ်ရပ် (Nibiru Collision)လို့ ခေါ်ကြတဲ့ အဲဒီကိစ္စဟာ တကယ်ဖြစ်လာမှာ မဟုတ်ပါဘူးလို့ NASA (အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ)က ပညာရှင် တစ်ဦးက ပြောသွားခဲ့ပါတယ်။ နီဘီရူကိစ္စဟာ ကြီးမားလှတဲ့ ဂြိုဟ်အပိုင်းအစကြီးတစ်ခု ကမ္ဘာမြေကို (၂၁)ရာစု အစောပိုင်းမှာ တိုက်ရိုက်ထိမှန်မယ် (ဒါမှမဟုတ်) ကမ္ဘာနားက ကပ်ပြီးဖြတ်သွားမယ်ဆိုတဲ့ အယူအဆကို အခြေခံပြီး လူပြောများလာတာပါ။ ဒီအကြောင်းကို (၁၉၉၅)ခုနှစ်က zetatalk၀က်ဘ်ဆိုက် တည်ထောင်သူ အမျိုးသမီး နန်စီလေဒါက စပြီးတော့ ဖော်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ နန်စီဟာ သူ့ကိုယ်သူ စိတ်ဝိဥာဉ် ပေါင်းကူးနိုင်စွမ်းရှိတယ်လို့ ကြေညာထားပြီး Zeta Reticuli ကြယ်စင်ကြီးက တခြားသက်ရှိတွေနဲ့ စိတ်ချင်းစကားပြောနိုင်တယ်လို့ ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ သူဟာ ပထမဆုံး မေလ(၂၀၀၃)ခုနှစ်မှာ ကမ္ဘာရှိတဲ့ နေစကြာဝဠာ တစ်ခုလုံး ပျက်သုဉ်းတော့မယ်လို့ သူ့ကိုမိတ်ဆွေဂြိုဟ်သားတွေက အသိပေးတယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ တကယ်တမ်း ကမ္ဘာပျက်မှာ (၂၀၁၀)ခုနှစ်ဝန်းကျင်လို့ ပြောင်းပြီးပြောပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၀င်ရိုးစွန်းနေရာ ရွေ့သွားတာကြောင့်မို့လို့ပါဆိုပြီး နန်စီက ပြောခဲ့သလို အဲဒီနောက်မှာတော့ လူသားမျိုးပြုတ်မယ့် ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့မယ့် ကမ္ဘာပျက်သောနေ့ (Doomsday)ကို ကြုံရတော့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။



ဒီအတွေးအခေါ်အရ ကမ္ဘာနဲ့ရွယ်တူလောက်ရှိတဲ့ ဂြိုဟ်ပဲ့ကြီးတစ်ခုဟာ (၂၀၁၂)ခုနှစ်လောက်မှာ လူသားတွေနေတဲ့ ကမ္ဘာကို ဦးတည်ရောက်ရှိလာမှာပါတဲ့။ တိုက်ရိုက်တိုက်မိခဲ့ရင် ကမ္ဘာတစ်ခုလုံး ပျက်စီးသွားမှာဖြစ်သလို ကပ်ပြီးဖြတ်သွားရင်တောင် အရှိန်ပြင်းလွန်းတာကြောင့် လူသားမျိုးနွယ် ပြုတ်ပြုတ်ပြုန်းလုနီးပါး ဖြစ်သွားမယ်လို့ ဆိုပါတယ်။ နန်စီရဲ့ လက်တွေ့မကျတဲ့ အယူအဆဟာ အစွန်းရောက် ဘာသာရေး အဖွဲ့တွေရဲ့ ၀ါဒဖြန့်မှုနဲ့အတူ ကြီးထွားလာပြီး “(၂၀၁၂)မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းကို လူပြောများလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့လို့ ခန့်မှန်းထားတဲ့ အဲဒီဖြစ်ရပ်ကြီးကို Code Nameအနေနဲ့ ပေးထားတဲ့ နီဘီရူဆိုတာ ရှေးဟောင်း ဘေဘီလုံ လူမျိုးစုတွေရဲ့ နက္ခဗေဒ ပညာရပ်ထဲက ဆိုးရွားကြမ်းကြုတ်တဲ့ အချိန်ကာလတစ်ခုရဲ့နာမည်ကို မှည့်ခေါ်ထားတာပါ။ နောက်ပြီးတော့ “ကောင်းကင်ဘုံရဲ့အလွန်”လို့လည်း အဓိပ္ပါယ် သတ်မှတ်နိုင်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့ဆိုတဲ့ အခြေအမြစ်မရှိ ခန့်မှန်းအတွေးအခေါ်တွေအရ Xဂြိုဟ် (ဒါမှမဟုတ်) နီဘီရူလို့ နာမည်ပေးထားတဲ့ စကြာဝဠာ ဂြိုဟ်ပဲ့ကြီးတစ်လုံးဟာ ကမ္ဘာကို (၂၀၁၂)ခုနှစ်မှာ တိုက်ရိုက်ဝင်တိုက်တော့မှာလို့ ယုံကြည်နိုင်ပါတယ်။



NASAရဲ့ ပညာရှင် တစ်ဦးဖြစ်တဲ့ ဒေးဗစ်မော်ရစ်ဆန်ကတော့ ဒီကိစ္စကို ရယ်စရာ အိပ်ယာဝင် ပုံပြင်ကောင်းတစ်ခုလို့ ယူဆထားတာပါ။ “နီဘီရူဆိုတာ ကျွန်တော်တို့ရဲ့ လက်တွေ့လေ့လာမှုထဲမှာ လုံးဝမရှိတဲ့အရာဆိုတာ ခင်ဗျားတို့ သိဖို့တော့ လိုမှာပါ”လို့ မော်ရစ်ဆန်က Washington Post သတင်းစာကြီးနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ (၂၀၁၂)ခုနှစ်မှာ ကမ္ဘာနဲ့ Xဂြိုဟ်ဝင်တိုက်လို့ ကမ္ဘာကြီး ပျက်တော့မယ်ဆိုတာဟာ လူ့သမိုင်းခေတ်သစ်တစ်ခုကို စတော့မယ်လို့ စိတ်ကူးယဉ်ဇာတ်ကားကောင်းကောင်း ရိုက်ချင်နေတဲ့ ဟောလီးဝုဒ် ကုမ္ပဏီတွေအတွက် အခွင့်အရေးကောင်းတစ်ခုထက် ဘာမှမပိုဘူးလို့ မော်ရစ်ဆန်က ဆိုပါတယ်။ ရှေးဟောင်းဆူမားရီးယန်း မျိုးနွယ်စုတွေရဲ့ မှတ်တမ်းထဲမှာ Zenchriaဆိုတဲ့ ခေတ်တစ်ခုတုန်းက နီဘီရူဆိုတဲ့ ကြယ်ကြီးကို မြင်လိုက်ရတဲ့အကြောင်း မှတ်တမ်းကလွဲပြီး သမိုင်းတလျှောက် ဘယ်သူမှ နီဘီရူဆိုတဲ့ စကြာဝဠာထဲက ဂြိုဟ်ပဲ့ကြီးအကြောင်း ပြောခဲ့၊ ရေးခဲ့တာ မရှိပါဘူး။ တကယ်တော့ဒါဟာ လူ့သမိုင်းကို အခြေခံ ခုတုံးလုပ်ပြီး လုပ်ကြံထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်လို့ မော်ရစ်ဆန်က ပြောပြခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မာယာလူမျိုးစုတွေရဲ့ ကာလရှည်ကြာ ပြက္ခဒိန်ကလည်း (၂၀၁၂)ခုနှစ် ကျရောက်တဲ့အချိန်မှာ ကမ္ဘာပျက်မယ်လို့ ဇာတ်လမ်းကောင်းကောင်းလေးတစ်ခု ဖန်တီးထားခဲ့တာကလည်း ရှိနေတာမို့ပါ။


မာယာတွေ ယုံကြည်ထားတာအရ Batun 13ဆိုတဲ့ အချိန်ယန္တယားစက်ဝိုင်း ကုန်ဆုံးသွားပြီးတဲ့အချိန်ဖြစ်တဲ့ (၂၀၁၂)ခုနှစ်လောက် ကာလမှာ Batun 14ဆိုတဲ့ အချိန်စက်ဝိုင်း နောက်တစ်ခု စပါလိမ့်မယ်။ အဲဒီအချိန်မှာ ကမ္ဘာတစ်ခါပျက်မယ်လို့ ဆိုထားတာကိုး။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ (၂၀၁၂)ခုနှစ်မှာ ကမ္ဘာကြီးကို ဘယ်အာကာသ တိုက်ခိုက်မှုမှ ရောက်လာမှာ မဟုတ်ဘူးလို့ အာမခံထားပါတယ်။ ကမ္ဘာပျက်မယ့်နေ့ကို အတိအကျ မသိနိုင်ပေမယ့် (၂၀၁၂)ခုနှစ်ထိတော့ ကမ္ဘာဟာ အကောင်းအတိုင်း ရှိနေမှာပါ။ တကယ်တော့ အရင်ကလည်း ခုလိုမျိုး ကမ္ဘာပျက်မယ်ဆိုတဲ့ စိတ်ကူးယဉ် ကောလဟာလတွေ ရှိခဲ့တဲ့ ဥပမာတွေ အများကြီးပါ။ ထင်ထင်ရှားရှား တစ်ခုအနေနဲ့ အက်ပေါ့ဟစ် (Apophis)ဆိုတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီး တစ်ခုဟာ ကမ္ဘာနားက (၂၀၂၉)၊ (၂၀၃၆)နဲ့ (၂၀၆၈)ခုနှစ်တွေမှာ (၃)ခါဖြတ်သွားပြီး အဲဒီအချိန်ကျရင် လူတွေသောက်သောက်လဲ သေကြမယ်လို့ သတင်းကြီးခဲ့ပါသေးတယ်။ ဒါပေမယ့် တိုင်းတာမှုတွေအရ အဲဒီဂြိုဟ်သိမ်ကြီး ကမ္ဘာနားက ဖြတ်သွားချိန်မှာ အနည်းဆုံး မိုင်(၁၈၀၀၀)လောက် ဝေးနေမှာဖြစ်ပြီး ဒါဟာလုံးဝလုံခြုံ စိတ်ချရတဲ့ အကွာအဝေးပါလို့ ပညာရှင်တွေက အတိအလင် ခိုင်ခိုင်မာမာ ပြောကြားထားပါတယ်။ ဘာပဲဖြစ်ဖြစ် (၂၀၂၉)ခုနှစ်နား နီးလာရင် “အက်ပေါ့ဟစ်ကြီး ကမ္ဘာကို ၀င်တိုက်ရင် ဘယ်လိုလုပ်မလဲ”ဆိုတာ တွေ့ရကြုံရ၊ ဗျာများရအုံးမယ့် မေးခွန်းပါ။ “အဲဒီအခါကျတော့လည်း ကျွန်တော်တို့က ပြည်နယ်တစ်ခုစာလောက်တော့ ပြာကျသွားမှာပေါ့လို့ ဖြေလိုက်ကြတာပေါ့”လို့ မော်ရစ်ဆန်က ရယ်ရယ်မောမော ပြောသွားခဲ့ပါတယ်။





Dooms Day
















Source: planet, Wikipedia, tgdaily

Monday, November 2, 2009

၂၀၁၂ မှာ တကယ်ပဲ ကမ္ဘာပျက်မှာလား ( 2012 Dec 21 is really our Doomsday?)

ဒီပို့စ်ကို တင်သင့် မတင်သင့် တော်တော်စဉ်းစားပြီးမှ တင်လိုက်တာပါ။ အခြား အကြောင်း အရာတွေက ကိစ္စမရှိပေမယ့် ဒီအကြောင်းအရာက သေချာ မစဉ်းစားရင် စိတ် အနှောက်အယှက် ဖြစ်စေလို့ပါ။ ဒီပို့စ်ကို ဖတ်တဲ့ သူတိုင်း မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကာလာမသုတ် ကို နှလုံးသွင်းပါလို့ ပြောပါရစေ။
အခု ကျနော်ရေးမယ့် အကြောင်းအရာက ကြည့်မိတဲ့ သူတွေအကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ စကြာဝဠာ နဲ့ ပါတ်သတ်တဲ့ YouTube video တွေအကြောင်းပါ။ အဓိက အကြောင်းအရာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်မယ် ဆိုတဲ့ ကိစ္စပါ။ အဲဒီ ဗွီဒီယို တွေကို Doomsday, Nibiru, Planet X, 2012 December 21 ဆိုတဲ့ keyword တွေနဲ့ အလွယ်တကူ ရှာ တွေ့နိုင်ပါတယ်။ သူတို့တွေ ပြောကြတဲ့ ဦးတည်ချက်က တစ်ခုတည်းပါ။ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ့ အကြောင်းအရာပါ။ ဘာကြောင့် ပျက်မှာလဲ။ ဘယ်လိုပျက်မှာလဲ။ သူတို့ ရေးတဲ့ အတိုင်း ကျနော် ပြန်ရေးပါ့မယ်။ အောက်မှာ ရေးထားတဲ့ အကြောင်းအရာဟာ ကျနော့် စာသား မဟုတ်ပါ။ သူတို့ ရေးထားတာကို တိုက်ရိုက်ဘာသာ ပြန်ပေးတာ ဖြစ်ပါတယ်။ (ပေရှည် နေတာတွေကို ဖျက် ထုတ်ခဲ့ပါတယ်)

ကမ္ဘာပေါ်က အချို့ သော အကြောင်းအရာတွေဟာ ရှင်းပြ နိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ကြ ပါဘူး။ ဥပမာ - Stonehenge နဲ့ Easter Island တို့လိုပေါ့။ သေချာ ရှင်းမပြနိုင်တဲ့ အရာတွေ အဖြစ် ယနေ့ထိ ရှိနေဆဲပါ။ သူတို့ကို ဘယ်သူ တည်ဆောက်ခဲ့တယ်၊ ဒါမှမဟုတ် ဘယ်လို ဖြစ်လာခဲ့တယ် ဆိုတာ ဘယ်သူမှ ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ (ပုံမှာ Stonehenge နဲ့ Easter Island ပေါ်က အရုပ်တွေကို ပြထားပါတယ်။ Easter Island က သြစတေးလျ နဲ့ ချီလီ အကြားက ပစိဖိတ် ရေပြင်ကျယ် ကြီး အလယ် လောက်မှာ ရှိတာ၊ ဘယ်တုန်းက များ ရှေးဟောင်း လူတွေ ရောက်ပြီး ဒါတွေ လုပ်သွားလဲ.. ကျနော်လည်း အံ့သြော မိပါတယ်)။ ကျနော် အခုရှင်းပြမယ့် အကြောင်း အရာကလည်း သေချာ ရှင်းမပြ နိုင်တဲ့ အကြောင်းအရာ တစ်ခုပါ။ ကမ္ဘာ ကြီးပျက်မယ့် နေ့စွဲကို ပြောတာပါ။ အဲဒီ နေ့စွဲက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့လို့ ပြောလိုက်တဲ့ အတွက် ကျနော့်လိုပဲ ခင်ဗျားလည်း အံ့အားသင့် သွားနိုင်ပါတယ်။ ဒါပေမယ့် NASA နဲ့ Governments တွေကတော့ အံ့အား သင့်မယ် မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၁၉၈၃ ခုနှစ်ကတည်းက ဒီအကြောင်းကို သိနေကြ နှင့်ပြီးသား ဖြစ်နေလို့ပါ။ ဘာကို သိနေကြ တာပါလဲ။ အခုဘယ်သူတွေက ကျနော်တို့ ကမ္ဘာနဲ့ ပါတ်သတ်ပြီး သတိပေးခဲ့သလဲ ဆိုတာ ကြည့်ကြ ရအောင်ပါ။
Nostradamus ကပြောပါတယ်၊ စကြာဝဠာအတွင်းက ကြီးမားလှတဲ့ အရာဝတ္ထုတစ်ခုဟာ ကျနော်တို့ ကမ္ဘာဆီကို ဦးတည်ပြီး လာနေပါတယ်။ သူ့ရဲ့ နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာ တစ်ပါတ် ပြည့်ပြီး ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ ဆီကို ရောက်ပါမယ်၊ ဒါပေမယ့် ကမ္ဘာကို ဝင်တိုက်မိမှာတော့ မဟုတ်ပါဘူး။ Albert Einstein က pole shift နဲ့ ပါတ်သတ်ပြီး သတိပေး ခဲ့ပါတယ်။ pole shifting အချိန်မှာ လူသားတွေ အပြင်းအထန် ခံစားရမယ် ဆိုတာပါ။ မာယန် ပရောဖက် တွေရဲ့ The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်ဟာ အဆုံးသတ် အမှတ် ဖြစ်နေပါတယ်။ စက်ဝန်းကြီး တစ်ခုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။ အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0.0) 11th August 3114 BC မှာ စတင်ပြီး အဆုံးမှတ် (day 13.0.0.0.0) 21st December 2012 AD မှာ ဆုံးပါတယ်။ နှစ်ပေါင်း ၃၆၀၀ ပြည့်တိုင်း စက်ဝန်းကြီး တစ်ပါတ်လည် ပါတယ်။ holy bible ကလည်း 2012 ခုနှစ်ကို သတိပေးထားပါတယ်။ အခြားအခြား သော အရာတွေအားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်။ မေးခွန်းတစ်ခု ရှိပါတယ်။ ၂၀၁၂ မှာ သေချာပေါက် ဖြစ်မှာမှန်း သိရက်နဲ့ ဘာကြောင့် နာဆာက လူတွေကို အသိမပေးတာလဲ။ သူတို့ဟာ ကမ္ဘာပေါ်က လူသားတွေ အားလုံး သိသွားကြရင် လူတွေ အားလုံး အသက်ရှင် ကျန်ရစ်ရေး ကြိုးပမ်းကြတဲ့ အခါ သူတို့ အတွက် အခွင့် အလမ်း နည်းသွားမှာ စိုးလို့ ဖြစ်ပါတယ်။ အခု ဖော်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်တွေ့ရှိချက်ကို လျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ။ 1982 ခုနှစ်မှာ NASA ဟာ extra solar planet တစ်ခုကို စပြီး သတိထား မိခဲ့ပါတယ်။ 1983 ခုနှစ်မှာ NASA ဟာ IRAS (Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့ အကြားကို ဝင်ရောက် ဖြတ်သန်း ပါမယ်။ သူ ဖြတ်သန်းမယ့် အနေ အထား ကတော့ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ အဲဒီ အချက်ကြောင့် Atlantis မြို့ ကြီး နစ်မြုပ်ခဲ့သလို Noah ရဲ့ လှေကြီး တစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေ အနေမျိုး ၂၀၁၂ နောင်းပိုင်းမှာ ပြန်ဖြစ်လာပါမယ်။ ကျနော် တို့မှာ ရှောင်လွှဲစရာ နည်းလမ်း မရှိပါဘူး။ နေစရာ ကမ္ဘာ တစ်ခုပဲ ရှိတဲ့ အတွက် မလွဲ မသွေ ရင်ဆိုင် ရပါ လိမ့်မယ်။ Stonehenge နဲ့ Easter Island အကြောင်း ကျနော်တို့ ဘာလို့ မသိ တာလဲ။ ဖြစ်နိုင်တာက အရင်က လူတွေ တည်ဆောက် ခဲ့တာဖြစ်ပြီး Nibiru ကြောင့် သူတို့အားလုံး သေဆုံး သွားတဲ့ အခါ အသစ် ဖြစ်လာတဲ့ ကျနော်တို့က မသိတာ ဖြစ်နိုင်ပါတယ်။ Nibiru ဟာ ၂၀၀၉ ခုနှစ် မေလ ၁၅ ရက်နေ့မှာ အနီရောင် အရာဝတ္ထု အဖြစ် သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။ သူဟာ အပေါ်ကို တက်လာနေတာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ တောင်ဘက် အဖျားပိုင်းတွေမှာသာ မြင်နိုင်မှာပါ။ ၂၀၁၁ ခုနှစ် မေလလောက်မှာတော့ သူဟာ ကမ္ဘာပေါ်က လူတွေ အားလုံးမြင်နိုင်လောက်တဲ့ အရွယ်အစား ဖြစ်လာပါလိမ့်မယ်။ ဒုတိယမြောက် နေတစ်လုံး အဖြစ် လရဲ့ အရွယ်အစား လောက် ရှိတဲ့ သူ့ကို မြင်ရပါလိမ့်မယ်။ ကြီးမားလှတဲ့ ဆွဲငင်အားကြောင့် ကမ္ဘာပေါ်မှာ ငလျှင် အကြီးအကျယ် လှုပ်ပြီး ရေကြီးမှုတွေ နေရာ အနှံ့ ဖြစ်ပါမယ်။ ဒါပေမယ့် အဆိုးဆုံး အခြေအနေက ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်ပြီးတော့ အဲဒီ နေ့မှာ ကမ္ဘာဟာ Nibiru နဲ့ နေရဲ့ အကြားကို ရောက်ပါမယ်။ ဆန့်ကျင် ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ် ဖြစ်ပြီး အဲဒီဖြစ်ရပ်က ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်း စေမှာပါ။ Nibiru ဟာ ကမ္ဘာလည်ပါတ်မှုနဲ့ ဆန့်ကျင်ဘက် လားရာကို လည် နေတာ ဖြစ်တဲ့ အတွက် မျက်နှာပြင် ဆွဲငင်အား က ကမ္ဘာကြီးကို ၃ရက်တိတိ လည်ပါတ်မှု ရပ်သွားစေပါမယ်။ အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက် ပြီး ကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်း ရာပေါင်း အနည်းငယ်သာ အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ် ပြန်လည် ဖွဲ့စည်းပါလိမ့်မယ်။ 2014 July 1 ရက်နေ့က စပြီး Nibiru ဟာ ကျနော် ကမ္ဘာ ပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည် ထွက်ခွါသွားပါလိမ့်မယ်။

အပေါ်မှာ ရေးပြခဲ့တာတွေကတော့ YouTube video တွေထဲက တစ်ခုကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အရာအားလုံးသည် သင်္ခါရ ဆိုပေမဲ့ ၂၀၁၂ ဆိုတာ တော့ တော်တော် ကြီးများ စောလွန်း နေမလားလို့။ အခုစာလာ ဖတ်တဲ့ မိတ်ဆွေတွေ ရော.. ဒီကိစ္စကို ယုံလား။ paranormal.about.com မှာ အဲဒီ အကြောင်း pool လုပ်ထားတဲ့ result ကို အပေါ်ကပုံမှာ တွေ့နိုင် ပါတယ်။ ယုံကြည်တယ်၊ ဘာကြောင့်၊ မယုံ ကြည်ဘူး၊ ဘာကြောင့် ဆိုတာလေး comment ရေးပေး စေချင်ပါတယ်ဗျာ။ ကျနော့် အမြင်ကိုလည်း ပို့စ် တစ်ခုတင်ပြီး ရှင်းပေးပါ့မယ်။ ကျေးဇူး တင်ပါတယ်ဗျာ။

10/24/2008 2:35PM

Monday, November 17, 2008

ကြယ်တံခွန်များ (Comets) - ၁

သူတို့ဟာ ကျနော်တို့ နေအဖွဲ့အစည်းရဲ့ ဂျစ်ပစီ တွေပေါ့။ ကျနော် တို့ မြင်သာတဲ့ နေရာကို ရောက်လာကြတယ်၊ ပြီးတော့ ကျနော်တို့ မမြင်နိုင်တဲ့ အဝေးဆုံးကို ပြန်ထွက်သွားကြတယ်။ တခါတရံ မှ လာတတ်ကြတဲ့ ဧည့်သည် တွေ ဆိုပေမယ့် သူတို့လာရင် ဂရုမစိုက်ပဲ မနေနိုင် ကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ တောက်ပတဲ့ အမြီးတန်း ရှည်ကြီး နဲ့ သိပ်ကို လှပ တဲ့ အရာတွေ ဖြစ်နေလို့ပါပဲ။ ပြီးတော့ တစ်သက်မှာ တစ်ခါလို့ ဆိုရလောက် အောင် သူတို့ တစ်ခုစီဟာ နှစ်တွေ အကြာကြီး နေမှ တစ်ကြိမ် ရောက် လာတတ်ကြလို့ပါ။ ဟုတ်ပါတယ်။ သူတို့ ဟာ comet တွေပါ။ သူတို့ဟာ တောက်ပတဲ့ အမြီးတန်း ရှည်ကြီးနဲ့ ကျနော်တို့ မြင်သာတဲ့ နေရာကနေ မဲမှောင် နက်ရှိုင်းတဲ့ ဟင်းလင်းပြင် ကြီးဆီကို ပြန်လည် ထွက်ခွါ သွားကြတယ်။ ဘယ် နေရာ ကို ပြန်သွား ကြတာပါလဲ ။ သူတို့ရဲ့ ဇာတိ ချက်ကြွေ ကရော ဘယ်နေရာ မှာပါလဲ။ အဲဒီ အကြောင်း တွေကို ပြောဖို့ ဆိုရင် လက်ရှိ နေအဖွဲ့ အစည်းရဲ့ အဝေးဆုံး ဂြိုဟ် အဖြစ် သတ်မှတ် ထားတဲ့ နက်ပကျွန်း ဂြိုဟ် အလွန် အရာဝတ္ထုတွေ အကြောင်း ပြော ဖို့ လိုပါလိမ့်မယ်။ ပလူတို ကို ဘာကြောင့် ဂြိုဟ်သိမ် အဖြစ် အဆင့် လျှော့ချရသလဲ ဆိုတဲ့ ပို့စ် ကို မှတ်မိ ကြမယ် ထင်ပါတယ်။ အဲဒီ ပို့စ် ထဲမှာ ပါဝင်တဲ့ ကွေပါ ခါးပါတ် (Kuiper belt) ဆိုတာ က စရမှာပါ။ နက်ပကျွန်းဂြိုဟ် ရဲ့ အပြင်ဘက် ပိုင်းမှာ ကွေပါခါးပါတ် ရှိနေတာပါ။ ပလူတို လိုပဲ ဂြိုဟ်သိမ်တွေ အများကြီး ရှိသလို ဥက္ကာ ပျံ အစအန တွေလည်း အဲဒီ ခါးပါတ် ထဲမှာ ရှိနေပါတယ်။ အဲဒီ ကွေပါခါးပါတ်ရဲ့ အပြင်ဘက်မှာ တော့ Scattered Disc နဲ့ Oort comet cloud ရှိပါတယ်။ Scattered Disc ကတော့ ကွေပါခါးပါတ်ရဲ့ အပြင်ပိုင်းမှာ ရှိတာ ဖြစ်ပေမယ့် Oort cloud ကတော့ နေကနေ တွက် ရင် အင်မတန် ဝေးကွာတဲ့ အပြင်ပိုင်း အလွှာမှာပါ။ နေကနေ အလင်းနှစ် တစ်နှစ် လောက် ကွာဝေးပါတယ်။ အောက်က ပုံမှာ ကြည့်ပါ။ Oort cloud မှာ အပြင်ပိုင်း စက်လုံးပုံ အလွှာနဲ့ အတွင်းပိုင်းက Hills cloud လို့ ခေါ်တဲ့ စက်ဝိုင်း ပြားပုံ အတွင်းပိုင်း အလွှာတို့ ရှိကြ ပါတယ်။ Oort cloud objects တွေမှာ ပါဝင်တာတွေကတော့ ရေခဲ၊ ရေ၊ အမိုးနီးယား နဲ့ မီသိန်း ဒြပ်တွေ ပါဝင်မယ်လို့ ခန့်မှန်း ကြပါတယ်။ နက္ခတ် ပညာရှင်တွေ ယုံကြည် ကြတာက စကြာဝဠာ ထဲက ပြန့်ကြဲ နေတဲ့ အရာ တွေဟာ နေအဖွဲ့ အစည်း ထဲက ဂျူပီတာ အပါအဝင် အခြား ဂြိုဟ်ကြီး များရဲ့ ဆွဲငင် မှုကြောင့် စုဝေး လာကြ တာပါတဲ့။ မည်သို့ပင် ဖြစ်စေ အင်မတန် ဝေးကွာတဲ့ နေရာ မှာ ရှိတဲ့ အတွက် နေအဖွဲ့ အစည်းရဲ့ အင်မတန် နည်းပါး လှတဲ့ ဆွဲငင် အားသာ သက်ရောက် တာ ဖြစ်တဲ့ အတွက် Oort cloud objects တွေဟာ အခြား ကြယ်များနဲ့ နဂါးငွေ့တန်း ဂလက်ဆီ တစ်ခုလုံးရဲ့ သက်ရောက်မှုကို အလွယ်တကူ ခံရပါတယ်။ အဲဒီ ဆွဲငင်အားတွေရဲ့ သက်ရောက်မှုဟာ အရာဝတ္ထုတွေရဲ့ မူလ လမ်းကြောင်းကို သွေဖယ်စေပြီးတော့ အချို့ကတော့ နေအဖွဲ့ အစည်းရဲ့ အတွင်း ဖက်ကို တွန်းပို့ခြင်း ခံရပါတယ်။ အဲဒီ အရာဝတ္ထု တွေကတော့ comet ဖြစ်လာကြမဲ့ အရာတွေ ပါပဲ။ Comet တွေမှာ အမျိုးအစား နှစ်ခု ခွဲခြား လို့ ရပါတယ်။ သူတို့ရဲ့ orbital periods တွေ ပေါ်မှာ မူတည်ပြီးတော့ Short-period comets နဲ့ Long-period comets ဆိုပြီး ခွဲတာပါ။ Oort cloud ကနေ စတင်တဲ့ comet တွေဟာ Long-period comet အမျိုးအစား ဖြစ်ပြီးတော့ သူတို့ရဲ့ orbital period ဟာ နှစ် ၂၀၀ ကနေ နှစ် သန်းဂဏန်း အထိ ရှိပါတယ်။ ဒါပေမယ့် နှစ် သန်းနဲ့ ချီမှ တစ်ခေါက်ရောက်မယ့် ကြယ်တံခွန်ဟာ နောက်တစ်ကြိမ် နေဆီကို ပြန်လာတော့မယ် မဟုတ်ပဲ အခြားကြယ် တစ်ခုဆီကို ရောက်သွားဖို့ ရှိပါတယ်။ နောက်တစ်မျိုးကတော့ Short-period comets ဖြစ်ပါတယ်။ သူတို့ကတော့ ကွေပါခါးပါတ် နဲ့ Scattered Disc မှာ အစပြုပြီးတော့ ဂြိုဟ်ကြီးတွေရဲ့ ဆွဲငင် အားကြောင့် အတွင်း ဘက်ကို ရောက်လာကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ orbital period ကတော့ နှစ် ၂၀၀ ထက် နည်းပါတယ်။ Long-period comets တွေထဲမှာ လူသိများတာက Hale-Bopp comet ဖြစ်ပြီးတော့ Short-period comet တွေထဲမှာ လူသိများတာကတော့ Halley’s comet ဖြစ်ပါတယ်။ (သူတို့အကြောင်းကို ပြီးမှ သက်သက် ရေးပြပါ့မယ်) ။ comet တွေဟာ ပုံစံတကျ မရှိတတ်ပဲ ကီလိုမီတာ အနည်းငယ်လောက် အကျယ်အဝန်း ရှိတတ် ပါတယ်။ comet တွေမှာ ရေခဲ အတုံးအတစ်တွေ၊ အေးခဲနေတဲ့ ဓါတ်ငွေ့တွေ၊ ရေခဲထဲမှာ မြုပ်နှံထားတဲ့ ကျောက်သား အစအန တွေ ပါဝင်ပါတယ်။ အလယ်ဗဟိုမှာ rocky core ရှိတတ်ပါတယ်။ မသန့်ရှင်းတဲ့ snowball တွေလို့ ပြောနိုင်ပါတယ်။ comet တစ်ခုဟာ နေဆီကို ချဉ်းကပ်လာတဲ့ အခါမှာ သူ့ရဲ့ အေးခဲနေတဲ့ ဓါတ်ငွေ့တွေဟာ အခဲ အငွေ့ပျံခြင်း ဖြစ်ပါတယ်။ အဲဒီအငွေ့တွေက အပြင်ကို ပန်းထွက်ပါတယ်။ အဲဒီ ဖြစ်စဉ်ကနေ ပြီးတော့ သူ့ရဲ့ features တွေ ဖြစ်ပေါ်လာတာပါ။ အဲဒီ features တွေကတော့ ရေငွေ့၊ CO2 နဲ့ အခြား ဓါတ်ငွေ့တွေရဲ့ အလင်းပြန် တိမ်တိုက် ဖြစ်တဲ့ coma ၊ အချင်း ကီလိုမီတာ သန်းချီတဲ့ hydrogen cloud ၊ မီးခိုးငွေ့ သာသာ အမှုန် တွေ ပါဝင်ပြီး ကီလိုမီတာ ဆယ် သန်းလောက် ရှည်တဲ့ dust tail နဲ့ ကီလိုမီတာ သန်းရာ နဲချီ ရှည်လျှားပြီး plasma နဲ့ ဓါတ်ငွေ့တွေကို solar wind သက်ရောက်လို့ ဖြစ်ပေါ်လာတဲ့ Ion tail တို့ ပါဝင်ပါတယ်။ ကြည်တံခွန် တစ်ခုရဲ့ ဖွဲ့စည်းပုံကို ပုံမှာ တွေ့နိုင်ပါတယ်။ Ion tail ဟာ အမြဲတမ်း နေနဲ့ ဆန့်ကျင်ရာ ဘက်ကို ဦးတည်ပြီးတော့ dust tail ကတော့ ကြယ်တံခွန်ဟာ မျဉ်းဖြောင့် အတိုင်း ရွေ့လျှားတာ မဟုတ်တဲ့ အတွက် အနည်းငယ် တိမ်းစောင်း ပါတယ်။ အောက်ကပုံမှာ တွေ့နိုင်ပါတယ်။ comet တွေဟာ သူတို့ရဲ့ ကျောက်သား ပါဝင်မှုက လွဲရင် အဓိက ဖွဲ့စည်းထားတဲ့ အရာဟာ ရေနဲ့ ရေခဲ တွေပဲ ဖြစ်ပါတယ်။ အခြား ပါဝင်တဲ့ အရာ တွေကတော့ မီသိန်း၊ အမိုးနီးယား၊ ကာဗွန်ဒိုင် အောက်ဆိုဒ် နဲ့ ကာဗွန် မိုနော့ဆိုဒ် တွေပဲ ဖြစ်ပါတယ်။ စိတ်ဝင်စား စရာ ကောင်းတဲ့ အခြား ပါဝင်မှု တွေကတော့ အော်ဂဲနစ် ဒြပ်ပေါင်း တွေ ပါပဲ။ methanal ( H2CO) ၊ hydrogen cyanide (HCN) ၊ methyl cyanide ( CH3CN) တို့ ဖြစ်ကြ ပါတယ်။ အဲဒီ အရာတွေဟာ astrochemists တွေကို စိတ်ဝင် စားစေ သလို astrobiologists တွေ အတွက်လည်း အကြီး အကျယ် စိတ်ဝင် စားစေ ပါတယ်။ ကမ္ဘာပေါ်မှာ အသက်ဇီဝ ဟာ ဘယ်ကနေ စပြီး ပေါ်လာတာလည်း ဆိုတာကို စဉ်းစားရင် comet တွေဟာ အရေးကြီး တဲ့ အခန်းမှာ ပါဝင်နေ ပါတယ်။ ကလိုရိုဖီးလ် ပါဝင်လို့ အပင်ရဲ့ အရွက်က စိမ်းပြီးတော့ ဟေမိုကလိုဗင် ပါဝင်လို့ သတ္တဝါတွေရဲ့ သွေးက နီပါတယ်။ ဒီကွဲလွဲချက်လေးက လွဲရင် အပင်နဲ့ သတ္တဝါ ရဲ့ အခြေခံ တည်ဆောက်မှုဟာ အော်ဂဲနစ် ဒြပ်ပေါင်း ဆိုတဲ့ ဟိုက်ဒရို ကာဗွန် တွေ ချည့်ပါပဲ။ အဲဒီလို အရေးကြီး တဲ့ ဒြပ်ပေါင်းတွေ ကြယ်တံခွန် မှာ ပါနေခြင်းဟာ ကြယ်တံခွန် တွေက ကမ္ဘာမြေကြီးကို အသက်ဇီဝ သယ်ဆောင် လာပေးခဲ့တာ ဆိုတဲ့ အဆိုကို အများကြီး အထောက် အကူ ပေးပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၅၀၀ နဲ့ ၄၅၀၀ အကြားမှာ ကြယ်တံခွန်တွေနဲ့ ဥက္ကာပျံတွေ ကမ္ဘာမြေကြီးကို ဝင်တိုက်ခဲ့ နိုင်ပါတယ်။ အဲဒီကနေ ရေနဲ့ အော်ဂဲနစ် ဒြပ်ပေါင်းတွေ ရောက် ရှိ ခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ (ကမ္ဘာဟာ နေအဖွဲ့ အစည်းရဲ့ အတွင်းပိုင်းမှာ ရှိနေတဲ့ အတွက် လေးလံတဲ့ ပစ္စည်းများနဲ့သာ ဖွဲ့စည်းနိုင်ပြီးတော့ ရေလို ပေါ့ပါးတဲ့ အရာဟာ မူလက ရှိ မနေနိုင် လို့ ယူဆမိပါတယ်)။ Fred Hoyle နဲ့ Chandra Wickramasinghe တို့လို researchers တွေရဲ့ အမြင် အရ ကမ္ဘာကို ကြယ်တံခွန်တွေ ဝင် ရောက် တိုက်မိခြင်းဟာ အသက်ဇီဝကို မျိုးစေ့ ချပေးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အခု အချိန်မှာတောင် ကြယ်တံခွန်ရဲ့ အမြီးကို ကမ္ဘာက ဖြတ်သန်းမိတဲ့ အခါ ကမ္ဘာမှာ ကူးစက်ရောဂါ ပိုမို ဖြစ်ပွား ခြင်း ဟာ ကြယ်တံခွန် တွေရဲ့ သက်ရှိများ အပေါ်မှာ သက်ရောက်ခြင်းကို သက်သေပြတာ လို့ ဆိုပါတယ်။ အဲဒီလိုသာ အသက်ဇီဝဟာ ကြယ်တံခွန် တွေက သယ်လာပေးခဲ့တာ ဆိုရင် ကျနော်တို့ အသက်ဇီဝ တွေရဲ့ မူလ အစက ဘယ်မှာပါလဲ။ အဲဒီလို စဉ်းစား လိုက်ရင် ကြယ်တံခွန် တွေရဲ့ အကြောင်းက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ ဆက်ပြီး ဆွေးနွေးပါမယ် ခင်ဗျာ။

Tuesday, November 11, 2008

တွင်းနက် (Black Hole) - ၎

3 comments

Quasar

Quasar တွေဟာ စကြာဝဠာထဲမှာ အပူပြင်းဆုံး၊ အတောက်ပဆုံး အရာတွေဖြစ်တယ်လို့ ဆိုပါတယ်..။ ကွေဆာ တွေရဲ့ တောက်ပမှုဟာ နဂါးငွေ့တန်း ဂလက်ဆီတစ်ခုလုံး ထက် အဆပေါင်း ၃၀၀၀၀ ခန့်ပိုပါတယ်..။ သူတို့ဟာ ကျနော်တို့နဲ့ ဝေးလံလွန်းတဲ့ နေရာတွေမှာ ရှိနေကြပြီးတော့ ကျနော်တို့နဲ့ ဝေးရာကို အလွန်လျှင်မြန်တဲ့ နှုန်းထားနဲ့ ရွေ့လျှား နေကြပါတယ်..။ ပညာရှင် တွေရဲ့ ခန့်မှန်းချက် အရ ကွေဆာ တွေဟာ ကျနော် တို့နဲ့ အလင်းနှစ် 12 billion လောက် အကွာမှာ ရှိကြ ပါတယ်တဲ့..။ အဲဒီလောက် အကွာ အဝေးက အလင်း ကို ကျနော်တို့ ဆီကနေ ရနိုင်တာ ဟာ သူတို့ဟာ သိပ်ကို တောက်ပ လွန်းလို့ ဖြစ်ပါတယ်..။ ဘာကြောင့် ဒီလောက် တောက်ပ နေရတာလဲ လို့ အဖြေရှာ တဲ့ အခါ သူတို့ဟာ ဂလက်ဆီ တစ်ခုလုံးစာလောက် ရှိတဲ့ ကြယ်တွေကို ကျနော်တို့ နေ အဖွဲ့ အစည်း ထက် သေးတဲ့ ဧရိယာ အတွင်းမှာ စုဝေး နေလို့ ဖြစ်ပါ တယ်တဲ့။ ဒီလောက်တောင် ဝေးတဲ့ နေရာက အရာဝတ္ထု တစ်ခုကို အဲလောက် အရွယ်အစားပဲ ရှိတယ်လို့ ဘယ်လိုများ ဆုံးဖြတ် လိုက်ကြ တာပါလဲ။ ပညာရှင် တွေက အဲလို ဝေးကွာလှတဲ့ အလင်းလွှတ် ဝတ္ထု တစ်ခု ရဲ့ အရွယ်အစားကို သူတို့ရဲ့ flash duration နဲ့ တိုင်းတာ ပါတယ်တဲ့။ သူတို့ရဲ့ အလင်းတွေ ကျနော် တို့ဆီကို လာတဲ့အခါ တစ်ချိန် တည်းမှာ ထွက်လာတာ ပေမယ့် မတူညီတဲ့ အချိန်တွေနဲ့ ရောက်လာ တာပါ။ ပုံမှာ ပြထား သလို အလင်း ထွက်လာတဲ့ အခါ ရှေ့ မျက်နှာပြင်၊ အလယ် ဗဟို နဲ့ နောက် မျက်နှာပြင် တွေက အလင်းတွေ ကျနော်တို့ ဆီကို ရောက်လာ ဖို့ဟာ တစ်ခုနဲ့ တစ်ခု one week စီလောက် ခြားပြီးမှ ရောက်ပါတယ်။ ကျနော်တို့နဲ အနီးဆုံး မျက်နှာပြင် အလင်းက အတောက်ပ ဆုံးဖြစ်ပြီး ဝေးရင် မှိန်သွားပါတယ်။ တစ်ချိန်ထဲမှာ ထွက်လာတဲ့ အလင်းတွေက နှစ်ပါတ်လောက် ကာလ အတွင်းမှာ ဖြန့်ပြီး ရောက်လာတဲ့ အတွက် အဲဒီ အရာဝတ္ထုရဲ့ flash duration ဟာ နှစ်ပါတ် ဖြစ်ပါတယ်တဲ့။ အလင်းနှစ်ပါတ်စာ သွားတဲ့ အကွာအဝေးဟာ သူ့ရဲ့ အချင်းပါပဲတဲ့။ ၂၀၀၆ ခုနှစ် မေလ ၂၄ ရက်နေ့က Hubble space telescope ကနေ ကွေဆာ ငါးခုတွဲ မြင်ခဲ့ ရပါတယ်။ Hubble telescope ကနေ ရိုက်ကူးခဲ့တဲ့ ပုံကို ဘေးမှာ ပြထား ပါတယ်။ တကယ်တော့ ကွေဆာက တစ်ခုတည်းပါ။ ငါးမွှာ မြင်ရတဲ့ ကိစ္စက ကြားထဲမှာ Gravitational Lens တစ်ခု ခံသွားလို့ ဖြစ်ပါတယ်တဲ့။ ဘယ်လို Lens မျိုးပါလဲ။ အဖြေ ရှာကြတဲ့ အခါ black hole ရှိကြောင်း သက်သေ ပြစရာ ဖြစ်လာ ပါတယ်..။

အောက်မှာ ပြထားတဲ့ ပုံကို ကြည့်မယ် ဆိုရင် ကွေဆာ တစ်ခုတည်းကို ဘာကြောင့် အစုလိုက် မြင်ရတယ် ဆိုတာ ရှင်းသွားမှာပါ။
ပုံ နံပါတ် ၁ မှာ ကွေဆာဆီက အလင်းရောင် ကို ကမ္ဘာက ရတဲ့ပုံပါ..။ အဲဒီကွေဆာနဲ့ ကမ္ဘာနဲ့ ကြားကို ကြီးမားတဲ့ အရာဝတ္ထုတစ်ခု ၀င်လာတဲ့ အချိန်မှာ အလင်းဟာ ကွေ့ယိုင်သွားပါတယ် (ပုံ နံပါတ်၂ ) ။ အလင်းဟာ ဒီအရ၀တ္ထုကို ဖောက်ထွင်းမသွားနိုင်ပေမယ့် normal မဟုတ်တဲ့ magnetic field တွေကြောင့် အဲဒီအရာဝတ္ထုရဲ့ ဘေးကနေ လျှံပြီး ကျနော်တို့ဆီက မြင်ရပါတယ် (ပုံ နံပါတ်၃)။ အရာဝတ္ထုမှာ အတွင်းဘက်ကို ၀ဲလှည့်နေတဲ့ အားလမ်းကြောင်းတွေရှိပါတယ် (ပုံ နံပါတ်၎) ။ အဲဒီအရာဝတ္ထုရဲ့ ကြီးမားလှတဲ့ gravity နဲ့ electromagnetic field တွေကြောင့် အလင်းရောင် ဟာ အဲဒီ ဆွဲငင်အားတွေရဲ့ သက်ရောက်မှုတွေနဲ့ လမ်းကြောင်းတွေခွဲပြီး ကမ္ဘာပေါ်ကို ကျရောက်ပါတယ် (ပုံနံပါတ် ၅)။ ရလာဒ်အနေနဲ့ ကတော့ ကွေဆာတစ်ခုထဲ ကွေဆာ အစုလိုက် အဖြစ်မြင်ခဲ့ရတာပါပဲံ.။ အောက်မှာ ပြထားတာက ကျနော်တို့ ကမ္ဘာကနေ မြင်ရတဲ့ ပုံပါ (ပုံနံပါတ် ၆)။ အဲဒီလို ကြားထဲက ဝင်လာတဲ့ အရာဟာ black hole ဖြစ်ပါတယ်တဲ့ ခင်ဗျာ။

ကျမ်းကိုး

၁။ http://www.daviddarling.info/encylopedia
၂။ http://cass.ucsd.edu
၃။ http://www.cosmiclight.com
၎။ http://www.nasa.gov
၅။ BBC Discovery, Space
၆။ http://www.wikipedia.org
၇။ Encarta Encyclopedia premium 2006

Friday, November 7, 2008

တွင်းနက် (Black Hole) - ၃

6 comments
black hole နဲ့ပါတ်သတ်ပြီး စိတ်ဝင်စားလာကြတာကတော့.. Big Bang and Big Crunch Theory ကစမယ်လို့ ထင်ပါတယ်..။ စကြာဝဠာကြီးရှိနေတာကို သိခဲ့ကြပါပြီ..။ ဒီစကြာဝဠာကြီး ဘယ်လို အစပြုခဲ့တယ်.၊ ဘယ်လိုအဆုံးသတ်မယ်ဆိုတာကို ပညာရှင်တွေက ဖြေရှင်းဖို့ ကြိုးစားကြပါတယ်..။ သူတို့ရဲ့ ကြိုးစားမှုတွေဟာ How? ဆိုတဲ့ မေးခွန်းကို ဖြေနိုင် ကောင်း ဖြေနိုင် ကြပေမယ့် Why? ဆိုတဲ့ မေးခွန်း ကိုတော့ ဘယ်သူမှ မဖြေနိုင် ကြပါဘူး..။ How? ဆိုတဲ့ မေးခွန်းကို ဖြေကြတဲ့ အဖြေ တွေမှာတော့ အများဆုံး လက်ခံကြတာ Big Bang Theory ပါ..။ အဲဒီ သီအိုရီက ယုတ္တိ တန်တဲ့ သက်သေ ပြချက်တွေ ပေးနိုင်လို့ ဖြစ်ပါတယ်..။ တယ်လီစကုပ် တွေနဲ့ ကျနော်တို့ မြင်နေ ကြရတဲ့ ကြယ်စုတိုင်း လိုလိုဟာ သူ့တို့ အချင်းချင်း ဝေးကွာ နေကြ သလို ကျနော်တို့ ဆီကလည်း ဝေးရာကို သွားနေ ကြပါတယ်..။ (အင်ဒရိုမီးဒါး ကြယ်စု ကတော့ ကျနော် တို့ဆီကို လာနေ ပါတယ်)..။ မေးစရာ မေးခွန်း တစ်ခု ရှိပါတယ်..။ သူတို့ဆီက အလင်းရောင် ကျနော်တို့ ဆီ ရောက်ဖို့ နှစ် သန်းချီ ကြာတဲ့ ကြယ်စုတွေ ကျနော်တို့ ဆီကနေ ဝေးကွာ သွားတယ်လို့ ဘယ်လို လုပ်ပြီး သိနိုင်တာပါလဲ..။ ပညာရှင် တွေက ဒီလို ဖြေရှင်းတာပါ..။ ကျနော်တို့ ဆီကနေ ဝေးသွားတဲ့ ကြယ်စု တွေ ဆီက လာတဲ့ အလင်းတွေ အတွက် လမ်းကြောင်းက သူတို့ လာနေရင်း ကိုပဲ ရှည်.. ရှည် သွားပါတယ်..။ သူတို့ စထွက်တဲ့ အချိန်နဲ့ ကျနော်တို့ဆီ ရောက်လာတဲ့ အချိန်အတွင်း ကြားမှာ အကွာအဝေးက အများကြီး ပြောင်းလဲ သွားပြီကိုး..။ အဲလိုဆိုတော့ အလင်းရောင်ဟာ ဆွဲဆန့်ခြင်း ခံရပါတယ်..။ အလင်းရဲ့ လှိုင်းအလျှား ပိုရှည် သွားတာပါ..။ လှိုင်းအလျှား 600 nano meter ရှိရမယ့် အလင်းက 700 nm နီးပါး ဖြစ်ပြီး အနီရောင် သမ်း သွားပါတယ်..။ ( အလင်းဖြူ (day light) ထက် အနီရောင်က လှိုင်းအလျှား ပိုရှည်ပါတယ်။) အဲဒီဖြစ်စဉ်ကို အနီဘက် အရွေ့ (red shift) လို့ ခေါ်ပါတယ်..။ တကယ်လို့ ကြယ်စု တွေက ကျနော်တို့ ဆီကို လာနေတယ် ဆိုရင် အချိန်နဲ့ အမျှ အကွာ အဝေးက တိုသွားမှာ ဖြစ်တော့ ကြားထဲက အလင်း ရောင်ဟာ compress လုပ်ခြင်း ခံရ ပါမယ်။ အဲဒါ ဆိုရင် နဂို ကထက် လှိုင်းအလျှား ပိုတို သွားပြီး အပြာရောင် သန်းသွား ပါမယ်..။ အပြာဘက် အရွေ့ (blue shift) လို့ သတ်မှတ် ပါတယ်..။ Doppler effect ဖြစ်ပါတယ်။ ဘေးက ပုံကို ကြည့်လိုက် ရင် ရှင်းသွားမယ် ထင်ပါတယ်။ မရှင်းရင် comment ရေးပြီး မေးစေ ချင်ပါတယ်။ ကြယ်စု အားလုံးလိုလို ရဲ့ အလင်း တွေဟာ အနီဘက်အရွေ့ (red shift) ဖြစ်နေကြပါတယ်တဲ့..။ ဆိုလိုတာ ကတော့ ကျနော်တို့ စကြာဝဠာ ကြီးဟာ ပြန့်ကား နေပါတယ် တဲ့ဗျာ..။ ကျယ်ပြန့်လာနေတဲ့ အချက်ကနေ စဉ်းစားလိုက်ရင် အရင်က တစ်စုတစ်ဝေးထဲ ရှိနေပြီး ပေါက်ကွဲမှု ကြီးတစ်ခု ကြောင့် အဘက်ဘက် ကို လွင့်ထွက် လာကြ ခြင်းလို့ ကောက်ချက်ဆွဲလို့ ရပါတယ်..။ (အမှန်တော့ ဒီထက်ပိုတဲ့ သက်သေပြချက်တွေ ရှိပါတယ်..။ ကျနော် စာအုပ် ပြန်ဖတ်ရမှာ ပျင်းနေလို့.. :P ) ဆိုပါတော့.. မဟာပေါက်ကွဲမှုကြီး ကနေစတယ်ပေါ့..။ ဒါဆိုရင် ကျနော်တို့ စကြာဝဠာကြီးဟာ ဒီလိုပဲ အဆုံး အစမရှိ ပြန့်ကား သွားတော့ မှာလား..။ နောက်ဆုံးမှာ ဘာဖြစ်မလဲ..။ ဒီလို မေးခွန်းတွေ ပေါ်လာ ပါတယ်..။ ဖြစ်နိုင်ခြေက သုံးခု ရှိပါတယ်..။ တစ်ခုက အဆုံး အစမရှိ ပြန့်ကား သွားပြီး တဖြည်းဖြည်း ဝေးကွာ လာကြ ပြီးတော့ စွမ်းအင် တွေလည်း လျှော့ပါး ပျောက်ဆုံး ပြီးတော့ မဲမှောင်နေတဲ့ ဟင်းလင်းပြင်ကြီးထဲမှာ အေးစက်စက်နဲ့ အသက်မရှိတဲ့ အစိုင်အခဲ တွေအဖြစ်နဲ့ အဆုံးသတ် ပါလိမ့်မယ်..။ နောက်တစ်မျိုး ကတော့ မမြင်နိုင်တဲ့ dark energy တွေရဲ့ သက်ရောက် မှုကြောင့် ဂလက်ဆီ တွေဟာ တခုနဲ့ တခု အကွာအဝေး ကို မထိမ်း သိမ်းနိုင်ပဲ တစ်ခုနဲ့ တစ်ခု ဝေးကွာ သွားသလို ဂလက်ဆီ ကိုယ်တိုင်မှာ လဲ သူ့ကိုယ်သူ ဆက်ပြီး တည်မြဲအောင် မထိမ်းသိမ်းနိုင်ပဲ ကြယ်တွေ ဂြိုဟ်တွေ တစ်စစီ ကွဲထွက်ပြီး အက်တမ် တွေတောင် ပြိုပျက်ပြီး ဘာမှ မကျန်တော့တဲ့ အထိ ကွဲပျက် ပျောက်ကွယ်သွားပါ လိမ့်မယ်တဲ့ (၂၀၀၃ ခုနှစ်မှ ထွက်တဲ့ hypothesis ပါ)။ တစ်ခြား ဖြစ်နိုင်ချေ တစ်ခုကတော့ အခုလို ပြန့်ကားနေတဲ့ အရှိန်ဟာ ဒြပ်ဆွဲအားကြောင့် တဖြည်းဖြည်း အရှိန်သေပြီး နောက်ဆုံး ရပ်တန့် သွားပါ လိမ့်မယ်..။ အဲလို ရပ်တန့် သွားပြီးနောက် တဖြည်း ဖြည်းချင်း ပြန်လည် ဆွဲငင်ပြီး နောက်ဆုံးမှာ black hole ရဲ့ core လိုပဲ singularity အဖြစ် ပြန်လည် ပူးပေါင်းပါလိမ့်မယ်..။ အဲဒီနောက် မဟာပေါက်ကွဲမှုကြီး တစ်ဖန်ပြန်ဖြစ်ပါလိမ့်မယ်..။ အဲဒီလို မဟာ စုစည်းမှုကြီးကို Big Crunch လို့ ခေါ်ပါတယ်။ အပေါ်က ပြောထား သလို ယူဆချက် သုံးမျိုး ရှိပါတယ်။ Big Crunch, Indefinite Expension (Big Freeze) နဲ့ Big Rip တို့ ဖြစ်ပြီး ပုံမှာ ပြထားပါတယ်။ Big Crunch က သဘာဝ ကျတယ်လို့ အများက စဉ်းစား ကြပါတယ်..။ ဒါပေမယ့် အဲဒီလို မဟာ စုစည်း မှုကြီး ဖြစ်ဖို့က လုံလောက်တဲ့ matter မရှိပါဘူး..။ ကြယ်စု တွေဟာ တစ်ခုနဲ့ တစ်ခု ဝေးကွာ လွန်းပြီး ကြယ်စု ထဲက ဂြိုဟ်တွေ ကြယ်တွေရဲ့ ဒြပ်သား စုစုပေါင်း ဟာလည်း နည်းလွန်း ပါတယ်။ စတီဖင် ဟော့ဖ်ကင်းက ဆိုပါတယ်။ စကြာဝဠာ ထဲက ဒြပ်သား အားလုံးရဲ့ ၉၀% ဟာ မမြင်နိုင်တဲ့ dark matter တွေလို့ ဆိုပါ တယ်ဗျာ..။ အဲလို ဆိုရင်တော့ မဟာ စုစည်းမှု ကြီးဖြစ်ဖို့ လုံလောက်တဲ့ ပမာဏပါပဲ..။ black hole ဆိုတာလဲ dark matter ထဲမှာ ပါတော့ ၀ိုင်းပြီး စိတ်ဝင်စား ခံရတယ်လို့ ထင်ပါတယ်..။
black hole တွေ ရှိနေတယ်ဆိုတာကတော့ ဟုတ်ပါပြီ..။ ဒီ black hole တွေ ရှိနေကြောင်း ဘယ်လို သက်သေ ပြကြသလဲ..။ သူ့ဆီကနေ အလင်းရောင် တောင် လွတ်ထွက် မလာနိုင်လို့ မမြင်ရတဲ့ မဲမှောင်မှောင် အရာဝတ္ထု ကြီး ရှိနေကြောင်း သက်သေ ပြကြ တာလည်း စိတ်ဝင်စား စရာပါ..။ ပညာရှင်တွေက x-rays telescope တွေနဲ့ သက်သေ ပြကြပါတယ်..။ စကြာဝဠာ ထဲမှာ x-rays emitter object တွေ အများအပြား ရှိကြပါတယ်..။ ဒါပေမယ့် အင်အား ပျော့တော့ တခြား ဂလက်ဆီ တွေက x-rays တွေကို detect မလုပ်နိုင် ပါဘူး..။ တခြား ဂလက်ဆီက x-rays တွေကို detect လုပ်လို့ ရခဲ့ ရင်တော့ ဒါဟာ အင်မတန် အင်အား ကောင်းတဲ့ source ဖြစ်နေ လို့ပါတဲ့..။ တခြား ဂလက်ဆီက x-rays တွေကို detect လုပ်လို့ ရကြ ပါတယ်..။ ပညာရှင် တွေ ရှင်းပြ တာကတော့ အဲဒီ ဂလက်ဆီ တွေမှာ ရှိနေတဲ့ galatic black hole တွေကြောင့် ဖြစ်ပါ တယ်တဲ့..။ (galactic black hole ဆိုတာ galaxy အလယ်က အင်မတန် ကြီးမားတဲ့ black hole ကြီး တွေဖြစ်ပါတယ်..။ ဒီအကြောင်းကို ပြီးရင် သက်သက် ရှင်းပြပါ့မယ်..)။ အဲဒီ black hole ကြီးတွေဟာ ကျနော်တို့ နေထက် အဆပေါင်း သန်းရာ၊ ထောင် ချီပြီး သိပ်သည်း ကြပါတယ်..။ အင်မတန် ကြီးမား ပြင်းထန်တဲ့ gravitational နဲ့ magnetic fields တွေရှိကြပါတယ်..။ ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာဝတ္ထု တွေဟာ အတွင်းဘက်ကို လျှင်မြန်တဲ့ နှုန်းနဲ့ ၀ဲလှဲ့ပြီး ၀င်နေ ကြပါတယ်..။ အဲဒီ အရာဝတ္ထုတွေက ဓါတ်ငွေ့နဲ့ ဖုန်တိုက် တွေရဲ့ ပွတ်တိုက် မှု ကြောင့် ထွက်လာတဲ့ အပူဟာ x-rays ကို ဖြစ်စေ ပါတယ်..။ နောက်ပြီး တော့ ပွတ်တိုက်မှု ကြောင့် အက်တမ် တွေကနေ ဖဲ့ခြွေ ခံရတဲ့ electron တွေဟာလည်း ၀ဲလှဲ့ တဲ့ ထဲမှာ ပါဝင် ပါတယ်..။ ဒီelectron တွေရဲ့ ရွေ့လျှားမှု က နေပြီး တော့လည်း ပြင်းထန်တဲ့ x-rays ကို ရရှိ စေပါတယ်..။ x-rays telecope ကနေ အဲဒီ x-rays တွေကို ခြေရာ ခံပြီး black hole တွေ ရှိကြောင်း ကို သက်သေ ပြပါတယ်တဲ့..။ နောက်တစ်ခု က Quasar ပါ..။ ဝေးလံတဲ့ နေရာမှာ ရှိနေပေမယ့် အင်မတန် တောက်ပတဲ့ အရာဝတ္ထု တွေ ဖြစ်ပါတယ်..။ သူတို့ကို သုံးပြီး black hole ကို သက်သေ ပြတာလည်း ရှိပါတယ်..။ ဆက်လက် ဆွေးနွေး ပါ့မယ်..။

Wednesday, November 5, 2008

ကို အလှတရားသို့ (black hole အကြောင်း ရှင်းလင်းချက်)

5 comments

comment မှာ ကို အလှတရား မေးထားတာကို comment အနေနဲ့ ပြန်ရှင်းပြဖို့ အဆင် မပြေတဲ့ အတွက် ပို့စ် တင်လိုက်တာပါ။ အခြား စာဖတ်သူတွေပါ မြင်နိုင်ဖို့ ဖြစ်ပါတယ်။ ကို အလှတရား မေးထားတာလေးတွေကို အရင် ဖတ်ပြီး ကျနော် ဖြေထားတာလေးတွေကို ဝေဖန်ပေးပါ၊ ဘဝင်မကျတာ၊ မှားနေတာ လေးတွေကို ထောက်ပြပေးပါဗျာ။ စာဖတ်သူများ အားလုံး ကျနော် ဖြေပေးထားတာကို ဝေဖန်ပေးစေ လိုပါတယ်။

ကိုခွန်းရေ ၁) နူကလီးယား ပေါက်ကွဲမှုဖြစ်စဉ်တွေကနေ နောက်ဆုံး တွင်းနက် ဖြစ်တယ်လို့ နားလည်ပါတယ်။ ၂)နူကလီးယား ဖြစ်စဉ်ဆိုတာကို ကျနော် သိတာက e=mc2(square)ပါ။ အီလက်ထရွန်တွေ ထုတ်လွှတ်တဲ့ အတွက် (mass )နဲ့ (acceleration နှစ်ထပ်ကိန်း) မြှောက်တဲ့ စွမ်းအင်ပဲလို့ သဘောပေါက် ထားပါတယ်။ (ဒီလိုနားလည်ထားတဲ့ အတွက်ပဲ နံပါတ်၎ မေးခွန်းက ဖြစ်လာရတာပါ။ ဒါကြောင့် ဒီနံပါတ်၂ မှာ ကျနော်သိထားတဲ့ အသိဟာ မလုံလောက်ဘူး လား လို့ စဉ်းစားမိပါတယ်။) ၃)fate of supergiant ဟာ supernova ။ fate of supernova ကတော့ neutron star or black hole/လို့နားလည်ရပါတယ်။ ၄) တွင်းနက် (black hole) တွေမှာ နူထရွန် အဆင့်ထက် ကျော်လွန်တဲ့ ဖြစ်စဉ်တွေရှိတာ ကို မမှန်းဆ တတ်ပါဘူး။ (နူထရွန် (neutron star) အဆင့်မှာ ကတည်းက နူကလီးယား ဖြစ်စဉ် ဘယ်လို ဆက်ဖြစ်သလဲ ဆိုတာကို သဘော မပေါက်တာပါ။နူထရွန်နဲ့ ဟို equation ကို မဆက်စပ်တော့ပဲ ခေါင်းရှူပ် သွားပါတယ်။ ၂ မှာရေးခဲ့သလို ပါပဲ။ equation ပြောင်းလဲမှု ရှိလား ဒီတိုင်းပဲလား သဘော မပေါက်တာပါ) ၅)ဒီနေရာမှာ စကြာဝဠာဟာ မျဉ်းကွေး အတိုင်း ရှိသည် ဆိုတဲ့ ရီလေတီဗီတီနဲ့ တွင်းနက် ခရီး သွားလာရေးကို နည်းနည်း ထပ်ရှင်း ပေးပါဦး။ ပုံထဲမှာ အချုပ်လောက် ပြထားတော့ စိတ် ၀င်စား မိပါတယ်။ ၆)တွင်းနက် သဘောတရားဟာ ခိုင်ခိုင်မာမာ မသိရသေးတဲ့ သီအိုရီတစ်ခုများလား? ဒါကတော့ မေးခွန်း မဟုတ်ပါဘူး။ တွေးမိတာပါ။ ကိုခွန်းရေ ကျနော့်ရဲ့ နားလည်မှုမလုံလောက်တဲ့ အတွက် မေးခွန်းတွေမေးသွားတာကို စိတ်မရှိပါနဲ့။ (မေးခွန်းတွေက ရယ်စရာများ ဖြစ်နေမလားပဲ) အားထုတ်မှုကို အမြဲ အသိအမှတ်ပြုပါတယ်။ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီလိုရေးသားဖို့ ဆိုတာ။ သပ်သပ်ရပ်ရပ်နဲ့လည်း ရေးတတ်တယ်။ ပိုစ့်တိုတိုလေးမှာ ခြုံ့ရေးရတာ မလွယ်ပါဘူး။ ဒီ့ထက် ပိုပြည့်ပြည့် စုံစုံလေး ရေးနိုင်ရင် (အခြေခံ လေးတွေကို နည်းနည်းပါးပါး သာမန် လူနားလည် အောင် ပိုပြီးရေးနိုင်ရင်) ကျနော့် အတွက်တော့ ပိုကောင်းမယ်ဗျ။ ဒါပေမဲ့ ခုအတိုင်းလဲ ကောင်းတဲ့ ပိုစ့် ဆိုတာကို ငြင်းလို့ မရပါဘူး။ အဆင်ပြေပါစေဗျာ။

မင်္ဂလာပါ ကိုအလှတရား ရေ။ ကွန့်ပေးသွားတာ အများကြီး ကျေးဇူး တင်ပါတယ်။
မေးသွားတာ လေးတွေ အရမ်း ကောင်းပါတယ်။ အများစု စိတ်ထဲမှာ မရှင်းပဲ ဖြစ်နေနိုင်တဲ့ အချက် လေးတွေ ကို ရွေးပြီး မေးသွားတာ ဖြစ်တဲ့ အတွက် တော်တော် ကောင်းပါတယ်။
မေးခွန်းတွေကို ဖြေရမယ် ဆိုရင်
(၁) nuclear ပေါက်ကွဲမှု ဖြစ်စဉ် ဆိုတာ ထက် nuclear fusion ဖြစ်စဉ် လို့ ပြောရမှာပါ။ fission နဲ့ fusion က မတူပါဘူး။ atomic number ကြီးတဲ့ ဒြပ်စဉ် ( ရေဒီယံ၊ ယူရေနီယံ) တို့လို ဟာတွေ ကွဲ ထွက်ပြီး စွမ်းအင် ထွက်တာက fission ဖြစ် ပြီးတော့ atomic number ငယ်တဲ့ ဒြပ်စဉ် (ဟိုက်ဒရိုဂျင်) တွေ ပေါင်းစပ် ပြီး စွမ်းအင် ထွက်လာ တာက fusion ပါ။ ကြယ်တွေ စွမ်းအင် ပေးတဲ့ နည်းလမ်းက fusion ပါ။ အဲဒီ တော့ black hole ဖြစ်စဉ် တစ်လျှောက် လုံးမှာ fusion ဖြစ်စဉ် တွေပဲ ဖြစ်ပါတယ်။ အီကွေးရှင်းက တော့ အရင် ပို့စ် မှာ ပြထားပါတယ်ဗျာ။
(၂) e = mc2 က ဒြပ်နဲ့ စွမ်းအင်ရဲ့ ဆက်စပ်ချက်ပါ။ ဒြပ်ကို စွမ်းအင် အဖြစ် ပြောင်းရင် ရနိုင်မယ့် စွမ်းအင် ပမာဏကို အဲပုံသေ နည်းနဲ့ ရှာယူ နိုင်ပါတယ်။
(၃) ကို အလှတရား ပြော တဲ့ အတိုင်း မှန်ပါတယ်။ အရင်ပို့စ်က ပုံမှာ ကြည့် လိုက်ရင် ပိုပြီး ရှင်းသွားပါ လိမ့်မယ်။
(၄) အမှန်တော့ neutron အဆင့်မှာ ကတည်းက nuclear fusion မဟုတ်တော့ပါဘူး။ ဒြပ်ဆွဲအားပါ။ proton က + ၊ electron က - charge ဆောင်ပါတယ်။ ပါတ်ဝန်းကျင်က အက်တမ်တွေ အားလုံးရဲ့ ဆွဲငင်အား မျှခြေ မှာ အက်တမ် အဖြစ် တည်မြဲ နေနိုင်ပေမယ့် ကြယ်ရဲ့ ဗဟိုက ကြီးမားတဲ့ ဆွဲငင်အား သက်ရောက်လာရင်တော့ ခုနက မျှခြေ ပျက်သွားပါတယ်။ အလယ်ဗဟိုမှာပဲ ပြွတ်သိပ်ပြီး ဒြပ်တွေစုကြ၊ ဒြပ်တွေ များလာလေလေ ဆွဲငင်အား ကောင်းလေလေ၊ အဲဒီအချိန်မှာ အက်တမ် မှာ အပြင်က ပါတ်နေတဲ့ electron ရော ၊ အထဲက ရှိနေတဲ့ proton ရော ခုနက ပြင်းထန်လှတဲ့ ဆွဲငင် အား ရှိတဲ့ နေရာကို ပြေးပြီး ကပ်ပါတယ်။ ဥပမာ ကျနော်တို့ နေအဖွဲ့အစည်း နားကို နေထက် အဆ ၁၀၀ လောက် ကြီးတဲ့ ကြယ်ကြီး တစ်လုံး ရောက်လာ ခဲ့မယ် ဆိုရင် ဂြိုဟ်တွေက နေကို ပါတ်နေတဲ့ စံနစ် ပျက်သွား ပါလိမ့်မယ်။ ဂြိုဟ်တွေရော နေရော အဲဒီ ကြယ်ကြီးထဲကို အကုန် ကျသွားမှာ မို့လို့ပါ။ အဲဒီလိုမျိုး အက်တမ်တွေ ပြိုကျကုန်တဲ့ အခါ neutron star မှာ ဘာ အက်တမ်မှ မရှိတော့ပဲ neutron သီးသန့် နီးပါးလောက်ပဲ ကျန်ပါတော့ တယ်။ အချို့သော protons နဲ့ electron တွေဟာ မတူညီတဲ့ charge တွေကြောင့် neutron အဖြစ် ပေါင်းစည်းပြီး no charge ဖြစ်သွားပါတယ်။ (ဒါက ကျနော့် အယူ အဆပါ။ proton နဲ့ electron အများစု ဘယ်ရောက် သွားလဲ ဆိုတာ ဘယ် မှာမှ ရေးပြ မထားတဲ့ အတွက် ကိုယ့်ဟာကိုယ် ယူဆ လိုက်တာပါ။ မှားနိုင် ပါတယ် ) ။ အဲဒီလိုနဲ့ ကျန်ရှိတဲ့ electron ၊ proton ၊ nuclei နဲ့ neutron တွေရဲ့ ဖွဲ့ စည်းပုံကို ပုံမှာ တွေ့နိုင် ပါတယ်။ အဲဒီ အခြေ အနေကို ရောက်ရင်တော့ ဗဟိုကနေ ဆွဲတဲ့အားနဲ့ သူ့အချင်းချင်း ပြန်ဆွဲတဲ့ အားက မျှခြေကို ပြန်ရောက် သွားတဲ့ အတွက် ဒီအတိုင်း ဆက်ပြီး တည်မြဲ နိုင်ပါတယ်။ တကယ်လို့ ကြယ်ရဲ့ ဒြပ်ထုက သိပ်ကို ကြီးနေခဲ့ရင်တော့ အဲဒီ မျှခြေ မှာ မရှိတော့ပါဘူး။ အကုန်လုံး ဖိသိပ်ပူးကပ်ပြီး တသားတည်း ဖြစ်ကုန်မှာပါ။ ကြံရိုးက လက်နဲ့ညှစ်ရင် ဘာမှ မဖြစ် ပေမယ့် ကြံကြိတ် စက်ထဲ ထည့်ကြိတ် လိုက်ရင် ပြားသွား တာပဲ မဟုတ်လား။ အဲဒီလို တသားတည်း ဖြစ်သွားတာကို singularity လို့ ခေါ်ပြီးတော့ ဒါဟာ black hole ရဲ့ core ပါပဲ။ ဒါတွေနားလည်ဖို့က ရူပဗေဒ အခြေခံတော့ လိုပါတယ်။ ကျနော်လည်း မမှီမကမ်း လိုက်ရှင်းနေရတာဗျို့။ ဝါးတားတားပဲဗျ။ :P
(၅) ဒီကိစ္စက ကျနော်လည်း ရေရေရာရာ မသိဘူးဗျ။ black hole ဆိုတာ ရှိသလို ကြယ်စု အသစ်တွေ ပေါ်ပေါ်လာတဲ့ white hole ဆိုတာလည်း ရှိတယ် လို့ အယူအဆတွေ ရှိပါတယ်။ black hole က စုပ်၊ white hole မှာ ပြန်ပေါ်ပေါ့။ အဲဒီ နှစ်ခုကို ဆက်စပ်ပေးတာက wormhole ပါတဲ့။ သူတို့ hypothesis တွေမှာကျတော့ ကြယ်စုတွေက အဲဒီ လည်ကျဉ်းလေး ထဲကပဲ ဖြတ်ထွက် သလိုလို။ ဒါပေမယ့် လက်ရှိ ရူပဗေဒ စံနဲ့ကျတော့ သိပ်ပြီး ယုတ္တိ မတန်တော့ အများစုက မယုံကြည်ပါဘူး။ စကြာဝဠာက ကွေးနေတယ် ဆိုတဲ့ ကိစ္စကလည်း hypothesis အနေနဲ့ ရှိပါတယ်။ သုံးဖက်တိုင်း Dimension ထဲကနေ ထွက်ပြီး စဉ်းစား ရမယ် ထင်တယ်။ သူတို့ ချထားတဲ့ hypothesis ကို ဘေးကပုံမှာ ပိုပြီး မြင်သာမှာပါ။ ကျနော်တို့ဆီကနေ အလင်းနှစ် သန်းပေါင်းများစွာ ဝေးတယ်ဆိုတဲ့ ကြယ်တွေဆီက အလင်းတွေက ပုံမှာ ပြထားသလို ခေါက်ပြီးတော့ ရောက်လာတယ် လို့ ဆိုပါတယ်။ အဲဒါကြောင့် အလင်းရောင် နဲ့ တိုင်းတာ တဲ့ အခါ နှစ်သန်း ပေါင်း များစွာ ဝေးနေတာ ဖြစ်ပြီး တော့ တကယ် တမ်းက ပုံမှာ ပြထား သလို နီးနီးလေး လို့ ဆိုပါတယ်။ ဘာလို့ ဖြတ်လမ်း ကနေ အဖြောင့် မလာပဲနဲ့ အဲလို ရှည်ရှည် ဝေးဝေး ခေါက်ပြီး လာနေရလဲ ဆိုတာတော့ ဖြေရှင်းချက် မတွေ့မိပါဘူး။ အဲဒီမှာ အလင်းလို မဟုတ်ပဲနဲ့ ဖြတ်လမ်း အနေနဲ့ wormhole ရဲ့ လည်ကျဉ်း ထဲကနေ ဟိုဘက်ကို ချက်ချင်း ရောက်သွား နိုင်တယ်လို့ ဆိုပါတယ်။ ဝက်ဘ်ဆိုဒ် တွေမှာရော စာအုပ်တွေ ထဲမှာရော ရေလည်အောင် ရှင်းပြ ထားတာ မတွေ့မိပါဘူး။ ပရော်ဖက်ဆာ တစ်ယောက်ယောက်ကို မေးမယ် ဆိုရင်လည်း ကျနော် နားမလည်တဲ့ 6 dimension တွေ 8 dimension တွေနဲ့ ရှင်းမှာ ဆိုတော့ ဘာမှ ထူးပြီး သိလာမယ် မထင်ပါ။ လေ့လာလို့ သိလာရင် ချက်ချင်း ပို့စ်တင်ပေးပါ့မယ်ဗျာ။
(၆) အဲဒီ မေးခွန်းနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာကို နောက်ထပ်တင်မယ့် တွင်းနက် (black hole) - ၃ မှာ လာဖတ်ပါခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

Monday, November 3, 2008

တွင်းနက် (Black Hole) - ၂

5 comments
supergiant တွေ ပြိုပျက်တဲ့ အချိန်မှာ ဖြစ်ပေါ် လာတာ ကတော့ supernova ပါ..။ supernova နဲ့ ပါတ်သတ်ပြီး စိတ်ဝင်စားရင် ကြည့်နိုင်တဲ့ animation ကို ဒီနေရာ ကို click ပြီး ကြည့်နိုင်ပါတယ်။ ကျနော်တို့ နေ ထက် အနည်းဆုံး ၈ ဆ လောက်ကြီးတဲ့ ကြယ်ကြီး တွေ ပြိုပျက်လို့ ဖြစ်လာတဲ့ supergiant တွေက စပါတယ်..။ supergiant တွေမှာ အပြင်ဘက် ပိုင်းတွေမှာ ဖြစ်နေ တဲ့ nuclear reaction ဟာ atomic number ငယ်တဲ့ ဒြပ်တွေကို ကြီးတဲ့ ဒြပ်တွေ ဖြစ်လာ အောင် ပြောင်းလဲ ပစ်နေ ပါတယ်..။ nuclear fusion ဖြစ်စဉ် ပါ..။ ဟီလီယမ် ကနေ ကာဗွန်၊ အောက်ဆီဂျင်၊ အိုင်ရွန်း စသည် ဖြင့်ပေါ့..။ သာမာန် redgiant တွေမှာတော့ ကာဗွန် မှာပဲ အဆုံး သတ်တဲ့ အတွက် ကာဗွန်ပဲ ကျန်ပါ တယ်..။ supergiant ကြယ်ကြီး တွေ မှာတော့ iron အဆင့် ရောက်မှ stable ဖြစ်ပါတယ်..။ fusion ဖြစ်စဉ်ဟာ iron ထက်ပိုလေးတဲ့ ဒြပ်တော့ မလုပ်ပေး နိုင်တော့ပါဘူး..။ ဒါနဲ့ iron တွေ ဖြစ်လာတာ များလာ တဲ့အခါ.. သူ့ရဲ့ ဒြပ်ထုကို သူ မနိုင် တော့ပဲ အတွင်း ကို ပြိုကျ ပါတယ်..။ အဲဒီပြိုကျတဲ့ အရှိန်နဲ့ ပေါက်ကွဲ ပါတယ်..။ ပေါက်ကွဲမှု အ ရှိန်ကြောင့် ဖြစ်ပေါ် လာတဲ့ shock wave ဟာ material shell နဲ့အတူ စကြာဝဠာ ထဲကို ပျံ့လွင့် သွားပါတယ်..။ အဲဒီလို ဖြစ်နေတဲ့ ကြယ်ပျက်ကြီးကို supernova လို့ခေါ်ပါတယ်..။ ပေါက်ကွဲမှု တွေကြောင့် အပြင်ကို မှုတ်ထုတ် ခံလိုက်ရတဲ့ ဒြပ်ပစ္စည်း တွေဟာ နောက်ထပ် ကြယ်သစ် တစ်လုံး.. ဒါမှမဟုတ် ဂြိုဟ် တစ်လုံး အဖြစ် ပေါင်းစည်း ကြပါတယ်...။ ဘေးမှာ ပြထား တဲ့ ပုံကတော့ ၁၉၉၄ ခုနှစ်မှ Hubble Space Telescope က တွေ့ခဲ့တဲ့ Supernova 1987 A ရဲ့ ပုံ ဖြစ်ပါ တယ်..။ supernova တစ်ခုဟာ သူ့ရဲ့ အပြင်လွှာ တွေ အတွင်း ဘက်ကို ပြိုပြို ကျရာ ကနေ နောက်ဆုံး မှာ အလယ်က core မှာ အင်အား ကောင်းတဲ့ ဆွဲငင်အားကို ဖြစ်စေ ပါတယ်..။ mass က ပိုပို ကြီးလာ တဲ့အခါ gravity က ပိုပို များလာတဲ့ သဘော ပါ..။ ဒီလို အနေအထား ရှိလာတဲ့ supernova မှာ ဆက်ဖြစ် လာနိုင်စရာ အလားအလာ နှစ်ခု ရှိပါတယ်..။


Neutron star

neutron star ဖြစ်လာမယ့်ကြယ်ဟာ အစက supernova ရဲ့ core ဖြစ်ခဲ့ပါတယ်..။ အပြင်လွှာတွေဟာ nuclear fusion ဖြစ်စဉ် ကြောင့် လေးလံတဲ့ matreial တွေ အဖြစ်ကို ပြောင်းလဲ ပြီးတော့ အတွင်းဘက် ကို ပြိုပြို ကျရာ ကနေ တဖြည်းဖြည်း ပိုမို သိပ်သည်း လာပါ တယ်..။ သိပ်သည်း မှုကြောင့် ဆွဲငင်အား ပိုကြီး လာပြီး တော့ သူ့မှာရှိတဲ့ အက်တမ် တွေဟာ အက်တမ် အဖြစ် မတည်မြဲ နိုင်တော့ပဲ.. ပရိုတွန် နဲ့ အီလက်ထရွန် တွေအဖြစ် ပြိုကွဲ ကုန်ပါတယ်..။ ဒါတင်မရပ်သေးပဲ အဲဒီ ပရိုတွန် နဲ့ အီလက်ထရွန် တွေကို ပေါင်းစပ် ပြီး နယူထရွန် ဘ၀ကို ပြောင်း ပစ်လိုက်ပါတယ်..။ အဲဒီကြယ်မှာ နောက်ဆုံး ကျန်ခဲ့ တာ ကတော့ neutron တွေပဲ ဖြစ်ပါ တယ်..။ သိပ်သည်း ဆ အရမ်း ကြီးလွန်း လို့ အဲဒီကြယ်က material လက်ဖက်ရည် တစ်ဇွန်းစာ ဟာ ကမ္ဘာပေါ်မှာ တန်ပေါင်း များစွာလေးပါ လိမ့်မယ်တဲ့..။ ကမ္ဘာက တစ်ပါတ် လည်ဖို့ ၂၄နာရီ ကြာပေမယ့် neutron star တွေကတော့ တစက္ကန့် မှာကိုပဲ အပါတ်ပေါင်း ၃၀ လောက် လည်ပစ် နေတာပါ..။ အရမ်း မြန်လွန်း တော့ သူ့ဆီ ကနေ signal တွေ ထွက်ပါတယ်..။ ဒါကြောင့် neutron star ကို pulsar လို့လည်း ခေါ်ကြ ပါတယ်..။ ဘေးမှာ ပြထား တဲ့ ပုံက neutron star တစ်လုံးရဲ့ ဖွဲ့စည်း တည်ဆောက် ပုံ ဖြစ်ပါတယ်။ အဲထက် အသေး စိတ်စွာ ခွဲခြား ထားတဲ့ ပုံတွေ ရှိပါ သေးတယ်။ ပို့စ် အရမ်း ရှည်နေမှာ စိုးလို့ ချန်ခဲ့ပါတယ်။



Black Hole

အဓိက အကြောင်းအရာ black hole ဖြစ်လာရတဲ့ အကြောင်းကို ရောက်ပါပြီ..။
တကယ်လို့ supernova ဟာ တော်တော် ကြီးနေခဲ့မယ် ဆိုရင်တော့ neutron star အဆင့်နဲ့ မရပ်တော့ပါ..။ အပြင်လွှာတွေ ပြိုကျ၊ သိပ်သည်းဆ ကြီးသည်ထက် ကြီးပြီးတော့ နောက်ဆုံး နယူထရွန် ဖြစ်ပါမယ်..။ ဒါပေမယ့် ဒြပ်ထုက အင်မတန် ကြီးနေ ရင်တော့ နယူထရွန် လည်း ချမ်းသာရာ မရတော့ပါ..။ နယူထရွန် အဖြစ် ဆက်လက် တည်မြဲ နိုင်ခြင်း မရှိပဲ ဘာ လို့ နာမည်တပ်လို့ မရနိုင်တဲ့ ဒြပ်သား သန့်သန့် ဖြစ်သွား ပါတော့တယ်..။ နယူထရွန် တွေ အများကြီး စုဝေး နေတာမျိုး မဟုတ်ပဲ တဆက်ထဲ၊ တသား ထဲ ရှိနေတဲ့ object တစ်ခုတည်း ဖြစ်သွား ပါတယ်..။ သူ့ရဲ့ အရွယ် အစား ဟာ ကမ္ဘာပေါ်က မြို့ကြီး တစ်မြို့ထက် သေးပါ လိမ့်မယ်တဲ့..။ ဒါပေမယ့် သူ့ရဲ့ mass ကတော့ ကျနော် တို့ရဲ့ နေထက် ၁၀ ဆမက ကြီးလိမ့်မယ် လို့ဆိုပါတယ်..။ ပါတ်ဝန်းကျင် မှာ ရှိရှိသမျှ အရာ အားလုံး ကို မလွတ်တန်း ဆွဲငင်ပါ တော့တယ်..။ အလင်းရောင် တောင် သူ့ဆွဲငင်အား ထဲက မလွတ်ပါဘူး..။ ဆွဲငင်ခံရတဲ့ အရာ အားလုံး ဟာ သူ့ အလယ်မှာ ရှိနေတဲ့ singularity မှာ သွားပြီး ပူးပေါင်း ပါတယ်..။ တချို့ ပညာရှင် တွေကတော့ black hole ရဲ့ အလယ်မှာ worm whole လို့ခေါ်တဲ့ အပ်တစ်ဖျားစာ အပေါက် သေးသေးလေး ရှိတယ်လို့ ယုံကြည် ကြပါတယ်..။ အဲဒီ အပေါက်လေးကို ဖြတ်ပြီး သွားရင် အလင်းနှစ်သန်းပေါင်း များစွာ ဝေးတဲ့ အခြား ဂလက်ဆီ တွေကို ရောက်သွား ပါလိမ့် မယ်တဲ့..။ အဲဒီလို နည်းနဲ့ လူတွေဟာ စိတ်ကူးနဲ့ မမှန်းဆ နိုင်တဲ့ နေရာ တွေကို ခရီး နှင်ဖို့ ကြံစည် ကြတာ ပါ..။ အခြား စကြာဝဠာ တွေကို ခရီးနှင်တဲ့ နေရာမှာ အဝေးကြီး ကို ခဏနဲ့ သွားလို့ ရနိုင်တဲ့ ဆိုတဲ့ စကြာဝဠာ အကွေး သီအိုရီ ဆိုတာနဲ့ ဆက်စပ် ပါတယ်။ ဘေးက ပုံမှာ ပြထားတဲ့ အနီရောင် လမ်းကြောင်း က ကျနော် တို့ နားလည် တဲ့ dimension နဲ့ ကြည့် ရင် အဖြောင့် လို့ ထင်နေတဲ့ အတွက် plane A နဲ့ plane B တွေမှာ ရှိတဲ့ ဂလက်ဆီ တွေဟာ အလင်းနှစ် သန်းပေါင်း များစွာ ဝေးနေတာ ဖြစ်ပြီး တကယ်တမ်းက အဝါရောင် လမ်းကြောင်း အတိုင်း ဆိုရင် နီးနီးလေးပါတဲ့။ ဆက်ပြီး လေ့လာရပါဦးမယ် ခင်ဗျာ။

Sunday, November 2, 2008

နေ၊လ၊ကမ္ဘာတို့ရဲ့ လှည့်ပတ်လှုပ်ရှားမှုတွေအကြောင်း

0 comments










ဒီခေါင်းစဉ် အောက်မှာ ရေးစရာတွေ ကအများကြီး ရှိနေပါတယ်။ ကျွန်တော် အချိန်ရတဲ့ အပေါ် မူတည်ပြီးတော့ ရေးသား သွားမှာ ဖြစ်ပါတယ်။ အရင်ဆုံး ကျွန်တော်တို့ နေရဲ့ လှုပ်ရှား လည်ပတ်ပုံ အကြောင်းကို လေ့လာကြည့် ရအောင်


နေ

နေဟာ ကမ္ဘာကို အရှေ့ဘက် ဦးတည်လားရာအတိုင်း သူ့ရဲ့ပတ်လမ်းနဲ့ လှည့်ပတ်ပါ တယ်။ နေက ကမ္ဘာကို လှည့်ပတ်နေတဲ့ ပတ်လမ်းကို တော့ ecliptic လို့ခေါ်ပါ တယ်။ ကျွန်တော် တင်ပြထားတဲ့ ပုံကို ကြည့်မယ်ဆိုရင် ecliptic (နေပတ်လမ်း ကြောင်း) ကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်ထပ် ကြည့်မယ်ဆိုရင် vernal equinox ဆိုတဲ့ point လေးမှာနေဟာ ကမ္ဘာ့ equator ကိုတောင်ဘက်ကနေ မြောက် ဘက်ကိုဖြတ် ပါတယ်။ အဲဒီနေရာလေးကိုတော့ vernal equinox လို့ခေါ်တာပေါ့။ ဒီလိုပဲ သူနဲ့ ၁၈၀ ဒီဂရီဆန့်ကျင်ဘက်မှာ နေဟာ ကမ္ဘာ့ equatorကိုမြောက်ဘက် က နေ တောင် ဘက် ကိုရွေ့လျားဖြတ်သန်းပါတယ်။ အဲဒီ point လေးကိုတော့ autumnal equinox လို့ ခေါ်ပြန်ပါတယ်။ နောက်တစ်ခုကနေပတ်လမ်းကြောင်းနဲ့ ကမ္ဘာ့ဝင်ရိုးကိုပြန် ကြည့် ရင် ecliptic ဟာ equator ကနေ ၂၃.၅ ဒီဂရီ declination (မြင့်ထောင့်) ရှိနေပါ တယ်။ ဒီဖော်ပြပါပုံမှာတော့ ကျွန်တော်တို့ ကနေပတ်လမ်းကို စက်ဝိုင်းပုံစံတွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ orbit က ဘဲဥပုံပတ်လမ်းဖြစ်ပါတယ်။ ဘဲဥပုံပတ်လမ်းဖြစ်တဲ့ အပြင်ကမ္ဘာဟာ နေပတ်လမ်းရဲ့အလယ်တည့်တည့်မှာ ရှိနေ တာမဟုတ်ပါဘူး။ ဒါကြောင့်နေဟာ ကမ္ဘာနဲ့ အနီးဆုံးနေရာကိုရောက်နိုင်တဲ့ အချိန်ရှိသလို၊ အဝေးဆုံးနေ ရာကိုရောက် နိုင် တဲ့ အချိန်လည်း ရှိတာပေါ့။ နေဟာ ကမ္ဘာနဲ့အနီးဆုံးရောက်တဲ့ နေရာကို aphelion လို့မှတ်သားပြီးတော့၊ အဝေးဆုံး ရောက်တဲ့နေရာကိုတော့ perihelion လို့မှတ်သားရပါတယ်။

နေဟာ သူ့ရဲ့ပတ်လမ်း ecliptic ကို တစ်ပတ် ပြည့်အောင်ပတ်ဖို့ ၃၆၅.၂၅ ရက်ကြာပါ တယ်။ အဲဒီ ပတ်လမ်း တစ်ကြိမ် ပတ်နေတဲ့ အတွင်းမှာ နေဟာ ကမ္ဘာနဲ့ အနီးဆုံး၊ အ ဝေးဆုံးနေရာတွေကို တစ်ကြိမ်စီ ရောက်ပါတယ်။

နေရဲ့ declination(ပတ်လမ်းမြင့်ထောင့်) အမြင့်ဆုံး မြောက်ဘက်မှာ ရောက်တဲ့ အ ချိန်ကို summer solstices လို့ခေါ်ပြီးတော့ တောင်ဘက် အမြင့်ဆုံးရောက်တဲ့ အချိန်ကိုတော့ winter solstices လို့ခေါ်ပြန်ပါတယ်။ (ဒီအခေါ်အဝေါ်တွေ ဟာ အင်္ဂလိပ်တွေက စခဲ့တာဖြစ်တဲ့ အတွက်နေ အမြင့်ဆုံး သူတို့ရှိရာ ကမ္ဘာ မြောက်ဘက်ခြမ်း ကို ရောက်တဲ့အချိန်မှာ နေကို နီးကပ်စွာ တွေ့ရပြီး အပူပြင်းတဲ့အတွက် summer solstices လို့ သတ်မှတ်ခဲ့တာ ဖြစ်ပြီး၊ နေ တောင်ကမ္ဘာခြမ်းအမြင့်ဆုံး declinationမှာ ရောက်နေတဲ့ အချိန်မှာတော့ သူတို့အတွက် ပိုပြီး ချမ်းအေးလို့ နေတာကြောင့် winter solstices လို့ ခေါ်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။) နောက်ထပ် မှတ်သားစရာ တစ်ခုကတော့ လဒ်တီကျု အမြင့်ပိုင်း နိုင်ငံတွေမှာ နေ့စဉ် နေမ၀င်ပါဘူး။ ၆လမှာ နေဟာမြောက် ကမ္ဘာခြမ်းမှာ ရှိတဲ့အတွက် သူတို့လို လဒ်တီကျု အမြင့်ပိုင်း နိုင်ငံတွေမှာ ၆လနေမ၀င် ပဲ နေ တောင်ကမ္ဘာခြမ်းကို ရောက်သွားတဲ့ အချိန်ကျမှ သူတို့တွေနေကို ၆လ မမြင်ရ ပြန်ပါဘူး။

နေဟာ ကမ္ဘာ့ equator vernal equinox မှာ March 21 ရက်နေ့မှာဖြတ်ပါတယ်။ အဲဒီတော့ အဲဒီ equator တ၀ိုက်မှာရှိတဲ့ နိုင်ငံတွေအတွက် နှစ်တစ်နှစ်ရဲ့အပူဆုံး အချိန်အဖြစ်သတ်မှတ်နိုင်ပါတယ်။ အဲဒီလိုပဲ နေဟာ autumnal equinox ကိုနှစ် စဉ် September 23 ရက်နေ့မှာဖြတ်ပါတယ်။ summer solstice ကိုတော့ June 22 ရက်နေ့မှာဖြတ်ပြီး၊ winter solstice ကိုတော့ December 22 ရက်နေ့မှာဖြတ်ပါ တယ်။

နောက်တစ်ခု မှတ်သားစရာကတော့ နေပတ်လမ်း ecliptic ဟာကမ္ဘာကို 23.5 ဒီဂ ရီ ကမ္ဘာ့ equator ကနေခံဆောင်ထားပေမယ့် တစ်နှစ် (၃၆၅.၂၅) ရက်ကြာပြီးလို့ ecliptic တစ်ပတ်ပြည့်တိုင်းမှာ သူ့ရဲ့မူလ equinox ကိုပြန်မရောက်ပါဘူး။ ပုံမှာ ကျွန်တော် blue line လေးနဲ့မညီမညာဆွဲပြထားသလို အနောက်ဘက် direction နဲ့ vernal equinox ကရွေ့လျားသွားပါတယ်။ အဲဒီလိုရွေ့လျားသွားတဲ့ movement ကို precession of equinoxes လို့ခေါ်ပါတယ်။ အဲဒီလို equinox point လေးက တစ်နှစ်နဲ့ တစ်နှစ်မတူပဲအနောက်ဘက် direction နဲ့ရွေ့သွားတဲ့ အတွက် နေရဲ့ ပတ်လမ်း declination ဟာလည်း 23.5 ဒီဂရီကနေ အပြောင်းအလဲရှိနေပါတယ်။ ဒါပေမယ့် ၂၃.၅ ဒီဂရီဟာ နေရဲ့အမြင့်ဆုံးမြင့်ထောင့်လို့မှတ်သားရပါမယ်။ အဲဒီ equinox point လေးဟာ equator အတိုင်း အနောက်ဘက် direction နဲ့ရွေ့သွား ပြီး သူ့ရဲ့မူလ equinox နေရာကိုပြန်ရောက်ဖို့ နှစ်ပေါင်း ၂၆၀၀၀ ကြာပါတယ်။ အဲဒီလို နေရဲ့ declination (မြင့်ထောင့်) ဟာတစ်နှစ်နဲ့တစ်နှစ်မတူတဲ့အတွက် နေဟာ ကမ္ဘာနဲ့ အနီးဆုံး ရောက်မယ့် perihelion point ကိုနှစ်စဉ် January 2 ရက် နေ့မှာရောက်ပေမယ့် တစ်နှစ်နဲ့တစ်နှစ် အနီးဆုံးရောက်တဲ့ အနေအထားဟာ မတူ ပြန်ပါဘူး။

ကျွန်တော် အခု တင်ပြထားတာကတော့ နေရဲ့လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ နောက်ထပ် ကျွန်တော် လဟာ ဘယ်လို လှုပ်ရှားလည်ပတ်လဲ ဆိုတာကို အချိန်သင့်သလို ဆက်လက် ဖော်ပြသွားပါ့မယ်။ နေနဲ့ လ ရဲ့ ကမ္ဘာနဲ့ ပတ်သတ် လှည့်ပတ်မှုကို သိသွားပြီဆို ရင် အဲဒီလို ဖြစ်ပျက်မှုတွေကြောင့် ကမ္ဘာမှာ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာတယ် ဆိုတာကို ဆက်လက် တင်ပြပေးသွားပါမယ်။

ကျေးဇူးတင်ပါတယ်။

ငရဲ




ကျွန်တော် လရဲ့ အကြောင်းဆက်ရေးပါ့မယ်။ လဟာ ကမ္ဘာကို ဘယ်လိုများလှည့် ပတ်ပါသလဲ။ (ကျွန်တော် ကိုယ်တိုင်မအားတဲ့ ကြားကဆွဲထားတဲ့ ပုံလေးတွေနဲ့ပဲ ဖော်ပြသွားပါ့မယ်။





အခုဖော်ပြထားတဲ့ ပုံလေးကို ကြည့်မယ်ဆိုရင် ကမ္ဘာကို လှည့်ပတ်နေတဲ့ နေရဲ့ပတ်လမ်း ecliptic နဲ့ လရဲ့ပတ်လမ်း lunar orbit ကိုတွေ့ ရမှာဖြစ်ပါတယ်။ lunar orbit ကိုတော့ကျွန်တော် ecliptic ပေါ်မူတည်ပြီးတော့ပဲ ဖော်ပြသွားမှာဖြစ်ပါတယ်။ lunar orbit ဟာ ecliptic က နေ ၅ ဒီဂရီ ၀၉ မိနစ် ထောင့်ခံဆောင်ထားပါတယ်။ (ပုံတွင်ဖော်ပြပါအတိုင်း) ပြီးတော့ လဟာပုံမှာဖော်ပြထားတဲ့ lunar orbit အတိုင်းပဲ ကမ္ဘာကို eastward direction နဲ့လှည့်ပတ်ပါတယ်။ point G မှာ လ ဟာ ecliptic ကိုတောင်ကမ္ဘာခြမ်းကနေ မြောက်ကမ္ဘာခြမ်းလားရာ direction နဲ့ဖြတ်သန်းသွားပါတယ်။ အဲဒီ point G လေးကို Ascending node လို့ခေါ်ကြပါတယ်။ အဲလိုပဲတခြားတစ်ဘက်မှာတော့ လ ဟာ ecliptic ကိုမြောက်ကမ္ဘာခြမ်းကနေ တောင်ကမ္ဘာခြမ်းလားရာ direction နဲ့ဖြတ်သန်းသွားပါတယ်။ အဲဒီအမှတ်လေးကိုတော့ပုံမှာ တွေ့ရတဲ့အတိုင်း Descending node လို့မှတ်သားရပါတယ်။ လ ရဲ့ Ascending node လေးဟာ lunar orbit တစ်ပတ်ပြည့်သွားတဲ့အ ချိန်မှာ မူလ Ascending node နေရာကိုပြန်ရောက်မလာပါဘူး။ ပုံမှာပြထားသလို elicptic တစ်လျှောက် အနောက်ဘက် direction နဲ့နေ ရာရွေ့သွားပါတယ်။( ပုံမှာ K နဲ့ဖော်ပြထားပါတယ်။) အဲဒီ node လေးဟာမူလ Ascending node G နေရာကိုပြန်ရောက်ဖို့ ၁၈.၆၁ နှစ် ကြာပါတယ်။ အဲဒီဖြစ်စဉ်ကိုတော့ regression of node လို့ခေါ်ပါတယ်။ လဟာသူ့ ရဲ့ lunar orbit ကိုတစ်ပတ်ပြည့်အောင် လှည့်ပတ်ဖို့ ၂၇ ၁/၃ ရက်ကြာပါတယ်။ နောက်တစ်ခုကတော့ lunar day ဆိုတာနဲ့ solar day ဆိုတာကိုပြောချင်ပါတယ်။ မြန်မာလိုဆီလျော်အောင် ဘာသာပြန်ရရင်တော့ လပေါ်မူတည်ပြီးသတ်မှတ် တဲ့တစ်ရက်တာကာလ နဲ့ နေပေါ်မူတည်ပြီးသတ်မှတ်တဲ့ တစ်နေ့တာကလလို့ဘာသာ ပြန်နိုင်ပါတယ်။ lunar day ဆိုတာကတော့ ဆိုကြပါတော့လူတစ်ယောက်ဟာကမ္ဘာပေါ်က point တစ်ခုမှာရပ်နေပါတယ်။ အဲဒီလူရပ် နေတဲ့ Point ရှိတဲ့ longitude ပေါ်ကိုလဖြတ် သွားပြီးတော့ နောက်တစ်ကြိမ်အဲဒီ longitude ပေါ်ကိုပဲလပြန်ရောက်လာဖို့ကြာတဲ့အချိန်ကို လပေါ်မူတည်သတ်မှတ်သော တစ်ရက် တာကာလ (lunar day) လို့ခေါ်ပါတယ်။ lunar day ရဲ့ ရက်တစ်ရက်ကြာချိန်ကတော့ ၂၄ နာရီနဲ့ ၅၀ မိနစ်ဖြစ်ပါတယ်။ slolar day ဆိုတာ ကတော့ နေပေါ် မူတည်ပြီး သတ်မှတ်သော တစ်နေ့တာ အ ချိန် လို့ မှတ်သား ရပါတယ်။ solar day ရဲ့ ကြာချိန်တစ်ရက်ဟာ Lunar day ထက် ပိုပြီး တိုပါတယ်။ မြန်မာ clander တွေဟာလပေါ် မူတည်ပြီး သတ်မှတ်ထားသော နေ့များဖြစ်ပြီး တော့ English clander က တော့ sloar day ပေါ် မူတည်ပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
လမှာလည်း နေလိုပဲ ကမ္ဘာနဲ့ အနီးဆုံး ရောက်တဲ့ နေရာ၊ အဝေးဆုံး ရောက်တဲ့ နေရာတွေ ရှိပါတယ်။ အောက်က ပုံမှာ ဖော်ပြ ထားပါတယ်။




လဟာကမ္ဘာနဲ့အနီးဆုံးရောက်တဲ့ position ကို perigee လို့ခေါ်ပြီးတော့၊ အဝေးဆုံးရောက်တဲ့ Position ကိုတော့ apogee လို့ခေါ်ပါ တယ်။ ခုဆိုရင် နေ၊လ နဲ့ ကမ္ဘာဟာဘယ်လိုပတ်သက်ဆက်စပ်ပြီးလည်ပတ်နေကြလဲဆိုတာကို ဖတ်ရှုသူ အကြမ်း တော့နားလည်းသွား လောက်ပါပြီ။ (အသေးစိတ်လှည့်ပတ်မှုများအားချန်လှပ်ထားခဲ့ပါသည်။) အဲဒီတော့ကျွန်တော်ခုဒီထိဖော်ပြပြီး သွားတာလေးက လ၊ နဲ့နေ ဟာကမ္ဘာကိုဗဟိုပြုပြီးလှည့်ပတ်နေကြောင်းကို လ သတ်သတ်၊ နေသတ်သတ် ဖော်ပြထား ခဲ့ခြင်းဖြစ်ပါ တယ်။ ဒါပေမယ့် လက်တွေ့မှာ တော့ နေရော လ ရော ဟာကမ္ဘာကို ဗဟိုပြုပြီး တပြိုင်နက်တည်း လည်ပတ်နေ ကြတာ ဖြစ်ပါ တယ်။ (နေကို ဗဟိုပြုပြီး လည်ပတ်တယ် ပြော၊ ကမ္ဘာကို ဗဟိုပြုပြီး လည်ပတ်တယ်ပြောပြော အတူတူ ပါပဲခင်ဗျာ။ ကျွန်တော်က ဒီနေရာမှာ ကမ္ဘာကို stationary ထားလိုက်တဲ့ အတွက်ဖြစ် ပါတယ်။) အဲဒီတော့ နေ ရယ် လ ရယ် ကမ္ဘာရယ်ဘယ်လိုလည်ပတ် နေကြ လဲဆိုတာ သိသွားပြီး နောက်မှာ....နေ နဲ့လ ရဲ့လည်ပတ်မှု တွေ ဆွဲအားတွေ ကြောင့် ဘာတွေ ဖြစ်လာတယ် ဆိုတာကို ကျွန်တော် နောက် ပို့စ် မှာဆက် လက်ဖော်ပြပါမယ်။ လဆန်း၊ လဆုတ်၊ လပြည့်၊ လကွယ် အဲဒါ တွေနဲ့ ပတ်သတ်ပြီး ဆက်လက် ဖော်ပြ သွားပါ့မယ်။


ငရဲ

Saturday, November 1, 2008

တွင်းနက် (Black Hole) - ၁

14 comments
မားစ်အကြောင်းကို အရင်တင်မယ်လို့ စဉ်းစားထားပေမယ့် black hole အကြောင်း သိချင်တဲ့သူတွေ များနေတဲ့ အတွက် black hole ကို တင်ပေးလိုက်ပါတယ်။ အမှန်တော့ အခု ကျနော် ရေးမယ့် အကြောင်းအရာက ပဒုမ္မာ ဖိုရမ်မှာ တော့ပစ် တစ်ခု အနေနဲ့ ဆွေးနွေး ခဲ့ပြီးပါပြီ။ engineer4mm.com မှာလဲ အပိုင်း တော်တော် များများ တင်ပြီး ပါပြီ။ အဲဒီမှာ မဖတ် ရသေးတဲ့ သူတွေ အတွက် ဒီမှာ တင်ပေး လိုက်ပါတယ်။
Black Hole ဆိုတာ သီအိုရီအရ အင်မတန် သိပ်သည်းဆ ကြီးလှတဲ့ အာကာသ အတွင်းက အရာ ဝတ္ထု တစ်ခု ဖြစ်ပါတယ်။ အင်မတန် ပြင်းထန် လှတဲ့ ဆွဲငင် အားကြောင့် ဘယ်လို အရာ မဆို (electromagnetic radiation တွေက အစ) သူ့ဆီ ကနေ လွတ်ထွက် မသွား နိုင်ပါဘူး။ စကြာဝဠာ ထဲမှာ အလျှင်မြန် ဆုံးဖြစ်တဲ့ အလင်းရောင် တောင် သူ့ဆီ ကနေ လွတ်ထွက် မလာနိုင်တဲ့ အတွက် ပိန်းပိတ် အောင် မှောင်နေတဲ့ အရာ တစ်ခုပဲ ဖြစ်ပါတယ်။
Black Hole theory ကို စတင် ခဲ့တဲ့ သူကတော့ ဂျာမန် နတ္ခတ္တဗေဒ ပညာရှင် Karl Schwarzschild ဖြစ်ပါ တယ်တဲ့..။ အိုင်စတိုင်းရဲ့ ရီလစ်တီဗတီ သီအိုရီ ပေါ်မှာ အခြေ ခံတယ်လို့ ဖတ်ဘူး ပါတယ်..။ ဘေးက ပုံက Stellar Evolution ရဲ့ပုံပါ..။ ကြယ်တစ်စင်း မွေးဖွား ချိန်ကနေ သေဆုံး ချိန်အထိ အဆင့်ဆင့် ပြောင်းလဲ ပုံကို ပြထား တာပါ...။ အဲဒီပုံ အရ ဆိုရင်တော့ black hole ဆိုတာ ကြယ်ကြီး တစ်လုံးရဲ့ ရုပ်အလောင်း လို့ ပြောရင် ရမလားပဲ..။ ကြယ်တစ်စင်း မွေးဖွားခြင်းရဲ့ လက်သည် ကတော့ ဒြပ်ဆွဲအားပါ..။ နက်ဗြူလာ ဆိုတဲ့ ဓာတ်ငွေ့ တွေ ဖုန်မှုန့်တွေ ပါဝင်တဲ့ တိမ်တိုက် ကြီးထဲမှာ အခြင်းခြင်း ဆွဲငင် ရာကနေ အစုအဝေး တစ်ခု ဖြစ်လာ ပါတယ်..။ အဲဒီ အစု အဝေးရဲ့ အလယ် ဗဟိုဟာ တဖြည်းဖြည်း သိပ်သည်း လာတဲ့အခါ ဖိအားလည်း များပြား လာပါတယ်..။ များပြား လာတဲ့ ဖိအားကြောင့် အပူချိန် တဖြည်း ဖြည်းချင်း မြင့်တက် လာပါတယ်..။ အဲဒီ အဆင့်ဟာ protostar ပါပဲ..။ protostar ရဲ့ အတွင်းဘက် အပူချိန်ဟာ 10 million degrees C (18 million degrees F) ကို ရောက်တဲ့ အချိန်မှာ သူဟာ star အဖြစ်ကို ရောက်သွား ပါပြီ..။ ပုံမှာ protostar ဖြစ်လာပုံ အဆင့်ဆင့်ကို ပြထားပါတယ်။
ဒီနေရာမှာ star ရဲ့ စွမ်းအင် ထုတ်ပေးပုံကို နည်းနည်း ရှင်းပြဖို့ လိုပါ လိမ့်မယ်..။ ကျနော်တို့ နေ အဖွဲ့အစည်း က နေဟာ ဘယ်လိုနည်းနဲ့ အပူနဲ့ အလင်း ကို ထုတ်ပေး နေပါသလဲ..။ ကျနော်တို့ သုံးစွဲနေတဲ့ ရေနံ၊ ကျောက် မီးသွေး ဆိုတာတွေ လောင်ကျွမ်း နေတဲ့ မီးဘောလုံး ကြီးပဲလား..။ အဲလို ရုပ်ကြွင်း လောင်စာ မျိုးသာဆိုရင် နေဟာ နေ့စဉ် ဒီလောက် စွမ်းအင် ထုတ်ပေးဖို့ သူ့ရဲ့ ဒြပ်ထု ပမာဏဟာ အလွန်ဆုံး နှစ် ၂၀၀၊ ၃၀၀ ပဲ ခံပါ လိမ့်မယ်..။ ဒါပေမယ့် နေအဖွဲ့ အစည်း တည်ရှိနေခဲ့တာ နှစ်သန်း ထောင်နဲ့ ချီပြီး ကြာခဲ့ပါပြီ..။ ဒီလောက် အကြာ ကြီး စွမ်းအင် တွေပေးဖို့ နေဟာ ဘယ်လို အရင်း အမြစ် ကိုများ သုံးပါသလဲ..။ သိပ္ပံ ပညာရှင် တွေက စပက်ထရို စကုပ်မှာ နေကလာတဲ့ အလင်းရောင်ကို ရောင်စဉ် ခွဲကြည့် တဲ့အခါ.. ကမ္ဘာပေါ်မှာ တွေ့နေကျ မဟုတ်တဲ့ လိမ္မော်ရောင် မျဉ်းကြောင်း တစ်ခုကို တွေ့ရ ပါတယ်တဲ့..။ အဲဒီကနေ အဲဒီ အရောင်ကို ဖြစ်စေတဲ့ ဟီလီယံ ဓာတ်ငွေ့ဟာ နေပေါ်မှာ အများအပြား ရှိကြောင်းနဲ့ နေရဲ့ စွမ်းအင် အရင်း အမြစ် ကိုပါ သိခဲ့ကြပါတယ်..။ နေဟာ nuclear fussions ဖြစ်စဉ်နဲ့ စွမ်းအင်တွေ ပေးနေတာပါ..။ ဟိုက်ဒရိုဂျင်ကို ဟီလီယမ် အဖြစ်ပြောင်းပြီး ထွက်လာတဲ့ စွမ်းအင်ကို အပူနဲ့ အလင်းအဖြစ် ပေးနေတာ ဖြစ်ပါတယ်..။ (ဒီ အကြောင်းကို နေ (The Sun) ပို့စ်တွေမှာ ရေးခဲ့ ပြီးပါပြီ၊ မဖတ် ရသေးတဲ့ သူတွေ အတွက် ပြန်ရေး ပေးတာပါ)။ ပရိုတိုစတား တစ်လုံးရဲ့ အလယ်မှာ nuclaear fussion ဖြစ်စေဖို့ လုံလောက်တဲ့ အပူချိန်ကို ရတဲ့ အခါမှာတော့ သူဟာ စတား တစ်လုံးဘ၀ကို ရောက်ရှိပြီး သူ့ပါတ်ဝန်းကျင်ကို အပူနဲ့ အလင်းတွေ ပေးပါတော့တယ်..။
အဲဒီ စတား ဟာ အပေါ်မှာ ရေးခဲ့သလိုပဲ ဟိုက်ဒရိုဂျင်ကို ဟီလီယမ် အဖြစ် ပြောင်းပြီး စွမ်းအင် ပေးပါတယ်။ သူ့ရဲ့ အီကွေးရှင်းက ဘေးမှာ ပြထားတဲ့ အတိုင်းပါပဲ။ အီကွေးရှင်းမှာ ပြထားတဲ့ အတိုင်း deuteron ( အလယ်တွင် ပရိုတွန်တစ်လုံး နယူထရွန် တစ်လုံး ပါသော ဟိုက်ဒရိုဂျင် အက်တမ်) နှစ်လုံး ပေါင်းတာဟာ ဟီလီယမ် တစ်လုံး နယူထရွန် အလွတ် တစ်လုံးနဲ့ 3.2MeV ရပါတယ်..။ 3.2 MeV ဆိုတာ ဟိုက်ဒရိုဂျင် အက်တမ်လေးနဲ့ စာလိုက်ရင် ကြီးမားတဲ့ ပမာဏပါ..။ အက်တမ် ပမာဏ နည်းနည်းနဲ့ စွမ်းအင် များများ ထုတ်နိုင်ပါတယ်..။ ဒါပေမယ့် ကြယ်တွေ ပိုင်ဆိုင် ထားတဲ့ မရေမတွက်နိုင်တဲ့ ဟိုက်ဒရိုဂျင် ဆိုတာလည်း အကန့်အသတ် မရှိတဲ့ အရာ မဟုတ် ပါဘူး.. တစ်နေ့တော့ ကုန်သွားမှာပါပဲ..။ ဟိုက်ဒရိုဂျင် လောင်စာ ကုန်ကာနီးရင် ကြယ်ရဲ့ အလယ်က core ဟာ ကြုံ့ဝင် သွားပါ လိမ့်မယ်။ အလယ်မှာပဲ ဟိုက်ဒရိုဂျင်က ကျန်တော့တာကိုး..။ အပြင်လွှာ ကတော့ အပြင်ဘက်မှာရှိနေတဲ့ ဟိုက်ဒရိုဂျင် တွေကို လိုက်လံ လောင်ကျွမ်းရင်း ကျယ်ပြန့် လာပါလိမ့်မယ်..။ အပြင်လွှာရဲ့ အပူချိန်ဟာ နိမ့်ကျတဲ့အတွက် အနီရောင် ဖြစ်နေ ပါလိမ့်မယ်..။ သူ့ရဲ့ အရွယ် အစားဟာ ကျနော်တို့ နေရဲ့ အဆ ၁၀၀ ကနေ အဆ ၁၀၀၀ အထိ ကြီးပါလိမ့်မယ်..။ ကျနော်တို့ရဲ့ နေလည်း နောင်နှစ်သန်း ၅၀၀၀ ကြာရင် အဲဒီလို ပေါက်ကွဲ ပါလိမ့်မယ်..။ နေကဖြစ်လာတဲ့ red giant ရဲ့ အ၀န်း အ၀ိုင်းဟာ ကမ္ဘာပါတ် လမ်းကို ငုံမိတဲ့ အထိ ကြီးပါ လိမ့်မယ်..။ ကမ္ဘာက နေထဲကို ရောက်သွား မှာပါ..။
Red giant ဘ၀ကနေ နောက်ထပ် ဆက်ဖြစ် နိုင်တာက နှစ်မျိုး ရှိပါတယ်..။ တစ်မျိုးက planetary nebula ဖြစ်ပါတယ်..။ ကြယ်ဘ၀က အရွယ်အစား သိပ်မကြီး ခဲ့တဲ့ ကြယ်တွေပါ..။ ကျနော်တို့ နေလိုပေါ့..။ red giant ဖြစ်သွား ပြီးတဲ့အခါ သူ့ရဲ့ သိပ်သည်းဆ အရမ်း နည်းပြီး အရွယ်အစားက အရမ်းကြီးနေတဲ့ အတွက် unstable ဖြစ်လာပါ တော့တယ်..။ သူရဲ့ အပြင်ပိုင်း အလွှာတွေကို ဆွဲငင်အားနဲ့ ဆက် ထိမ်း မထား နိုင်တော့တဲ့ အတွက် တဖြည်းဖြည်းနဲ့ လွင့်ပါး ပျောက်ဆုံး ကုန်ပါတယ်..။ အဲဒီလိုနဲ့ အထဲမှာ ဂြိုဟ်တွေ ပါတ်နေတဲ့ ဓာတ်ငွေ့ တိမ်တိုက်ကြီး ဘ၀ကို ရောက်သွားပါတယ်..။
နောက်တစ်မျိုး ကတော့ အလွန်ကြီးမားတဲ့ ကြယ်ကြီးတွေ ပေါက်ကွဲတဲ့ အခါမှာ ဖြစ်တာမျိုးပါ..။ သူကတော့ ပြန့်ကား ထွက်သွားတဲ့ အပြင်လွှာမှာ ဟီလီယမ် တွေသာမက ဟိုက်ဒရိုဂျင် လောင်စာတွေပါ ပါသွားတာ ဖြစ်ပါတယ်..။ အဲဒီ လောင်စာတွေက ထက်ပြီးတော့ nuclear fusion reaction ဖြစ်တဲ့အခါ Supergiant လို့ခေါ်တဲ့ မဟာကြယ် ဘီလူး ကြီးတွေ ဖြစ်လာ ပါတော့တယ်..။ သူ့ရဲ့အ၀န်းအ၀ိုင်းဟာ ကျနော်တို့ နေအဖွဲ အစည်းလောက် ရှိမယ်လို့ ထင်ပါတယ်..။ အဲဒီကြယ်ဘီလူးကြီးတွေဟာ black hole ရဲ့ အလောင်းလျှာတွေပါပဲ..။

Thursday, October 30, 2008

စနေဂြိုဟ်ရဲ့ ကွင်းတွေ ပျောက်ကွယ်လာနေပြီလား (Are Saturn's Rings Disappearing?)

11 comments
ညီမငယ် တစ်ယောက် ပေးထားတဲ့ လင့် တစ်ခုကို အခုမှ တွေ့လို့ ကြည့်မိတဲ့ အခါ စိတ်ဝင်စားစရာ ကောင်းနေလို့ ပို့စ် တစ်ခု အဖြစ် တင်လိုက်ပါတယ်။ အဲဒီ လင့်ကို ကြည့်ချင်ရင် ဒီနေရာကို နှိပ်လိုက်ပါ။ စနေဂြိုဟ် အကြောင်း ကျနော် မတင်ရသေးပါ ဘူး။ ဒါပေမယ့် အခြေခံ အားဖြင့်တော့ သိကြမယ် ထင်ပါတယ်။ စနေဂြိုဟ်ဘေးမှာ ပါတ်နေတဲ့ ကွင်းတွေ အကြောင်း သတိထားမိကြမယ် ထင်ပါတယ်။
၂၀၀၈ ခုနှစ် မတ်လ ၁၉ ရက်နေ့က နက္ခတ္တ ပညာရှင်တွေဟာ စနေဂြိုဟ်ရဲ့ ပြောင်းလဲမှုနဲ့ ပါတ်သတ်ပြီး သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းအရာက စနေဂြိုဟ်ရဲ့ ကွင်းတွေဟာ တဖြည်းဖြည်း ပါးလာ ပြီးတော့ လေ့လာရတာ ပိုပိုပြီး ခက်ခဲလာတဲ့ အကြောင်းပါ။ ဒီနှုန်းအတိုင်းသာ ဆိုရင်တော့ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ အရောက်မှာ စနေဂြိုဟ်ရဲ့ ကွင်းတွေ လုံးဝ မြင်ရတော့မယ် မဟုတ်ပါဘူး။
စနေဂြိုဟ်နဲ့ ပါတ်သတ်တဲ့ အချက်အလက် တစ်ချို့ကို ပြန်ကြည့် ရမယ် ဆိုရင် စနေဂြိုဟ်ဟာ နေကနေ မိုင်ပေါင်း ၈၉၃ သန်း အကွာမှာ တည်ရှိပြီးတော့ နေအဖွဲ့အစည်းက ဒုတိယ အကြီးဆုံး ဂြိုဟ် ဖြစ်ပါတယ်။ စနေဂြိုဟ် ရဲ့ ကွင်းတွေကရော ဘာတွေနဲ့ လုပ်ထားတာပါလဲ။ အလင်းရောင်၊ ဓါတ်ငွေ့၊ ရေနဲ့ ရေခဲ၊ ကျောက်တုံးအစန များ တွေထဲက ဘာလို့ ထင်ပါသလဲ။ Professor Phil Nicholson ကတော့ ရေ၊ လေ တိုက်စားလို့ ဖြစ်လာတဲ့ ကျောက်ခဲ အစအန လေးတွေ အရွယ်ကနေ minivan တစ်စင်း အရွယ်လောက် ရှိတဲ့ ကျောက်တုံးတွေ အထိ စနေဂြိုဟ်ရဲ့ ကွင်းတွေမှာ ပါတ်နေတယ်လို့ ဆိုပါတယ်။ နက္ခတ္တပညာရှင် တွေကတော့ ကျောက်တုံးအစအနများ၊ ရေနဲ့ ရေခဲ အပါအဝင် ဓါတ်ငွေ့တွေဟာ စနေဂြိုဟ်ရဲ့ ကွင်းတွေထဲမှာ ကျည်ဆံထက် အဆ ၆၀ မြန်တဲ့ နှုန်းတဲ့ ပါတ်နေတဲ့ အတွက် တစ်ချိန်မှာ သူတို့ ပျောက်ကွယ် သွားရမယ် လို့ ဆိုပါတယ်။
ဒါပေမယ့် အခု အဖြစ်အပျက် ကတော့ အဲဒီလို တစ်ခုနဲ့ တစ်ခု ပေါင်းစည်းပြီး ပျောက်ကွယ်သွားမှာ မျိုး မဟုတ်ပါဘူး။ ဒါက စနေဂြိုဟ်မှာ ၁၅ နှစ်ကြာတိုင်း ဖြစ်တတ်တဲ့ အဖြစ် တစ်ခုလို့ ဆိုပါတယ်။ စနေဂြိုဟ်ရဲ့ Ring plane crossings ဖြစ်ပါတယ်။ စနေဂြိုဟ်က နေကို နှစ် ၃၀မှာ တစ်ပါတ် ပါတ်ပါတယ်။ အဲဒီလို ပါတ်တဲ့ အခါ သူ့ရဲ့ angle of inclination ကြောင့် တိမ်းစောင်းပုံဟာ အချိန်နဲ့ လိုက်ပြီး ပြောင်းလဲနေပါတယ်။ (angle of inclination အကြောင်း ကမ္ဘာ့ဝင်ရိုးစွန်း များ ပြောင်းလဲ ခြင်းမှာ ရေးခဲ့ပြီးပါပြီ)။ သူ့ရဲ့ နှစ်၃၀ တစ်ပါတ် စက်ဝန်းမှာ သူ့ရဲ့ ကွင်းတွေဟာ နှစ်ကြိမ် တိတိ ကမ္ဘာရဲ့ မြင်ကွင်းနဲ့ တည့်မတ်စွာ ကျပါတယ်။ ( မြင်သာအောင် ပြောရရင် စက်ဝိုင်းတစ်ခုမှ 0 degree နဲ့ 180 degree ဟာ x axis မှာ အတည့် ကျသလိုပေါ့)။ အဲလိုဆိုတော့ အဲဒီကွင်းတွေဟာ ၁၅ နှစ်မှာ တစ်ခါ ကမ္ဘာရဲ့ မြင်ကွင်းက နေ ကွယ်ပျောက်မှာ ဖြစ်ပါတယ်။ စနေဂြိုဟ်ရဲ့ နေကို ပါတ်နေတဲ့ ကာလ အလိုက် ကမ္ဘာကနေ မြင်ရမယ့် ပုံကို အောက်မှာ ပြထားပါတယ်။
၂၀၀၉ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့မှာ စနေဂြိုဟ်ရဲ့ ကွင်းတွေကို မြင်ရတော့မှာ မဟုတ်ပဲ အဲဒီကနေ သုံးလ အကြာမှာမှ ဖြည်းဖြည်း ခြင်း ပြန်ပေါ် လာမယ် ဖြစ်ပါတယ်။ စနေဂြိုဟ် ရဲ့ ကွင်းတွေ ကွယ်ပျောက် သွားတဲ့ အချိန်မှာ အရင်က ကွင်းတွေက ကွယ်ထားတဲ လတွေကို တွေ့ရ နိုင်ပါတယ်တဲ့။ စနေဂြိုဟ်ရဲ့ လက်ရှိ သိပြီးတဲ့ လ ၁၈ ခုမှာ ၁၃ ခုမြောက်လဟာ ကွင်းတွေ ကွယ်သွားတဲ့ အချိန်မှာ တွေ့ခဲ့ တာဖြစ်ပါတယ်။ ဘေးက ပုံမှာ အသစ်တွေ့တဲ့ လတစ်စင်း ကို ပြထားပါတယ်။ အဲဒီ အချိန်မှာ ဟာဘယ်လ် မှန်ပြောင်း ဂြိုဟ်တုက စနေဂြိုဟ်ကို ချိန်ထားမှာ ဖြစ်ပြီးတော့ ကမ္ဘာပေါ်က တယ်လီစကုပ် တွေကလည်း စနေဂြိုဟ်ကို လေ့လာ ကြမယ် ဖြစ်ပါတယ်။ မြန်မာပြည် မှာလဲ star party တွေ လုပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။

Saturday, October 25, 2008

ကမ္ဘာပျက်မည့်နေ့ နှင့် ပါတ်သတ်၍ ကျနော့် အမြင်

အခုလို စိတ်ဝင်တစား ဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်ဗျာ။ ဒီပြဿနာ ဘယ်ကစ ဆိုရင် ကိုအလှတရားကို လက်ညိုး ထိုးရတော့မှာပဲ။ (ဟာ.. မဆီမဆိုင်ဗျာ.. :D ) ။ သူက pole shifting အကြောင်း မေးတော့ ကျနော်လည်း ဗွီဒီယို လင့်လေးများ ချိတ်ပေးလို့ ရမလား ဆိုပြီး YouTube မှာ သွားရှာတာ။ pole shifting တော့ မတွေ့ဘူး။ အဲဒါကြီးကို သွားတွေ့တာပဲ။ တွေ့စက တော်တော် စိတ်လှုပ်ရှား သွားသေးတယ်။ မကျေနပ် တာနဲ့ အကုန် လိုက်ရှာတယ်။ အချက်အလက် နည်းနည်း စုံမှ စိတ်အေးသွားတယ်။ ဒီအကြောင်းကို တင်သင့် မတင်သင့် ချိန်နေတာ တော်တော် ကြာသွားတယ်။ ဒါပေမယ့် ဒါတွေက YouTube မှာ ပလူပျံနေတာ ဆိုတော့ တစ်ကြိမ်မဟုတ် တစ်ကြိမ် မြန်မာတွေ တွေ့သွားမှာပဲ။ ကျနော် ကြိုရှင်းမထားရင် စိတ်ဒုက္ခ ရောက်နေနိုင်တယ်ဆိုပြီး တင်ဖို့ ဆုံးဖြတ် လိုက်တာပါ။ မနေ့တုန်းက တခါတည်း မရှင်းတာက အားလုံးရဲ့ အမြင် တွေ လိုချင်လို့ တစ်ရက် စောင့်တဲ့ သဘောပါ။ အခု ကျနော့် အမြင်ကို ပြောပါမယ်။

ဒီပြဿနာရဲ့ အစက ၁၉၇၆ ခုနှစ်မှာ Zecharia Sitchin ရေးသားထုတ်ဝေ ခဲ့တဲ့ The Twelfth Planet ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ အဲဒီ စာအုပ်မှာ Nibiru ဆို တဲ့ ဂြိုဟ်ရှိကြောင်း၊ ellipse ပုံ လမ်းကြောင်းနဲ့ နေကို ပါတ်ကြောင်း၊ နှစ် ၃၆၀၀ မှာ တစ် ပါတ်ပြည့်ပြီးတော့ နေ နဲ့ အဝေးဆုံး အဖြစ် ပလူတို ဟိုဘက် အဝေးဆုံး နေရာ ကို ရောက်ပြီး အနီးဆုံးအဖြစ် ဂျူပီတာဂြိုဟ်နဲ့ မားစ် ဂြိုဟ်ကြားက asteroid belt အထိ ရောက် ကြောင်း ရေးထားပါတယ်။
ဒီ ပြဿနာကို တွန်းအားပေးတာကတော့ အောက်က စာအုပ်တွေ ဖြစ်နိုင်ပါတယ်။

1. Mystery Heavenly Body Discovered, a front page history, Washington Post, 31-Dec-1983
2. Unidentified IRAS sources – Ultrahigh-luminosity galaxies , Astrophysical Journal, Part 2, March 1, 1985, p. L5-L8.
3. Cometary Evidence of a Massive Body in the outer Oort Cloud, Icarus, Volume 141, Issue Icarus, pp. 354-366.
4. A 10th planet may be out there or new object could be the sun’s long lost twin, astronomers say, SETH BORENSTEIN, Oct.11, 1999, 9:02 PM.

ပထမဆုံး ပြောရရင် Sitchin ရေးတဲ့ စာအုပ်ဟာ သိပ္ပံစာအုပ် မဟုတ်ပါဘူး။ သူက သမိုင်းလို့ ဆိုပေမယ့် ဘာအထောက်အထားမှ မရှိတော့ ပုံပြင် သာသာပါပဲ။ သူ့စာအုပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀၀၀ တုန်းက Nibiru ဂြိုဟ်ပေါ်က Anunnaki မျိုးနွယ်တွေရဲ့ နန်းကျ ဘုရင် Alalu ဟာ ကမ္ဘာကို ထွက်ပြေး ခိုလှုံခဲ့ပါတယ်။ ကမ္ဘာက ရွှေတွေဟာ သူတို့ Nibiru က လေထု ဆုံးရှုံးမှုတွေကို ကာကွယ် နိုင်မှန်းသိတော့ ကမ္ဘာက ရွှေတွေကို တူးဖော်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အာဏာလု စစ်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀၀၀ လောက် အရောက်မှာတော့ Anunnaki တွေဟာ ကမ္ဘာပေါ်မှာ ရွှေ တူုးဖော်ဖို့ အလုပ်သမား မျိုးနွယ်စု တစ်မျိုးကို genetic engineering နည်းနဲ့ ဖန်တီးခဲ့ပါတယ်။ အဲဒီ မျိုးနွယ်စုကတော့ homo sapiens ဆိုတဲ့ လူတွေပါပဲ။ နောက်ပိုင်းမှာ လူသားတွေက ကမ္ဘာကို စိုးမိုးသွားပြီး Anunnaki တွေ ထွက်ခွါသွားပါတယ်။ Sitchin ဟာ သူ့စာအုပ်မှာ သမ္မာကျမ်းက အချက်အလက်တွေရော၊ အီဂျစ်ရှေးဟောင်း ပုံပြင်တွေကိုပါ ထည့်သွင်း ခဲ့ပါတယ်။ လေ့လာသူတွေကတော့ ဒါဟာ Sumerian mythology ပါပဲတဲ့။ သမိုင်း တစ်ခုအဖြစ် ယူဆဖို့ တော်တော်ကို ကလေးကလား နိုင်နေပေမယ့် ယုံကြည်သူတွေက လည်း တော်တော်ကို များခဲ့ပါတယ်။ ယုံကြည်သူ အချို့ထဲက ထပ်မံ တွေးဆ တွက်ချက်မှုတွေ အရ အဲဒီ Nibiru ဂြိုဟ် ကြီးဟာ 2003 နဲ့ 2013 အကြားမှာ ကမ္ဘာနဲ့ အနီးဆုံး နေရာကို ရောက်လာ ဦးမယ် ဆိုတာ ပါပဲ။

အပေါ်က စာအုပ်တွေထဲက နံပါတ် ၁ မှာ ရေးထားတာက အမျိုးအမည် မသိ ကြီးမားတဲ့ အရာဝတ္ထု တစ်ခု တွေ့တယ် ဆိုတာရယ်၊ သူက ကမ္ဘာနဲ့ အနီးဆုံး မိုင် သန်းထောင်ပေါင်း ၅၀ အကွာ လောက်မှာ ရှိတယ်လို့ မှန်းဆ ကြပါတယ်။ သူက ဂြိုဟ်ကြီး တစ်လုံးလား၊ ဥက္ကာပျံ ဘီလူးကြီးလား၊ ကြယ်တစ်လုံး အဖြစ် လုံလောက် အောင် အပူမပေး နိုင်တဲ့ protostar တစ်လုံးလား ဆိုတာ မခွဲခြား နိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ၆ လအတွင်းမှာ သူဟာ တည်နေရာကနေ လုံးဝ ရွေ့လျှားခြင်း မရှိတဲ့ အတွက် ဥက္ကာပျံ မဟုတ်သလို ဂြိုဟ်လဲ မဟုတ်ကြောင်း ယူဆခဲ့ပါတယ်။ ဒါပေမယ့် မိုင်သန်း ထောင်ပေါင်း ၅၀ အတွင်းသာ မှန်ခဲ့ရင် နေအဖွဲ့အစည်း ရဲ့ မိသားစု ဝင်ပဲ ဖြစ်ရမယ် ဆိုတာရယ် ပြီးတော့ သူ့ပါတ်လမ်းက ကျနော် တို့ ဆီကို တည့်တည့်ကြီး လာနေတဲ့ ဘဲဥပုံ ပါတ်လမ်း ဖြစ်နေလို့ တည်နေရာ မရွေ့ ဆိုတဲ့ အယူအဆ တချို့ ပေါ်ခဲ့ပါတယ်။ နံပါတ် ၂ စာအုပ်ကတော့ IRAS ရဲ့ data တွေထဲက နက္ခတ်တာရာ ကြည့် မှန်ပြောင်းတွေနဲ့ မမြင်ရပဲ infrared မှန်ပြောင်းနဲ ကြည့်ပြီး မြင်ရတဲ့ အချက်တွေထဲက အဲဒီ အမျိုးအမည် မသိ အရာဝတ္ထုကြီး အကြောင်း ပါလာတာပါ။ နံပါတ် ၃ မှာတော့ ဥက္ကာပျံ တိမ်တိုက် အော့ရ်တာ ရဲ့ ဟိုဘက်မှာ Brown draft တစ်ခု ရှိကြောင်း hypothesis ကို ရေးထားတာပါ။ အရွယ်အားဖြင့် ဂျူပီတာ ဂြိုဟ်ရဲ့ 3 or 2 ဆ ရှိပြီးတော့ သူ့ရဲ့ ပါတ်လမ်းဟာ galactic midplane နဲ့ ၅ ဒီဂရီ စောင်းတယ် လို့ ယူဆကြပါတယ်။ သူ့ကို IRAS ရဲ့ data base မှာ မတွေ့ရပေမယ့် မျိုးဆက်သစ် အနီအောက် မှန်ပြောင်းတွေနဲ့ တွေ့နိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ နံပါတ်၎ ကတော့ ၉၉ မှာ ထုတ်တာ ဖြစ်တဲ့ အတွက် တိကျသွားပါပြီ။ ဂျူပီတာ ဂြိုဟ်ထက် သုံးဆလောက်ကြီးတဲ့ အရာဝတ္ထု တစ်ခု ဟာ 3 trillions miles အကွာလောက် မှာ ရှိနေပါတယ်တဲ့။ အလွန်ဝေးလံလှပေမယ့် ကြီးမားလွန်းတဲ့ အတွက် နေအဖွဲ့ အစည်းရဲ့ မိသားစုဝင် ဖြစ်နေနိုင်ပါတယ်။ သူ့ရဲ့ ပါတ်လမ်းဟာ far-travelling comets တွေလို ဖြစ်နိုင်ပြီးတော့ Brown draft လို့ သတ်မှတ်ခဲ့ပါတယ်။ သူ့ရဲ့ ဖွဲ့စည်းပုံဟာ ကြယ် နဲ့တူပြီး ဂြိုဟ်နဲ့ မတူလို့ပါတဲ့။ ဒါပေမယ့် အချို့ပညာရှင်တွေကတော့ နေကို ပါတ်တဲ့ အတွက် ဂြိုဟ်လို့ပဲ ခေါ်ကြပါတယ်။ သူဟာ မအောင်မြင်တဲ့ ကြယ်တစ်လုံး ဖြစ်ပြီး နေအဖွဲ့အစည်း စတင်စဉ်ကပဲ နေအဖွဲ့ အစည်းထဲကို ဝင်ရောက်ခဲ့ပြီး ၁၀ ခုမြောက် ဂြိုဟ်လား Brown Draft လား မဆုံးဖြတ် နိုင်ခဲ့ ကြပါဘူး။

ကျနော့် အမြင်ကို ပြောရရင်တော့ ဒီပြဿနာကို စတင်သူ Sitchin ဟာ သိပ္ပံ ပညာရှင် မဟုတ်သလို သိပ္ပံ ဆိုင်ရာ အချက်အလက် ဘာမှ မတင်ပြနိုင်ခဲ့ပါဘူး။ နောက်ထပ် စာစဉ်တွေမှာလည်း အရာဝတ္ထုဟာ ကမ္ဘာ ဆီကို ရွေ့လျှား လာနေတယ်လို့ မဖော်ပြခဲ့ ပါဘူး။ အဲလိုဆိုတော့ ၂၀၁၂ မှာ အဲဒီ ဂြိုဟ်ကြီး ကမ္ဘာနဲ့ အနီးဆုံးကို ရောက်လာနိုင်စရာ အချက် နည်းနည်းပဲ စဉ်းစား စရာ ကျန်ပါတယ်။ ဘာတွေလဲ ဆိုတော့ - ဆိုက်ဘေးရီးယား မှာ အပူပိုင်း နို့တိုက် သတ္တဝါ အရိုးတွေ တွေ့တယ် ဆိုတော့ တစ်ချိန်က tropical zone များ ဖြစ်ခဲ့မလား၊ အဲလိုဆိုရင် ကမ္ဘာက ဒီထက် ပိုပြီး စောင်းနေရမှာ ဖြစ်တော့ ဘယ်အရာက ကမ္ဘာ့ဝင်ရိုးကို ဆွဲထောင်ပေးခဲ့သလဲ။ ဗီးနပ်စ်က နှေးကွေးစွာနဲ့ clockwise လည်နေတော့ clockwise လည်တဲ့ အရာဝတ္ထု တစ်စုံတစ်ရာက သူ့လည်ပါတ်မှုကို ပြောင်းစေတာလား။ asteroid belt က ဒီလောက် comet ဒီလောက်များနေတာ တစ်စုံတစ်ခု သော impact ကြောင့် ဂြိုဟ်ကြီး တစ်လုံး ကွဲထွက်သွားတာလား။

အဲဒီ ချွင်းချက်တွေက လွဲရင် ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ ကိစ္စ ကျနော် လုံးဝ ငြင်းပါတယ်။
၁။ နှစ်ပေါင်း ၃၆၀၀ ဆိုတဲ့ Circle သည် လုံးဝ မဖြစ်နိုင်ပါ။ နှစ်ပေါင်း ၃၆၀၀ ဟာ ဇီဝ ဆင့်ကဲ ဖြစ်စဉ် အတွက် မဖြစ်နိုင်လောက် အောင် နည်းလှပါတယ်။ လူ့သမိုင်း တစ်ခုတည်းကပဲ နှစ် တစ်သန်း ကျော်ခဲ့ ပြီဖြစ်ပါတယ်။
၂။ သိပ္ပံ ယူဆချက် မဟုတ်ပဲ မာယန် တွေရဲ့ ပြက္ခဒိန် ၊ The Bible နဲ့ Egyptian တို့ရဲ့ အယူအဆ တွေနဲ့ ဆုံးဖြတ် ထားခြင်းဟာ လက်ခံ နိုင်စရာ မရှိပါ။
၃။ ဂြိုဟ်ကြီး ဝင်ရောက်လာတဲ့ အခါ ကမ္ဘာ လည်ပါတ်မှု သုံးရက် တိတိ ရပ်သွားမည် ဆိုခြင်းဟာ The Bible မှာ ပါတဲ့ The Three Days of Darkness ကို ရည်ညွှန်းချင်း ဖြစ်ပြီးတော့ သိပ္ပံ သဘောအရ မဖြစ်နိုင်ပါ။ ရပ်ပြီးသွားရင် အားသက်ရောက်မှု တစ်ခုခု မရှိပဲ ပြန်မလည်နိုင်ပါဘူး။ သိပ္ပံကို ခရစ်ယာန်ဇာတ် သွင်းခြင်းသာ ဖြစ်ပြီး လက်ခံ နိုင်စရာ မရှိပါ။
၎။ အဲလောက်ကြီးမားတဲ့ ဂြိုဟ်ကြီး တစ်ခု ဝင်လာခဲ့ရင် နေစကြာဝဠာ တစ်ခုလုံး stability out သွားမှာ ဖြစ်ပြီးတော့ ယခုကဲ့သို့ စံနစ်ကျနေခြင်းမျိုး မရှိနိုင်။
၅။ NASA ကလျှို့ဝှက်တယ် ထားဦး။ အာကာသ လေ့လာမှု အဖွဲ့အစည်းဟာ သူတစ်ခုပဲ ရှိတာ မဟုတ်ပါဘူး။ 1983 ကတည်းက NASA သိနေရင် အခြားသော ESA, RKA, CNSA တို့လို အဖွဲ့ အစည်းတွေက မသိစရာ အကြောင်း မရှိပါဘူး။ အချိန်ဒီ လောက် နီးလာတဲ အထိ တညီတညာထဲ လျှို့ ဝှက် ထားဖို့ဆိုတာ ယုတ္တိတန်တဲ့ ကိစ္စ မဟုတ်ကြောင်း ထင်ရှားပါတယ်။
၆။ အစက 2003 လို့ ပြောထားတဲ့ ကိစ္စက 2003 မှာ မဖြစ်လို့ 2012 လို့ ပြောင်းလိုက်တာ ဖြစ်ပြီးတော့ 2012 မှာ မဖြစ်ရင်လည်း နောက်တစ်မျိုး ပြောင်းပြောဦးမယ် လို့ ထင်ပါတယ်ဗျာ။

ကျနော့် ယူဆချက်တွေ အပေါ်မှာ ဘယ်လို မြင်လဲ ဆိုတာ ကွန့် ပေးစေချင်ပါတယ်။ တကယ်လို့ ကျနော့် ယူဆချက်တွေက မှားနေခဲ့ ရင်တော့……….

Saturday, October 11, 2008

ကမ္ဘာ့ဝင်ရိုးစွန်းများ ရွေ့လျှားခြင်း (poles shifting) - ၂

6 comments
နောက်ထပ် pole တစ်မျိုးက Geomagnetic poles ဖြစ်ပါတယ်။ သူကတော့ geographic poles လို တည်နေရာလိုက် သတ်မှတ်ထားတာ မဟုတ်ပဲ သံလိုက်စက်ကွင်း တွေ ရဲ့ အနေအထား နဲ့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ သူဖြစ်လာရတဲ့ အကြောင်းရင်းက ကမ္ဘာ့ အလည် သံနဲ့ နီကယ် ပါဝင်တဲ့ အနှစ်ပိုင်းနဲ့ အဲအနှစ်သားပေါ်က သတ္တုရည်ပူ ပင်လယ်ကြီး ရဲ့ လည်ပါတ်မှု ကြောင့် ကမ္ဘာ ကြီးဟာ လျှပ်စစ် သံလိုက် ချောင်းတစ်ချောင်းလို ဖြစ်ပြီး သံလိုက် ရဲ့ အားလမ်းကြောင်းတွေ ထွက်ပါတယ်။ အဲဒီ သံလိုက် အားလမ်းကြောင်း တွေကြောင့် magnetosphere ဆိုတဲ့ အလွှာကြီး တစ်ခု ဖြစ်လာပြီးတော့ ကျနော်တို့ သက်ရှိတွေကို solar storm, solar flare နဲ့ solar wind တွေရဲ့ ဘေးရန်ကနေ ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။ geographic poles နဲ့ geomagnetic poles တွေဟာ လည်း တထပ်တည်း မကျ ပြန်ပါဘူး။ သူတို့တွေရဲ့ ခြားနားခြင်းက ၁၁ ဒီဂရီ ရှိပါတယ်တဲ့။ ကမ္ဘာကြီးရဲ့ magnetic poles တွေက အတိတ်က အနေ အထားနဲ့ ပြောင်းပြန် ဖြစ်အောင် ပြောင်းလဲ နေတယ်လို့ ပညာရှင် တွေက သက်သေပြခဲ့ ကြပါတယ်။ ကမ္ဘာ့ရဲ့ magnetic poles တွေဟာ အစဉ် လှုပ်လျှားပြောင်းလဲ နေပါတယ်။ Geological records တွေ အရ ကမ္ဘာကြီး ရဲ့ poles တွေဟာ နှစ်ပေါင်း ၃၀၀၀၀၀ လောက်မှာ တောင်နဲ့ မြောက် တစ်ကြိမ် ပြောင်းလဲ ပါတယ်တဲ့။ Carl Freidrich Gauss စပြီးတော့ design လုပ်ခဲ့တဲ့ instruments တွေနဲ့ ပညာရှင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်အတွင်းက ကမ္ဘာ့ magnetic poles တွေရဲ့ တည်နေရာတွေကို တိုင်းတာ နိုင်ခဲ့ပါတယ်။ ပုံမှာ ပြထားတာကတော့ Canadian artic ဒေသ အတွင်း ၁၈၃၁ ကနေ ၂၀၀၁ အတွင်း ပြောင်းလဲ ခဲ့တဲ့ magnetic poles တွေရဲ့ တည်နေရာတွေ ဖြစ်ပါတယ်။ အဲဒီ တိုင်းတာချက် တွေအရ ကမ္ဘာ့ သံလိုက် ဝင်ရိုးစွန်း တွေဟာ နှစ်ဆယ်ရာစု အတွင်းက တစ်နှစ်မှာ ၁၀ ကီလိုမီတာ လောက် ရွေ့လျှားပြီးတော့ အခု ရာစု မှာတော့ ကီလိုမီတာ ၄၀ လောက် ရွေ့လျှားကြောင်း တွေ့ရ ပါတယ်တဲ့။ နောက်တစ်ချက်က ကမ္ဘာ့ရဲ့ magnetic field strength ဟာ လွန်ခဲ့တဲ့ ၁၉ ရာစုက ထက် ၁၀% လျော့နည်းလာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ သံလိုက် အိမ်မြှောင်တွေဟာ မြောက် အရပ်ကို တည့်တည့် မညွှန်ပြပဲ ၁၀ စုနှစ် တစ်ခုမှာ ၁ ဒီဂရီလောက် စောင်းလာ နေတယ် လို့လဲ ဆိုပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရသလဲ ဆိုတာတော့ ကမ္ဘာ့ အတွင်းပိုင်းကို သွားကြည့် ရ မလိုပါပဲ။ ကမ္ဘာ့ အတွင်းပိုင်းရဲ့ ဗဟိုချက်မ မှာ လရဲ့ ၇၀% လောက် အရွယ်အစား ရှိတဲ့ သတ္တုလုံးကြီး ရှိပါတယ်တဲ့။ သူဟာ နေရဲ့ မျက်နှာပြင် အပူချိန်လောက် ပူပြင်းနေပြီးတော့ သူ့ အပြင်က သတ္တုရည်ပူ ပင်လယ် ကြီးထဲမှာ လည်ပါတ် နေပါတယ်တဲ့။ သူ့ရဲ့ လည်ပါတ်မှု အရှိန်ဟာ ကမ္ဘာ့ အပေါ်ရံ မျက်နှာပြင် ထက် တစ်နှစ်မှာ ၀.၂ ဒီဂရီ လောင်ဂျီကျူ လောက် ပိုပြီး မြန်မြန် လည်ပါတယ်တဲ့။ magnetic poles တွေ ပြောင်းလဲ နေတဲ့ အချိန်အတွင်းမှာ ဘာတွေ ဖြစ်မလဲ ဆိုတာလဲ လေ့လာ နေကြဆဲပါ။ နှစ်ပေါင်း သိန်းနဲ့ ချီပြီး ကြာမှ တပါတ်ပြည့်ပြီးတော့ ပြောင်းလဲ နေချိန်မှာ magnetic field တွေကတော့ ပျောက်ကွယ် သွားကြမယ် မဟုတ်ပါဘူးတဲ့။ ဒါပေမယ့် သူတို့ဟာ ကွေးလိမ်သွားပြီးတော့ နေရာလည်း သတ်သတ်မှတ်မှတ် ရှိမယ် မဟုတ်ပါ။ ပုံမှာ ပြထားတာက သံလိုက် ဝင်ရိုးစွန်းတွေ ပြောင်းလဲ ချိန်မှာ ဖြစ်ပေါ်လာမယ့် magnetic field တွေကို simulation လုပ်ထားတာ ဖြစ်ပါတယ်။ တောင် နဲ့ မြောက် ဝင်ရိုး စွန်းက field တွေကို အရောင်နဲ့ ခွဲ ပြီး ပြထားပါတယ်။ သံလိုက် တောင်ဝင်ရိုးစွန်းဟာ အာဖရိက လောက်မှာ ရောက်နေပြီးတော့ မြောက် ဝင်ရိုး စွန်းက တဟီတီ မှာ ဖြစ်ရင် ဖြစ်နေပါ လိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ planetary magnetic field တွေအဖြစ် ဆက်ရှိနေပြီး ကမ္ဘာကိုလည်း ဆက်ပြီး အကာအကွယ် ပေးနေဦး မယ် ဖြစ်ပါတယ်တဲ့။
Related Posts Plugin for WordPress, Blogger...