Friday, November 7, 2008

တွင်းနက် (Black Hole) - ၃

black hole နဲ့ပါတ်သတ်ပြီး စိတ်ဝင်စားလာကြတာကတော့.. Big Bang and Big Crunch Theory ကစမယ်လို့ ထင်ပါတယ်..။ စကြာဝဠာကြီးရှိနေတာကို သိခဲ့ကြပါပြီ..။ ဒီစကြာဝဠာကြီး ဘယ်လို အစပြုခဲ့တယ်.၊ ဘယ်လိုအဆုံးသတ်မယ်ဆိုတာကို ပညာရှင်တွေက ဖြေရှင်းဖို့ ကြိုးစားကြပါတယ်..။ သူတို့ရဲ့ ကြိုးစားမှုတွေဟာ How? ဆိုတဲ့ မေးခွန်းကို ဖြေနိုင် ကောင်း ဖြေနိုင် ကြပေမယ့် Why? ဆိုတဲ့ မေးခွန်း ကိုတော့ ဘယ်သူမှ မဖြေနိုင် ကြပါဘူး..။ How? ဆိုတဲ့ မေးခွန်းကို ဖြေကြတဲ့ အဖြေ တွေမှာတော့ အများဆုံး လက်ခံကြတာ Big Bang Theory ပါ..။ အဲဒီ သီအိုရီက ယုတ္တိ တန်တဲ့ သက်သေ ပြချက်တွေ ပေးနိုင်လို့ ဖြစ်ပါတယ်..။ တယ်လီစကုပ် တွေနဲ့ ကျနော်တို့ မြင်နေ ကြရတဲ့ ကြယ်စုတိုင်း လိုလိုဟာ သူ့တို့ အချင်းချင်း ဝေးကွာ နေကြ သလို ကျနော်တို့ ဆီကလည်း ဝေးရာကို သွားနေ ကြပါတယ်..။ (အင်ဒရိုမီးဒါး ကြယ်စု ကတော့ ကျနော် တို့ဆီကို လာနေ ပါတယ်)..။ မေးစရာ မေးခွန်း တစ်ခု ရှိပါတယ်..။ သူတို့ဆီက အလင်းရောင် ကျနော်တို့ ဆီ ရောက်ဖို့ နှစ် သန်းချီ ကြာတဲ့ ကြယ်စုတွေ ကျနော်တို့ ဆီကနေ ဝေးကွာ သွားတယ်လို့ ဘယ်လို လုပ်ပြီး သိနိုင်တာပါလဲ..။ ပညာရှင် တွေက ဒီလို ဖြေရှင်းတာပါ..။ ကျနော်တို့ ဆီကနေ ဝေးသွားတဲ့ ကြယ်စု တွေ ဆီက လာတဲ့ အလင်းတွေ အတွက် လမ်းကြောင်းက သူတို့ လာနေရင်း ကိုပဲ ရှည်.. ရှည် သွားပါတယ်..။ သူတို့ စထွက်တဲ့ အချိန်နဲ့ ကျနော်တို့ဆီ ရောက်လာတဲ့ အချိန်အတွင်း ကြားမှာ အကွာအဝေးက အများကြီး ပြောင်းလဲ သွားပြီကိုး..။ အဲလိုဆိုတော့ အလင်းရောင်ဟာ ဆွဲဆန့်ခြင်း ခံရပါတယ်..။ အလင်းရဲ့ လှိုင်းအလျှား ပိုရှည် သွားတာပါ..။ လှိုင်းအလျှား 600 nano meter ရှိရမယ့် အလင်းက 700 nm နီးပါး ဖြစ်ပြီး အနီရောင် သမ်း သွားပါတယ်..။ ( အလင်းဖြူ (day light) ထက် အနီရောင်က လှိုင်းအလျှား ပိုရှည်ပါတယ်။) အဲဒီဖြစ်စဉ်ကို အနီဘက် အရွေ့ (red shift) လို့ ခေါ်ပါတယ်..။ တကယ်လို့ ကြယ်စု တွေက ကျနော်တို့ ဆီကို လာနေတယ် ဆိုရင် အချိန်နဲ့ အမျှ အကွာ အဝေးက တိုသွားမှာ ဖြစ်တော့ ကြားထဲက အလင်း ရောင်ဟာ compress လုပ်ခြင်း ခံရ ပါမယ်။ အဲဒါ ဆိုရင် နဂို ကထက် လှိုင်းအလျှား ပိုတို သွားပြီး အပြာရောင် သန်းသွား ပါမယ်..။ အပြာဘက် အရွေ့ (blue shift) လို့ သတ်မှတ် ပါတယ်..။ Doppler effect ဖြစ်ပါတယ်။ ဘေးက ပုံကို ကြည့်လိုက် ရင် ရှင်းသွားမယ် ထင်ပါတယ်။ မရှင်းရင် comment ရေးပြီး မေးစေ ချင်ပါတယ်။ ကြယ်စု အားလုံးလိုလို ရဲ့ အလင်း တွေဟာ အနီဘက်အရွေ့ (red shift) ဖြစ်နေကြပါတယ်တဲ့..။ ဆိုလိုတာ ကတော့ ကျနော်တို့ စကြာဝဠာ ကြီးဟာ ပြန့်ကား နေပါတယ် တဲ့ဗျာ..။ ကျယ်ပြန့်လာနေတဲ့ အချက်ကနေ စဉ်းစားလိုက်ရင် အရင်က တစ်စုတစ်ဝေးထဲ ရှိနေပြီး ပေါက်ကွဲမှု ကြီးတစ်ခု ကြောင့် အဘက်ဘက် ကို လွင့်ထွက် လာကြ ခြင်းလို့ ကောက်ချက်ဆွဲလို့ ရပါတယ်..။ (အမှန်တော့ ဒီထက်ပိုတဲ့ သက်သေပြချက်တွေ ရှိပါတယ်..။ ကျနော် စာအုပ် ပြန်ဖတ်ရမှာ ပျင်းနေလို့.. :P ) ဆိုပါတော့.. မဟာပေါက်ကွဲမှုကြီး ကနေစတယ်ပေါ့..။ ဒါဆိုရင် ကျနော်တို့ စကြာဝဠာကြီးဟာ ဒီလိုပဲ အဆုံး အစမရှိ ပြန့်ကား သွားတော့ မှာလား..။ နောက်ဆုံးမှာ ဘာဖြစ်မလဲ..။ ဒီလို မေးခွန်းတွေ ပေါ်လာ ပါတယ်..။ ဖြစ်နိုင်ခြေက သုံးခု ရှိပါတယ်..။ တစ်ခုက အဆုံး အစမရှိ ပြန့်ကား သွားပြီး တဖြည်းဖြည်း ဝေးကွာ လာကြ ပြီးတော့ စွမ်းအင် တွေလည်း လျှော့ပါး ပျောက်ဆုံး ပြီးတော့ မဲမှောင်နေတဲ့ ဟင်းလင်းပြင်ကြီးထဲမှာ အေးစက်စက်နဲ့ အသက်မရှိတဲ့ အစိုင်အခဲ တွေအဖြစ်နဲ့ အဆုံးသတ် ပါလိမ့်မယ်..။ နောက်တစ်မျိုး ကတော့ မမြင်နိုင်တဲ့ dark energy တွေရဲ့ သက်ရောက် မှုကြောင့် ဂလက်ဆီ တွေဟာ တခုနဲ့ တခု အကွာအဝေး ကို မထိမ်း သိမ်းနိုင်ပဲ တစ်ခုနဲ့ တစ်ခု ဝေးကွာ သွားသလို ဂလက်ဆီ ကိုယ်တိုင်မှာ လဲ သူ့ကိုယ်သူ ဆက်ပြီး တည်မြဲအောင် မထိမ်းသိမ်းနိုင်ပဲ ကြယ်တွေ ဂြိုဟ်တွေ တစ်စစီ ကွဲထွက်ပြီး အက်တမ် တွေတောင် ပြိုပျက်ပြီး ဘာမှ မကျန်တော့တဲ့ အထိ ကွဲပျက် ပျောက်ကွယ်သွားပါ လိမ့်မယ်တဲ့ (၂၀၀၃ ခုနှစ်မှ ထွက်တဲ့ hypothesis ပါ)။ တစ်ခြား ဖြစ်နိုင်ချေ တစ်ခုကတော့ အခုလို ပြန့်ကားနေတဲ့ အရှိန်ဟာ ဒြပ်ဆွဲအားကြောင့် တဖြည်းဖြည်း အရှိန်သေပြီး နောက်ဆုံး ရပ်တန့် သွားပါ လိမ့်မယ်..။ အဲလို ရပ်တန့် သွားပြီးနောက် တဖြည်း ဖြည်းချင်း ပြန်လည် ဆွဲငင်ပြီး နောက်ဆုံးမှာ black hole ရဲ့ core လိုပဲ singularity အဖြစ် ပြန်လည် ပူးပေါင်းပါလိမ့်မယ်..။ အဲဒီနောက် မဟာပေါက်ကွဲမှုကြီး တစ်ဖန်ပြန်ဖြစ်ပါလိမ့်မယ်..။ အဲဒီလို မဟာ စုစည်းမှုကြီးကို Big Crunch လို့ ခေါ်ပါတယ်။ အပေါ်က ပြောထား သလို ယူဆချက် သုံးမျိုး ရှိပါတယ်။ Big Crunch, Indefinite Expension (Big Freeze) နဲ့ Big Rip တို့ ဖြစ်ပြီး ပုံမှာ ပြထားပါတယ်။ Big Crunch က သဘာဝ ကျတယ်လို့ အများက စဉ်းစား ကြပါတယ်..။ ဒါပေမယ့် အဲဒီလို မဟာ စုစည်း မှုကြီး ဖြစ်ဖို့က လုံလောက်တဲ့ matter မရှိပါဘူး..။ ကြယ်စု တွေဟာ တစ်ခုနဲ့ တစ်ခု ဝေးကွာ လွန်းပြီး ကြယ်စု ထဲက ဂြိုဟ်တွေ ကြယ်တွေရဲ့ ဒြပ်သား စုစုပေါင်း ဟာလည်း နည်းလွန်း ပါတယ်။ စတီဖင် ဟော့ဖ်ကင်းက ဆိုပါတယ်။ စကြာဝဠာ ထဲက ဒြပ်သား အားလုံးရဲ့ ၉၀% ဟာ မမြင်နိုင်တဲ့ dark matter တွေလို့ ဆိုပါ တယ်ဗျာ..။ အဲလို ဆိုရင်တော့ မဟာ စုစည်းမှု ကြီးဖြစ်ဖို့ လုံလောက်တဲ့ ပမာဏပါပဲ..။ black hole ဆိုတာလဲ dark matter ထဲမှာ ပါတော့ ၀ိုင်းပြီး စိတ်ဝင်စား ခံရတယ်လို့ ထင်ပါတယ်..။
black hole တွေ ရှိနေတယ်ဆိုတာကတော့ ဟုတ်ပါပြီ..။ ဒီ black hole တွေ ရှိနေကြောင်း ဘယ်လို သက်သေ ပြကြသလဲ..။ သူ့ဆီကနေ အလင်းရောင် တောင် လွတ်ထွက် မလာနိုင်လို့ မမြင်ရတဲ့ မဲမှောင်မှောင် အရာဝတ္ထု ကြီး ရှိနေကြောင်း သက်သေ ပြကြ တာလည်း စိတ်ဝင်စား စရာပါ..။ ပညာရှင်တွေက x-rays telescope တွေနဲ့ သက်သေ ပြကြပါတယ်..။ စကြာဝဠာ ထဲမှာ x-rays emitter object တွေ အများအပြား ရှိကြပါတယ်..။ ဒါပေမယ့် အင်အား ပျော့တော့ တခြား ဂလက်ဆီ တွေက x-rays တွေကို detect မလုပ်နိုင် ပါဘူး..။ တခြား ဂလက်ဆီက x-rays တွေကို detect လုပ်လို့ ရခဲ့ ရင်တော့ ဒါဟာ အင်မတန် အင်အား ကောင်းတဲ့ source ဖြစ်နေ လို့ပါတဲ့..။ တခြား ဂလက်ဆီက x-rays တွေကို detect လုပ်လို့ ရကြ ပါတယ်..။ ပညာရှင် တွေ ရှင်းပြ တာကတော့ အဲဒီ ဂလက်ဆီ တွေမှာ ရှိနေတဲ့ galatic black hole တွေကြောင့် ဖြစ်ပါ တယ်တဲ့..။ (galactic black hole ဆိုတာ galaxy အလယ်က အင်မတန် ကြီးမားတဲ့ black hole ကြီး တွေဖြစ်ပါတယ်..။ ဒီအကြောင်းကို ပြီးရင် သက်သက် ရှင်းပြပါ့မယ်..)။ အဲဒီ black hole ကြီးတွေဟာ ကျနော်တို့ နေထက် အဆပေါင်း သန်းရာ၊ ထောင် ချီပြီး သိပ်သည်း ကြပါတယ်..။ အင်မတန် ကြီးမား ပြင်းထန်တဲ့ gravitational နဲ့ magnetic fields တွေရှိကြပါတယ်..။ ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာဝတ္ထု တွေဟာ အတွင်းဘက်ကို လျှင်မြန်တဲ့ နှုန်းနဲ့ ၀ဲလှဲ့ပြီး ၀င်နေ ကြပါတယ်..။ အဲဒီ အရာဝတ္ထုတွေက ဓါတ်ငွေ့နဲ့ ဖုန်တိုက် တွေရဲ့ ပွတ်တိုက် မှု ကြောင့် ထွက်လာတဲ့ အပူဟာ x-rays ကို ဖြစ်စေ ပါတယ်..။ နောက်ပြီး တော့ ပွတ်တိုက်မှု ကြောင့် အက်တမ် တွေကနေ ဖဲ့ခြွေ ခံရတဲ့ electron တွေဟာလည်း ၀ဲလှဲ့ တဲ့ ထဲမှာ ပါဝင် ပါတယ်..။ ဒီelectron တွေရဲ့ ရွေ့လျှားမှု က နေပြီး တော့လည်း ပြင်းထန်တဲ့ x-rays ကို ရရှိ စေပါတယ်..။ x-rays telecope ကနေ အဲဒီ x-rays တွေကို ခြေရာ ခံပြီး black hole တွေ ရှိကြောင်း ကို သက်သေ ပြပါတယ်တဲ့..။ နောက်တစ်ခု က Quasar ပါ..။ ဝေးလံတဲ့ နေရာမှာ ရှိနေပေမယ့် အင်မတန် တောက်ပတဲ့ အရာဝတ္ထု တွေ ဖြစ်ပါတယ်..။ သူတို့ကို သုံးပြီး black hole ကို သက်သေ ပြတာလည်း ရှိပါတယ်..။ ဆက်လက် ဆွေးနွေး ပါ့မယ်..။

6 comments:

မသက်ဇင် said...

ခွန်းရေ----
"တွင်းနက် (Black Hole) - ၃"
ကိုလာဖတ်ပါတယ်---သိပ္ပံပညာရပ်ကို တခုခြင်း
ခွန်းရှင်းပြသွားတာ အလွန်တန်ဘိုးရှိပါတယ်--
ဒီလို လူငယ်တွေ တိုင်းပြည်မှာ များစွာလိုအပ်ပါတယ်----
သိပ္ပံပညာရပ်နဲ့ပတ်သက်သော အစ်မ ဖတ်ဖူးတဲ့စာလေးတပိုဒ်ကို အားရင် ရှင်းပြပေးပါအုံး--
ကမ္ဘာဂြိုလ်သည် ဂြိုလ်၉လုံးထဲက ပဉ္စမမြောက်ဂြိုလ်ငယ် ဖြစ်ပြီး-
နက္ခတ္တ ပညာရှင်များက ကမ္ဘာဂြိုလ်ကဲ့သို့ သက်ရှိဖြစ်ထွန်းမှု ဂြိုလ်သန်း၁၀၀ခန့်မှ သန်းတသိန်းလို့တွက်ချက်ကြတယ်--
အဲဒီဂြိုလ်သားတွေကနေ ကမ္ဘာဂြိုလ်ကို
ဆက်သွယ်နေကြတယ်လို့ ဆိုတယ်--
ခွန်းအားမှပိုစ်လေးတခုလောက် ရှင်းပြစေလိုပါတယ်----

ခွန်း said...

ဟုတ်ကဲ့ပါ မသက်ဇင်။ ကွန့်ပေးသွားတာ ကျေးဇူးတင်ပါတယ်။ မသက်ဇင် ဖတ်ဘူးတဲ့ စာပိုဒ်လေး အင်တာနက်မှာ ရှိရင် လင့်ပေးစေချင်ပါတယ်။ ဒါမှ သေချာ ရှင်းလို့ ရမှာ မို့လို့ပါ။ ကမ္ဘာဂြိုဟ်ကဲ့သို အသက်ဇီဝ ဖြစ်တည်နိုင်သော ဂြိုဟ် တစ်သန်းထက် မနည်း ရှိပြီး အသိဥာဏ် ရှိ သတ္တဝါရှိရာ ဂြိုဟ် ၁၀၀ ထက် မနည်း ရှိမယ် လို့ ကျနော် ဖတ်ဘူးတာ ရှိပါတယ်။ အခုတောင် တစ်လုံး တွေ့ထားပါပြီ။ ဒီအကြောင်းတွေကို Lifequest အကြောင်း မှာ ရေးပေးပါ့မယ်။ သိပ်မကြာ ခင် တင်ပေးနိုင်မယ် လို့ မျှော်လင့်ပါတယ်။ အခုလို ပို့တောင်းဆိုတာ အရမ်းကို ကျေးဇူးတင်ပါတယ်။

မသက်ဇင် said...

ခွန်းရေ--
အစ်မ က စာအုပ်တွေမွှေနှောက်ဖတ်နေတာ--
ဘယ်နေရာက တွေ့မှန်းမမှတ်မိတော့ပါ--
တွေ့ရင် ထပ်ပြောပါ့မယ်--
အင်တာနက်ကတွေ့တာမဟုတ်ပါဘူး--
အခုလို ပြန်ဖြေပေးတာ ကျေးဇူးတင်ပါတယ်--
တင်မဲ့ပိုစ့်ကိုမျှော်နေပါတယ်--

Dr Phyo Wai Kyaw said...

မေးစရာမရှိပါဘူးဗျာ
လေးငါးကြိမ်လာဖတ်ပါတယ်
ကိုခွန်းက
စာတော်တော် တော်မဲ့ သူနဲ့တူတယ်
ဝိုင်းဆွေးနွေးကြတာပေါ့
နောက်ပိုစ့်တွေ။

ခွန်း said...

ဟုတ်ကဲ့ပါ မသက်ဇင်.. Lifequest ကို အမြန်တင်ပေးနိုင် အောင် ကြိုးစားပါမယ်။ ကိုအလှတရား ပြောတာတော့ မှားပြီဗျို့။ ကျနော် တစ်ခါမှ roll ကောင်းကောင်း မရဖူးပါ။ ဘွဲ့ရတဲ့ အထိ roll 1 နဲ့ တစ်ခန်းထဲ နေခဲ့တာပေမယ့် ကျနော်က အမြဲတမ်း နောက်နားက ပါ။ ကျနော် ဘယ်နေရာ တော်လည်း ဆိုရင် တလွဲ ဆံပင် ကောင်းတဲ့ နေရာမှာ တော်ပါတယ်။ :D
comment ရေးပေးကြတာ ကျေးဇူးပါ။ နောက်ပို့စ်တွေမှာ ဆက်ပြီး ဆွေးနွေးကြတာပေါ့ဗျာ။

Anonymous said...

ဘလက်ဟိုးလ် ဆိုတော့ အဆိုတော်များမှတ်တယ်။
ဟိ... မှတ်သားရတာပေါ့ဗျာ ဆက်ရေးဗျို့
အခုလိုဘယ်သူမှသတိမထားမိတာကို ဖော်ပြတာပဲ
ကျေးဇူးပါဗျာ

Related Posts Plugin for WordPress, Blogger...