Wednesday, November 5, 2008

ကို အလှတရားသို့ (black hole အကြောင်း ရှင်းလင်းချက်)


comment မှာ ကို အလှတရား မေးထားတာကို comment အနေနဲ့ ပြန်ရှင်းပြဖို့ အဆင် မပြေတဲ့ အတွက် ပို့စ် တင်လိုက်တာပါ။ အခြား စာဖတ်သူတွေပါ မြင်နိုင်ဖို့ ဖြစ်ပါတယ်။ ကို အလှတရား မေးထားတာလေးတွေကို အရင် ဖတ်ပြီး ကျနော် ဖြေထားတာလေးတွေကို ဝေဖန်ပေးပါ၊ ဘဝင်မကျတာ၊ မှားနေတာ လေးတွေကို ထောက်ပြပေးပါဗျာ။ စာဖတ်သူများ အားလုံး ကျနော် ဖြေပေးထားတာကို ဝေဖန်ပေးစေ လိုပါတယ်။

ကိုခွန်းရေ ၁) နူကလီးယား ပေါက်ကွဲမှုဖြစ်စဉ်တွေကနေ နောက်ဆုံး တွင်းနက် ဖြစ်တယ်လို့ နားလည်ပါတယ်။ ၂)နူကလီးယား ဖြစ်စဉ်ဆိုတာကို ကျနော် သိတာက e=mc2(square)ပါ။ အီလက်ထရွန်တွေ ထုတ်လွှတ်တဲ့ အတွက် (mass )နဲ့ (acceleration နှစ်ထပ်ကိန်း) မြှောက်တဲ့ စွမ်းအင်ပဲလို့ သဘောပေါက် ထားပါတယ်။ (ဒီလိုနားလည်ထားတဲ့ အတွက်ပဲ နံပါတ်၎ မေးခွန်းက ဖြစ်လာရတာပါ။ ဒါကြောင့် ဒီနံပါတ်၂ မှာ ကျနော်သိထားတဲ့ အသိဟာ မလုံလောက်ဘူး လား လို့ စဉ်းစားမိပါတယ်။) ၃)fate of supergiant ဟာ supernova ။ fate of supernova ကတော့ neutron star or black hole/လို့နားလည်ရပါတယ်။ ၄) တွင်းနက် (black hole) တွေမှာ နူထရွန် အဆင့်ထက် ကျော်လွန်တဲ့ ဖြစ်စဉ်တွေရှိတာ ကို မမှန်းဆ တတ်ပါဘူး။ (နူထရွန် (neutron star) အဆင့်မှာ ကတည်းက နူကလီးယား ဖြစ်စဉ် ဘယ်လို ဆက်ဖြစ်သလဲ ဆိုတာကို သဘော မပေါက်တာပါ။နူထရွန်နဲ့ ဟို equation ကို မဆက်စပ်တော့ပဲ ခေါင်းရှူပ် သွားပါတယ်။ ၂ မှာရေးခဲ့သလို ပါပဲ။ equation ပြောင်းလဲမှု ရှိလား ဒီတိုင်းပဲလား သဘော မပေါက်တာပါ) ၅)ဒီနေရာမှာ စကြာဝဠာဟာ မျဉ်းကွေး အတိုင်း ရှိသည် ဆိုတဲ့ ရီလေတီဗီတီနဲ့ တွင်းနက် ခရီး သွားလာရေးကို နည်းနည်း ထပ်ရှင်း ပေးပါဦး။ ပုံထဲမှာ အချုပ်လောက် ပြထားတော့ စိတ် ၀င်စား မိပါတယ်။ ၆)တွင်းနက် သဘောတရားဟာ ခိုင်ခိုင်မာမာ မသိရသေးတဲ့ သီအိုရီတစ်ခုများလား? ဒါကတော့ မေးခွန်း မဟုတ်ပါဘူး။ တွေးမိတာပါ။ ကိုခွန်းရေ ကျနော့်ရဲ့ နားလည်မှုမလုံလောက်တဲ့ အတွက် မေးခွန်းတွေမေးသွားတာကို စိတ်မရှိပါနဲ့။ (မေးခွန်းတွေက ရယ်စရာများ ဖြစ်နေမလားပဲ) အားထုတ်မှုကို အမြဲ အသိအမှတ်ပြုပါတယ်။ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီလိုရေးသားဖို့ ဆိုတာ။ သပ်သပ်ရပ်ရပ်နဲ့လည်း ရေးတတ်တယ်။ ပိုစ့်တိုတိုလေးမှာ ခြုံ့ရေးရတာ မလွယ်ပါဘူး။ ဒီ့ထက် ပိုပြည့်ပြည့် စုံစုံလေး ရေးနိုင်ရင် (အခြေခံ လေးတွေကို နည်းနည်းပါးပါး သာမန် လူနားလည် အောင် ပိုပြီးရေးနိုင်ရင်) ကျနော့် အတွက်တော့ ပိုကောင်းမယ်ဗျ။ ဒါပေမဲ့ ခုအတိုင်းလဲ ကောင်းတဲ့ ပိုစ့် ဆိုတာကို ငြင်းလို့ မရပါဘူး။ အဆင်ပြေပါစေဗျာ။

မင်္ဂလာပါ ကိုအလှတရား ရေ။ ကွန့်ပေးသွားတာ အများကြီး ကျေးဇူး တင်ပါတယ်။
မေးသွားတာ လေးတွေ အရမ်း ကောင်းပါတယ်။ အများစု စိတ်ထဲမှာ မရှင်းပဲ ဖြစ်နေနိုင်တဲ့ အချက် လေးတွေ ကို ရွေးပြီး မေးသွားတာ ဖြစ်တဲ့ အတွက် တော်တော် ကောင်းပါတယ်။
မေးခွန်းတွေကို ဖြေရမယ် ဆိုရင်
(၁) nuclear ပေါက်ကွဲမှု ဖြစ်စဉ် ဆိုတာ ထက် nuclear fusion ဖြစ်စဉ် လို့ ပြောရမှာပါ။ fission နဲ့ fusion က မတူပါဘူး။ atomic number ကြီးတဲ့ ဒြပ်စဉ် ( ရေဒီယံ၊ ယူရေနီယံ) တို့လို ဟာတွေ ကွဲ ထွက်ပြီး စွမ်းအင် ထွက်တာက fission ဖြစ် ပြီးတော့ atomic number ငယ်တဲ့ ဒြပ်စဉ် (ဟိုက်ဒရိုဂျင်) တွေ ပေါင်းစပ် ပြီး စွမ်းအင် ထွက်လာ တာက fusion ပါ။ ကြယ်တွေ စွမ်းအင် ပေးတဲ့ နည်းလမ်းက fusion ပါ။ အဲဒီ တော့ black hole ဖြစ်စဉ် တစ်လျှောက် လုံးမှာ fusion ဖြစ်စဉ် တွေပဲ ဖြစ်ပါတယ်။ အီကွေးရှင်းက တော့ အရင် ပို့စ် မှာ ပြထားပါတယ်ဗျာ။
(၂) e = mc2 က ဒြပ်နဲ့ စွမ်းအင်ရဲ့ ဆက်စပ်ချက်ပါ။ ဒြပ်ကို စွမ်းအင် အဖြစ် ပြောင်းရင် ရနိုင်မယ့် စွမ်းအင် ပမာဏကို အဲပုံသေ နည်းနဲ့ ရှာယူ နိုင်ပါတယ်။
(၃) ကို အလှတရား ပြော တဲ့ အတိုင်း မှန်ပါတယ်။ အရင်ပို့စ်က ပုံမှာ ကြည့် လိုက်ရင် ပိုပြီး ရှင်းသွားပါ လိမ့်မယ်။
(၄) အမှန်တော့ neutron အဆင့်မှာ ကတည်းက nuclear fusion မဟုတ်တော့ပါဘူး။ ဒြပ်ဆွဲအားပါ။ proton က + ၊ electron က - charge ဆောင်ပါတယ်။ ပါတ်ဝန်းကျင်က အက်တမ်တွေ အားလုံးရဲ့ ဆွဲငင်အား မျှခြေ မှာ အက်တမ် အဖြစ် တည်မြဲ နေနိုင်ပေမယ့် ကြယ်ရဲ့ ဗဟိုက ကြီးမားတဲ့ ဆွဲငင်အား သက်ရောက်လာရင်တော့ ခုနက မျှခြေ ပျက်သွားပါတယ်။ အလယ်ဗဟိုမှာပဲ ပြွတ်သိပ်ပြီး ဒြပ်တွေစုကြ၊ ဒြပ်တွေ များလာလေလေ ဆွဲငင်အား ကောင်းလေလေ၊ အဲဒီအချိန်မှာ အက်တမ် မှာ အပြင်က ပါတ်နေတဲ့ electron ရော ၊ အထဲက ရှိနေတဲ့ proton ရော ခုနက ပြင်းထန်လှတဲ့ ဆွဲငင် အား ရှိတဲ့ နေရာကို ပြေးပြီး ကပ်ပါတယ်။ ဥပမာ ကျနော်တို့ နေအဖွဲ့အစည်း နားကို နေထက် အဆ ၁၀၀ လောက် ကြီးတဲ့ ကြယ်ကြီး တစ်လုံး ရောက်လာ ခဲ့မယ် ဆိုရင် ဂြိုဟ်တွေက နေကို ပါတ်နေတဲ့ စံနစ် ပျက်သွား ပါလိမ့်မယ်။ ဂြိုဟ်တွေရော နေရော အဲဒီ ကြယ်ကြီးထဲကို အကုန် ကျသွားမှာ မို့လို့ပါ။ အဲဒီလိုမျိုး အက်တမ်တွေ ပြိုကျကုန်တဲ့ အခါ neutron star မှာ ဘာ အက်တမ်မှ မရှိတော့ပဲ neutron သီးသန့် နီးပါးလောက်ပဲ ကျန်ပါတော့ တယ်။ အချို့သော protons နဲ့ electron တွေဟာ မတူညီတဲ့ charge တွေကြောင့် neutron အဖြစ် ပေါင်းစည်းပြီး no charge ဖြစ်သွားပါတယ်။ (ဒါက ကျနော့် အယူ အဆပါ။ proton နဲ့ electron အများစု ဘယ်ရောက် သွားလဲ ဆိုတာ ဘယ် မှာမှ ရေးပြ မထားတဲ့ အတွက် ကိုယ့်ဟာကိုယ် ယူဆ လိုက်တာပါ။ မှားနိုင် ပါတယ် ) ။ အဲဒီလိုနဲ့ ကျန်ရှိတဲ့ electron ၊ proton ၊ nuclei နဲ့ neutron တွေရဲ့ ဖွဲ့ စည်းပုံကို ပုံမှာ တွေ့နိုင် ပါတယ်။ အဲဒီ အခြေ အနေကို ရောက်ရင်တော့ ဗဟိုကနေ ဆွဲတဲ့အားနဲ့ သူ့အချင်းချင်း ပြန်ဆွဲတဲ့ အားက မျှခြေကို ပြန်ရောက် သွားတဲ့ အတွက် ဒီအတိုင်း ဆက်ပြီး တည်မြဲ နိုင်ပါတယ်။ တကယ်လို့ ကြယ်ရဲ့ ဒြပ်ထုက သိပ်ကို ကြီးနေခဲ့ရင်တော့ အဲဒီ မျှခြေ မှာ မရှိတော့ပါဘူး။ အကုန်လုံး ဖိသိပ်ပူးကပ်ပြီး တသားတည်း ဖြစ်ကုန်မှာပါ။ ကြံရိုးက လက်နဲ့ညှစ်ရင် ဘာမှ မဖြစ် ပေမယ့် ကြံကြိတ် စက်ထဲ ထည့်ကြိတ် လိုက်ရင် ပြားသွား တာပဲ မဟုတ်လား။ အဲဒီလို တသားတည်း ဖြစ်သွားတာကို singularity လို့ ခေါ်ပြီးတော့ ဒါဟာ black hole ရဲ့ core ပါပဲ။ ဒါတွေနားလည်ဖို့က ရူပဗေဒ အခြေခံတော့ လိုပါတယ်။ ကျနော်လည်း မမှီမကမ်း လိုက်ရှင်းနေရတာဗျို့။ ဝါးတားတားပဲဗျ။ :P
(၅) ဒီကိစ္စက ကျနော်လည်း ရေရေရာရာ မသိဘူးဗျ။ black hole ဆိုတာ ရှိသလို ကြယ်စု အသစ်တွေ ပေါ်ပေါ်လာတဲ့ white hole ဆိုတာလည်း ရှိတယ် လို့ အယူအဆတွေ ရှိပါတယ်။ black hole က စုပ်၊ white hole မှာ ပြန်ပေါ်ပေါ့။ အဲဒီ နှစ်ခုကို ဆက်စပ်ပေးတာက wormhole ပါတဲ့။ သူတို့ hypothesis တွေမှာကျတော့ ကြယ်စုတွေက အဲဒီ လည်ကျဉ်းလေး ထဲကပဲ ဖြတ်ထွက် သလိုလို။ ဒါပေမယ့် လက်ရှိ ရူပဗေဒ စံနဲ့ကျတော့ သိပ်ပြီး ယုတ္တိ မတန်တော့ အများစုက မယုံကြည်ပါဘူး။ စကြာဝဠာက ကွေးနေတယ် ဆိုတဲ့ ကိစ္စကလည်း hypothesis အနေနဲ့ ရှိပါတယ်။ သုံးဖက်တိုင်း Dimension ထဲကနေ ထွက်ပြီး စဉ်းစား ရမယ် ထင်တယ်။ သူတို့ ချထားတဲ့ hypothesis ကို ဘေးကပုံမှာ ပိုပြီး မြင်သာမှာပါ။ ကျနော်တို့ဆီကနေ အလင်းနှစ် သန်းပေါင်းများစွာ ဝေးတယ်ဆိုတဲ့ ကြယ်တွေဆီက အလင်းတွေက ပုံမှာ ပြထားသလို ခေါက်ပြီးတော့ ရောက်လာတယ် လို့ ဆိုပါတယ်။ အဲဒါကြောင့် အလင်းရောင် နဲ့ တိုင်းတာ တဲ့ အခါ နှစ်သန်း ပေါင်း များစွာ ဝေးနေတာ ဖြစ်ပြီး တော့ တကယ် တမ်းက ပုံမှာ ပြထား သလို နီးနီးလေး လို့ ဆိုပါတယ်။ ဘာလို့ ဖြတ်လမ်း ကနေ အဖြောင့် မလာပဲနဲ့ အဲလို ရှည်ရှည် ဝေးဝေး ခေါက်ပြီး လာနေရလဲ ဆိုတာတော့ ဖြေရှင်းချက် မတွေ့မိပါဘူး။ အဲဒီမှာ အလင်းလို မဟုတ်ပဲနဲ့ ဖြတ်လမ်း အနေနဲ့ wormhole ရဲ့ လည်ကျဉ်း ထဲကနေ ဟိုဘက်ကို ချက်ချင်း ရောက်သွား နိုင်တယ်လို့ ဆိုပါတယ်။ ဝက်ဘ်ဆိုဒ် တွေမှာရော စာအုပ်တွေ ထဲမှာရော ရေလည်အောင် ရှင်းပြ ထားတာ မတွေ့မိပါဘူး။ ပရော်ဖက်ဆာ တစ်ယောက်ယောက်ကို မေးမယ် ဆိုရင်လည်း ကျနော် နားမလည်တဲ့ 6 dimension တွေ 8 dimension တွေနဲ့ ရှင်းမှာ ဆိုတော့ ဘာမှ ထူးပြီး သိလာမယ် မထင်ပါ။ လေ့လာလို့ သိလာရင် ချက်ချင်း ပို့စ်တင်ပေးပါ့မယ်ဗျာ။
(၆) အဲဒီ မေးခွန်းနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာကို နောက်ထပ်တင်မယ့် တွင်းနက် (black hole) - ၃ မှာ လာဖတ်ပါခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

5 comments:

မောင်ဖားကြီး said...

wormhole ဆိုတာတော့ ကြားဖူးသလိုရှိသားဗျ...
စကြာဝဠာ ဟိုဘက်ဒီဘက်ကို ခဏခြင်း သွားနိုင်တယ်
ဆိုတာမျိုးလား... ကျွန်တော် သေချာတော့ မသိပါဘူး။ ကြားဖူးနားဝ ပြောကြည့်တာ။
အလင်းတွေ ကွေးလို့ဝေးသွားတယ် ထင်ရတာဆိုတာ
သိရပါတယ် ခင်ဗျာ။ ဖြစ်နိုင်မယ်ထင်ပါတယ်။

Dr Phyo Wai Kyaw said...

ကိုခွန်းရေ
ဆွေးနွေးခွင့်ပြုပါ။

ဒြပ်ထုတစ်ခုနားကို အလင်းရောက်ရင် အလင်းဟာကွေးသွားပါတယ်။ ဒါကို အိုင်းစတိုင်းရဲ့ ယေဘုယျ ရီလေတီဗီတီမှာ ခုလို ဥပမာနဲ့ ရှင်းတယ်။ ငါးဖမ်းတဲ့ ပိုက်ကွန်ပေါ်မှာ ခဲလုံးတစ်လုံးတင်လိုက်ရင် ပိုက်ကွန်ကြီးကွေးသွားရသလိုပဲ တဲ့။
ဒြပ်ထုရှိတဲ့ ၀တ္ထုနားကို ရောက်ရင် အလင်းအပါအ၀င် စကြာဝဠာကြီး တစ်ခုလုံးဟာ ကွေးသွားတာပါပဲတဲ့။
ဒါဟာ ရီလေတီဗီတီ ကဆိုတယ် ဆိုပေမဲ့ နောက် ဆယ်စုနှစ် ၂စု အတွင်းမှာ ဒီအဆိုမှန်တယ် လို့ လက်တွေ့ ရူပဗေဒသမားတွေက သက်သေပြနိုင်ခဲ့တယ်။

အလင်းကွေးခြင်းအပေါ် နယူတန်ရဲ့ သီအိုရီအရတော့ ဒြပ်ဆွဲအားကြော့င့် ကွေးတယ်လို့ ရှုမြင်တယ်။ ဒီလို၇ှုမြင်တာလည်း မှန်တာပါပဲ။ ဒါပေမဲ့ စကြာဝဠာ နဲ့ အလင်းနယ်ပယ်မှာတော့ သိပ်ပြီးအသုံးမတည့် ဘူး။

ကိုင်း နောက်ပိုစ့်ကို စောင့်နေမယ် ဗျို့။ ဒါပေမဲ့ အလျင်စလိုလည်း မတင်ပါနဲ့ ဗျာ။ ခဏလေးနဲ့ ဖတ်ပြီးတာတွေ မဟုတ်လို့ပါ။ ခဏခဏ လာလာဖတ်ရတယ်။နားလည်အောင်။

အဆင်ပြေချမ်းမြေ့ပါစေ။

Unknown said...

ကိခွန်းနဲ့အဖွဲ့သားအားလုံးကိုကျေးဇူးတင်ပါတယ်
လေးလေးနက်နက်တင်ပါတယ်၊ပြန်ဆွေးနွေးဖို့အရည်ချင်း
မရှိပေမဲ့ဒီစာတွေကို့ရင့်ထုပ်ပြီးဖတ်ရလောက်အောင်ကိုတန်ဖိုးထားပါတယ်ခင်ဗျား
လေးစားစွာဖြင့်

ခွန်း said...

ဟုတ်ပြီဗျို့..။ ကိုအလှတရား ပြောလိုက်တာ ဆက်လိုက်ဖို့ လမ်းစ ရသွားတယ်။ အဲအချက်ကို ကျနော်မတွေ့မိတာဗျ။ အခုလို ပြောပြတာ ကျေးဇူးပါဗျာ။ ကိုဖားကြီးနဲ့ ကို upasaka တို့ ဝင်ဆွေးနွေးပေးတာလဲ ကျေးဇူးပါတယ်။
ပရင့်ထုတ်ပြီး ဖတ်တယ်ဆိုလို့ တကယ့်ကို ဝမ်းမြောက်မိပါတယ်။ အခုလို အားပေးတာ အများကြီး ကျေးဇူးတင်ပါတယ်ဗျာ။

ဗီလိန် said...

ကိုခွန်းရေ့ ကျနော်လည်းမရောက်တာကြာလို့ အခုမှပဲဖတ်ဖြစ်တယ်ဗျာ။ အလင်းယိုင်တာနဲ့ပတ်သတ်လို့ ကျနော် ၁ ခုလောက်ဝင်ပြီးဆွေးနွေးချင်တယ်။ ဆရာတော် ဦးကောသလ္လရဲ့ တရားတော်တစ်ခုထဲမှာ နာလိုက်ရတာလေးပါ။ စတွင်း သီအိုရီဆိုတာ လေ။ စာလုံးတော့မပေါင်းတတ်ဘူးဗျာ။ အဲဒီ စတွင်း သီအိုရီကြောင့် ဘုရားရှင်ဟာ နတ်ပြည်ကို ခြေတစ်လှမ်းထဲနဲ့သွားနိုင်ခဲ့တာ ဆိုတဲ့ကိစ္စလေးပါ။ နတ်ပြည်ဆိုတာက အဲ့ဒီ worm whole ကနေ သွားလို့ရောက်မယ့် နေရာလို့ထင်ပါတယ်။ နည်းနည်းလောက်ဆွေးနွေးပေးပါဦး။

Related Posts Plugin for WordPress, Blogger...