Saturday, November 1, 2008

တွင်းနက် (Black Hole) - ၁

မားစ်အကြောင်းကို အရင်တင်မယ်လို့ စဉ်းစားထားပေမယ့် black hole အကြောင်း သိချင်တဲ့သူတွေ များနေတဲ့ အတွက် black hole ကို တင်ပေးလိုက်ပါတယ်။ အမှန်တော့ အခု ကျနော် ရေးမယ့် အကြောင်းအရာက ပဒုမ္မာ ဖိုရမ်မှာ တော့ပစ် တစ်ခု အနေနဲ့ ဆွေးနွေး ခဲ့ပြီးပါပြီ။ engineer4mm.com မှာလဲ အပိုင်း တော်တော် များများ တင်ပြီး ပါပြီ။ အဲဒီမှာ မဖတ် ရသေးတဲ့ သူတွေ အတွက် ဒီမှာ တင်ပေး လိုက်ပါတယ်။
Black Hole ဆိုတာ သီအိုရီအရ အင်မတန် သိပ်သည်းဆ ကြီးလှတဲ့ အာကာသ အတွင်းက အရာ ဝတ္ထု တစ်ခု ဖြစ်ပါတယ်။ အင်မတန် ပြင်းထန် လှတဲ့ ဆွဲငင် အားကြောင့် ဘယ်လို အရာ မဆို (electromagnetic radiation တွေက အစ) သူ့ဆီ ကနေ လွတ်ထွက် မသွား နိုင်ပါဘူး။ စကြာဝဠာ ထဲမှာ အလျှင်မြန် ဆုံးဖြစ်တဲ့ အလင်းရောင် တောင် သူ့ဆီ ကနေ လွတ်ထွက် မလာနိုင်တဲ့ အတွက် ပိန်းပိတ် အောင် မှောင်နေတဲ့ အရာ တစ်ခုပဲ ဖြစ်ပါတယ်။
Black Hole theory ကို စတင် ခဲ့တဲ့ သူကတော့ ဂျာမန် နတ္ခတ္တဗေဒ ပညာရှင် Karl Schwarzschild ဖြစ်ပါ တယ်တဲ့..။ အိုင်စတိုင်းရဲ့ ရီလစ်တီဗတီ သီအိုရီ ပေါ်မှာ အခြေ ခံတယ်လို့ ဖတ်ဘူး ပါတယ်..။ ဘေးက ပုံက Stellar Evolution ရဲ့ပုံပါ..။ ကြယ်တစ်စင်း မွေးဖွား ချိန်ကနေ သေဆုံး ချိန်အထိ အဆင့်ဆင့် ပြောင်းလဲ ပုံကို ပြထား တာပါ...။ အဲဒီပုံ အရ ဆိုရင်တော့ black hole ဆိုတာ ကြယ်ကြီး တစ်လုံးရဲ့ ရုပ်အလောင်း လို့ ပြောရင် ရမလားပဲ..။ ကြယ်တစ်စင်း မွေးဖွားခြင်းရဲ့ လက်သည် ကတော့ ဒြပ်ဆွဲအားပါ..။ နက်ဗြူလာ ဆိုတဲ့ ဓာတ်ငွေ့ တွေ ဖုန်မှုန့်တွေ ပါဝင်တဲ့ တိမ်တိုက် ကြီးထဲမှာ အခြင်းခြင်း ဆွဲငင် ရာကနေ အစုအဝေး တစ်ခု ဖြစ်လာ ပါတယ်..။ အဲဒီ အစု အဝေးရဲ့ အလယ် ဗဟိုဟာ တဖြည်းဖြည်း သိပ်သည်း လာတဲ့အခါ ဖိအားလည်း များပြား လာပါတယ်..။ များပြား လာတဲ့ ဖိအားကြောင့် အပူချိန် တဖြည်း ဖြည်းချင်း မြင့်တက် လာပါတယ်..။ အဲဒီ အဆင့်ဟာ protostar ပါပဲ..။ protostar ရဲ့ အတွင်းဘက် အပူချိန်ဟာ 10 million degrees C (18 million degrees F) ကို ရောက်တဲ့ အချိန်မှာ သူဟာ star အဖြစ်ကို ရောက်သွား ပါပြီ..။ ပုံမှာ protostar ဖြစ်လာပုံ အဆင့်ဆင့်ကို ပြထားပါတယ်။
ဒီနေရာမှာ star ရဲ့ စွမ်းအင် ထုတ်ပေးပုံကို နည်းနည်း ရှင်းပြဖို့ လိုပါ လိမ့်မယ်..။ ကျနော်တို့ နေ အဖွဲ့အစည်း က နေဟာ ဘယ်လိုနည်းနဲ့ အပူနဲ့ အလင်း ကို ထုတ်ပေး နေပါသလဲ..။ ကျနော်တို့ သုံးစွဲနေတဲ့ ရေနံ၊ ကျောက် မီးသွေး ဆိုတာတွေ လောင်ကျွမ်း နေတဲ့ မီးဘောလုံး ကြီးပဲလား..။ အဲလို ရုပ်ကြွင်း လောင်စာ မျိုးသာဆိုရင် နေဟာ နေ့စဉ် ဒီလောက် စွမ်းအင် ထုတ်ပေးဖို့ သူ့ရဲ့ ဒြပ်ထု ပမာဏဟာ အလွန်ဆုံး နှစ် ၂၀၀၊ ၃၀၀ ပဲ ခံပါ လိမ့်မယ်..။ ဒါပေမယ့် နေအဖွဲ့ အစည်း တည်ရှိနေခဲ့တာ နှစ်သန်း ထောင်နဲ့ ချီပြီး ကြာခဲ့ပါပြီ..။ ဒီလောက် အကြာ ကြီး စွမ်းအင် တွေပေးဖို့ နေဟာ ဘယ်လို အရင်း အမြစ် ကိုများ သုံးပါသလဲ..။ သိပ္ပံ ပညာရှင် တွေက စပက်ထရို စကုပ်မှာ နေကလာတဲ့ အလင်းရောင်ကို ရောင်စဉ် ခွဲကြည့် တဲ့အခါ.. ကမ္ဘာပေါ်မှာ တွေ့နေကျ မဟုတ်တဲ့ လိမ္မော်ရောင် မျဉ်းကြောင်း တစ်ခုကို တွေ့ရ ပါတယ်တဲ့..။ အဲဒီကနေ အဲဒီ အရောင်ကို ဖြစ်စေတဲ့ ဟီလီယံ ဓာတ်ငွေ့ဟာ နေပေါ်မှာ အများအပြား ရှိကြောင်းနဲ့ နေရဲ့ စွမ်းအင် အရင်း အမြစ် ကိုပါ သိခဲ့ကြပါတယ်..။ နေဟာ nuclear fussions ဖြစ်စဉ်နဲ့ စွမ်းအင်တွေ ပေးနေတာပါ..။ ဟိုက်ဒရိုဂျင်ကို ဟီလီယမ် အဖြစ်ပြောင်းပြီး ထွက်လာတဲ့ စွမ်းအင်ကို အပူနဲ့ အလင်းအဖြစ် ပေးနေတာ ဖြစ်ပါတယ်..။ (ဒီ အကြောင်းကို နေ (The Sun) ပို့စ်တွေမှာ ရေးခဲ့ ပြီးပါပြီ၊ မဖတ် ရသေးတဲ့ သူတွေ အတွက် ပြန်ရေး ပေးတာပါ)။ ပရိုတိုစတား တစ်လုံးရဲ့ အလယ်မှာ nuclaear fussion ဖြစ်စေဖို့ လုံလောက်တဲ့ အပူချိန်ကို ရတဲ့ အခါမှာတော့ သူဟာ စတား တစ်လုံးဘ၀ကို ရောက်ရှိပြီး သူ့ပါတ်ဝန်းကျင်ကို အပူနဲ့ အလင်းတွေ ပေးပါတော့တယ်..။
အဲဒီ စတား ဟာ အပေါ်မှာ ရေးခဲ့သလိုပဲ ဟိုက်ဒရိုဂျင်ကို ဟီလီယမ် အဖြစ် ပြောင်းပြီး စွမ်းအင် ပေးပါတယ်။ သူ့ရဲ့ အီကွေးရှင်းက ဘေးမှာ ပြထားတဲ့ အတိုင်းပါပဲ။ အီကွေးရှင်းမှာ ပြထားတဲ့ အတိုင်း deuteron ( အလယ်တွင် ပရိုတွန်တစ်လုံး နယူထရွန် တစ်လုံး ပါသော ဟိုက်ဒရိုဂျင် အက်တမ်) နှစ်လုံး ပေါင်းတာဟာ ဟီလီယမ် တစ်လုံး နယူထရွန် အလွတ် တစ်လုံးနဲ့ 3.2MeV ရပါတယ်..။ 3.2 MeV ဆိုတာ ဟိုက်ဒရိုဂျင် အက်တမ်လေးနဲ့ စာလိုက်ရင် ကြီးမားတဲ့ ပမာဏပါ..။ အက်တမ် ပမာဏ နည်းနည်းနဲ့ စွမ်းအင် များများ ထုတ်နိုင်ပါတယ်..။ ဒါပေမယ့် ကြယ်တွေ ပိုင်ဆိုင် ထားတဲ့ မရေမတွက်နိုင်တဲ့ ဟိုက်ဒရိုဂျင် ဆိုတာလည်း အကန့်အသတ် မရှိတဲ့ အရာ မဟုတ် ပါဘူး.. တစ်နေ့တော့ ကုန်သွားမှာပါပဲ..။ ဟိုက်ဒရိုဂျင် လောင်စာ ကုန်ကာနီးရင် ကြယ်ရဲ့ အလယ်က core ဟာ ကြုံ့ဝင် သွားပါ လိမ့်မယ်။ အလယ်မှာပဲ ဟိုက်ဒရိုဂျင်က ကျန်တော့တာကိုး..။ အပြင်လွှာ ကတော့ အပြင်ဘက်မှာရှိနေတဲ့ ဟိုက်ဒရိုဂျင် တွေကို လိုက်လံ လောင်ကျွမ်းရင်း ကျယ်ပြန့် လာပါလိမ့်မယ်..။ အပြင်လွှာရဲ့ အပူချိန်ဟာ နိမ့်ကျတဲ့အတွက် အနီရောင် ဖြစ်နေ ပါလိမ့်မယ်..။ သူ့ရဲ့ အရွယ် အစားဟာ ကျနော်တို့ နေရဲ့ အဆ ၁၀၀ ကနေ အဆ ၁၀၀၀ အထိ ကြီးပါလိမ့်မယ်..။ ကျနော်တို့ရဲ့ နေလည်း နောင်နှစ်သန်း ၅၀၀၀ ကြာရင် အဲဒီလို ပေါက်ကွဲ ပါလိမ့်မယ်..။ နေကဖြစ်လာတဲ့ red giant ရဲ့ အ၀န်း အ၀ိုင်းဟာ ကမ္ဘာပါတ် လမ်းကို ငုံမိတဲ့ အထိ ကြီးပါ လိမ့်မယ်..။ ကမ္ဘာက နေထဲကို ရောက်သွား မှာပါ..။
Red giant ဘ၀ကနေ နောက်ထပ် ဆက်ဖြစ် နိုင်တာက နှစ်မျိုး ရှိပါတယ်..။ တစ်မျိုးက planetary nebula ဖြစ်ပါတယ်..။ ကြယ်ဘ၀က အရွယ်အစား သိပ်မကြီး ခဲ့တဲ့ ကြယ်တွေပါ..။ ကျနော်တို့ နေလိုပေါ့..။ red giant ဖြစ်သွား ပြီးတဲ့အခါ သူ့ရဲ့ သိပ်သည်းဆ အရမ်း နည်းပြီး အရွယ်အစားက အရမ်းကြီးနေတဲ့ အတွက် unstable ဖြစ်လာပါ တော့တယ်..။ သူရဲ့ အပြင်ပိုင်း အလွှာတွေကို ဆွဲငင်အားနဲ့ ဆက် ထိမ်း မထား နိုင်တော့တဲ့ အတွက် တဖြည်းဖြည်းနဲ့ လွင့်ပါး ပျောက်ဆုံး ကုန်ပါတယ်..။ အဲဒီလိုနဲ့ အထဲမှာ ဂြိုဟ်တွေ ပါတ်နေတဲ့ ဓာတ်ငွေ့ တိမ်တိုက်ကြီး ဘ၀ကို ရောက်သွားပါတယ်..။
နောက်တစ်မျိုး ကတော့ အလွန်ကြီးမားတဲ့ ကြယ်ကြီးတွေ ပေါက်ကွဲတဲ့ အခါမှာ ဖြစ်တာမျိုးပါ..။ သူကတော့ ပြန့်ကား ထွက်သွားတဲ့ အပြင်လွှာမှာ ဟီလီယမ် တွေသာမက ဟိုက်ဒရိုဂျင် လောင်စာတွေပါ ပါသွားတာ ဖြစ်ပါတယ်..။ အဲဒီ လောင်စာတွေက ထက်ပြီးတော့ nuclear fusion reaction ဖြစ်တဲ့အခါ Supergiant လို့ခေါ်တဲ့ မဟာကြယ် ဘီလူး ကြီးတွေ ဖြစ်လာ ပါတော့တယ်..။ သူ့ရဲ့အ၀န်းအ၀ိုင်းဟာ ကျနော်တို့ နေအဖွဲ အစည်းလောက် ရှိမယ်လို့ ထင်ပါတယ်..။ အဲဒီကြယ်ဘီလူးကြီးတွေဟာ black hole ရဲ့ အလောင်းလျှာတွေပါပဲ..။

14 comments:

မိုးသောက် said...

အစ်ကိုရေ စာလာဖတ်တာပါ ..
ကျနော် သိပ်မရှင်းလို့ အစ်ကိုရ ..
ကြယ်တွေ လောင်စာကုန်သွားရင် ဂြိုလ်တွေ ဖြစ်တယ်
ကျနော်တို့ ကမ္ဘာပုံစံမျိုး ဖြစ်တယ်လို့ ငယ်ငယ်က ကျောင်းစာထဲမှာ သင်ခဲ့ရပါတယ် ..
အခု အစ်ကို့ထဲမှာကျတော့ black hole ဆိုတာ တစ်ခု ထပ်ထွက်လာတယ် .. အဲ့ဒါလေး ဖြစ်နိုင်ရင် ပြန်ရှင်းပြပေးပါဦး အစ်ကိုရေ..
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ

ခွန်း said...

ကြယ်တွေ လောင်စာကုန်သွားရင် ဂြိုဟ် မဖြစ်ပါဘူး ညီလေးရေ။ အခု ပို့စ်က အပေါ်က ဒုတိယမြောက် ပုံလေးကို ကြည့်လိုက်ပါ။ ကြည်တစ်လုံး စတင်ဖြစ်တည် ချိန်ကနေ ပျက်သုဉ်းချိန် အထိ အနေ အထား အဆင့်ဆင့် ကို ပြထားပါတယ်။ ဒီအကြောင်း သေချာသိချင်ရင် black hole ပို့စ် တွေအားလုံးကို သေချာ စောင့်ပြီးဖတ်ပါ။ အကြမ်း ပြောရင်ရင်တော့ -
၁။ နက်ဗျူလာ မှာ ကြယ်လောင်း စဖြစ်
၂။ ကြယ်ဖြစ်ပြီး အပူနဲ့ အလင်း ထုတ်
၃။ လောင်စာ ကုန်ကာနီးတော့ ပေါက်ကွဲပြီး မဟာကြယ်နီကြီး ဖြစ်
၎။ ကြယ်ကြီးနေရင် စူပါနိုဗာ၊ သေးနေရင် planetary nebula ဖြစ်မယ်
၅။ supernova ကနေ neutron star or black hole ဖြစ်မယ်
၆။ planetary nebular ကနေ white dwarf > red dwarf > brown dwarf > black dwarf ဆိုပြီး အဆင့်ဆင့် ပြောင်းလဲပြီး နောက်ဆုံးမှာ အေးစက်မာကျော မဲမှောင် နေတဲ့ အလုံးကြီး ကျန်ခဲ့မှာပေါ့။

sait phay yar said...

ကျေးဇူးအထူးတင်ပါတယ်။
ဒီဘလက်ဟိုးတွေကကြောက် တော့ကြောက်စရာကြီးနော်
မှတ်သားထားပါ့မယ်

Upasaka said...

ကျေးဇူးအရမ်းတင်ပါတယ် ကိုခွန်း ဘာဖြစ်လို့လဲဆိုတော့ ကျနော် တို့သာမန်အရပ်သားတွေအနေနဲ့ cosmology
စာပေကအရမ်းနည်းနေသေးတယ် လေ စောင့် ဖတ်နေပါတယ်Black Hole ပြီးရင် အလင်းမဲ့ဒြပ်အကြောင်းရေးပေးပါလို မေတ္တာရပ်ခံပါတယ် ခင်ဗျ။

ဟိန်းညီ said...

ကျေးဇူးပါပဲအစ်ကိုရေ..
စိတ်ဝင်တစားဖတ်ရှူသွားပါတယ်ခင်ဗျာ

mgngal said...

ဗဟူသုတတွေ မျှဝေပေးလို့  ကျေးဇူးပါ ။ စောင့်မျှော် နေပါ
တယ် ။ အဆင်ပြေပါစေ။

Younggun said...

black hole တွေက နက်ရှိုင်းပါတယ် ကျနော့်မမီသေးဘူးအစ်ကိုရေ။ ကြယ်တံခွန်အကြောင်းကိုတော့ မျှော်နေပါတယ်။ စိတ်ဝင်စားလို့ပါ။ ဟေလီနဲ့ဟေးဘော့ဆိုတဲ့ ကျနော်သိတဲ့ကြယ်တံခွန်နှစ်ခုကိုလည်း ရေးပေးပါဥိး။

အလှတရား said...

ဟက်ဟက်
ကဗျာဆန်ဆန်လေးမေးမယ်နော်။
ခွန်ဆန်လောနှင့် နန်းဦးပြင်ကြယ်
နှစ်လုံးအနက် တစ်လုံးက ကြယ်နီလေးလားလို့
ဟုတ်မဟုတ်..?
ပေါက်ပေါက်ရှာရှာမေးတာပါ
စာထဲလည်း ပါမှာဟုတ်ပါဘူး
အဆင်ပြေမှပဲ ဖြေပေတော့

ကျေးဇူးပါ။

ခွန်း said...

လာကွန့်ပေးတဲ့ သူတွေ အားလုံးကို အများကြီး ကျေးဇူးတင်ပါတယ်။ ကြယ်တံခွန်တွေ အကြောင်းကို မကြခင် တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကို အလှတရား မေးထားတဲ့ မေးခွန်းကတော့ တော်တော်ကို ကောင်းတယ်ဗျို့။ မေးတယ်ဆိုပေမယ့် အဖြေကို သိပြီးသား ဖြစ်နေမှာပါ။ အခုလို မေးလိုက်တော့ အများ သိရတာပေါ့။ ဟုတ်ပါတယ်။ မြန်မာလို မောင်ရင် ဆိုင်းထမ်း၊ ရှမ်းပုံပြင် ခွန်စံလော နှင့် နန်းဦးပြင်၊ အနောက်တိုင်းမှာ Orion လို့ခေါ်တဲ့ ကြယ်စုထဲက အတောက်ပ ဆုံး ကြယ်ဖြစ်တဲ့ Betelgeuse ကြယ်ဟာ ကမ္ဘာကနေ အလင်းနှစ် ၆၅၀ အကွာမှာ ရှိပြီးတော့ ဂျူပီတာ ဂြိုဟ်ရဲ့ ပါတ်လမ်းထက် နှစ်ဆလောက် ကြီးတဲ့ အချင်း ရှိတဲ့ Red Super Giant ကြီး တစ်လုံး ဖြစ်ပါတယ်ဗျာ။ ဒီမေးခွန်းလေး မေးတာ ကျေးဇူးပါ။ ခွန်စံလောနဲ့ နန်းဦးပြင် အကြောင်း သိကြပေမယ့် Greek mythology ထဲက Orion အကြောင်းတော့ သိသူ နည်းပါလိမ့်မယ်။ စိတ်ဝင်စားသူ ရှိရင် အဲ ပုံပြင်ကို ပို့စ်တင်ပေးပါ့မယ်။

အလှတရား said...

ဖြေပေးထားတာ..
ကျေးဇူးတင်တယ်ဗျာ
တယ်နှံ့စပ်တဲ့ လူပဲ
ဝမ်းသာတယ်ဗျို့
သိကျွမ်းရတာ။

Sumyat said...

အရမ်းကျေးဇူးတင်ပါတယ်.. ဟိုတလောက အဲ့အကြောင်း စာအုပ်တအုပ်ရှာဖတ်ဖူးပါတယ်.. အခုလိုဖတ်လိုက်တော့ ပိုရှင်းသွားသလိုဘဲ... white dwarf တို့ ဘာတို့ က သိပ်သည်းဆ အရမ်းများတယ်ဆိုလားဘဲ..စာအုပ်ထဲက ပုံထဲမှာ ယှဉ်ပြထားတာက pinhead နဲ့ သင်္ဘောကြီးတခု..

ဒီအကြောင်းတော့ ပို့ စ်ထဲမှာ မတွေ့ ဘူးလိုဘဲ.. black hole က အာကာသထဲမှာ အမည်းဘဲ ဆိုတော့ မြင်ဖို့ ကမလွယ်ဘူးတဲ့ .. နောက်ပြီးသူက အလင်းကိုလဲ မပြန်ဘူးဆိုလား .. အဲတော့ invisible light တွေကို သုံးပြီး black hole ဘယ်နားမှာရှိတယ်ဆိုတာ ခန့် မှန်းတယ်တဲ့ .. အဲဒီအကြောင်းလေး သိပ်မရှင်းလို့ ပါ.. အဲဒါလေး ဖြစ်နိုင်ရင်ရှင်းပြပေးပါလား.. ကျေးဇူးတင်ပါတယ်
ဂလက်ဆီရဲ့  ခလယ်မှာ နေထက် အဆမတန် ကြီးတဲ့  black hole တခုရှိတယ်လို့ တချို့ ကသုံးသပ်ထားတာ ဖတ်ဖူးပါတယ်.. အဲဒါကြီးသာ အရာဝတ္ထုတွေကို ဆွဲမယ်ဆိုရင်.. နေတောင်ပါနိုင်မလားမသိဘူးနော်

ခွန်း said...

ဟုတ်ကဲ့..။ ကိုအလှတရား မေးသွားတာလည်း အရမ်း ကျေးဇူး တင်ပါတယ်ဗျာ။ နှံစပ်တာတော့ မဟုတ်။ အဲကိစ္စက ဖိုရမ်တစ်ခုမှာ Orion ကြယ်စု အကြောင်း ပုံပြင်လေး တင်ပေးရင်းနဲ့ အမှတ်ရနေတာပါ။ " ကြယ်စုများရဲ့ သမိုင်း (သို့မဟုတ်) ဂရိ ဒဏ္ဍာရီ ထဲမှသူရဲကောင်းများ " ဆိုပြီး ဖိုရမ်မှာ တော့ပစ်တစ်ခု တင်ဖို့ ကြံစည်တုန်းက စုထားတာပါ။ ဒါပေမယ့် လူတွေ စိတ်မဝင်စားကြတာနဲ့ မတင်ဖြစ်ပါဘူး။ ဆုမြတ် မေးတဲ့ အကြောင်းအရာက အခု ဆက်တင်မယ့် ပို့စ်မှာ ပါလာမှာပါ။ ဂလက်ဆီ ရဲ့ အလည်က super massive galactic black hole ဆိုတာ hypothesis ရှိပါတယ်။ အဲဒီ အကြောင်းလဲ ထည့်ရေးပေးပါ့မယ်။ အခုလို မေးတာ ကျေးဇူးပါ။

Neo said...

ဒီ blog ကို ကိုဇော်ရဲ့ ဘလော်ဂ်ဂါများရဲ့ပို့စ်များ ကျေးဇူးကြောင့် ခုမှသိရတာ အသိတော်တော်နောက်ကျပါတယ်။ ကျေးဇူးပြုပြီး အချိန်ရရင်ရသလောက် ရေးပါဦးခင်ဗျား။ ကျွန်တော် စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို မြန်မာလိုဖတ်ခွင့်ရတာ ကျေးဇူးတင်မဆုံးပါ။ လေးစားအားကျမိပါတယ်။

talamo said...

တွင်းနက်ဖြစ်လာပုံကိုရေးတာ အဆင့်တွေ အများကြီး ကျော်နေပါတယ်။ ကြယ်များကို Low Mass Star နှင့် High Mass Star ဆိုပြီး ၂ မျိုးခွဲခြားထားတယ်လေ။ ပြီး ကြယ်များရဲ့ဆင့်ကဲဖြစ်စဉ် evolution ကို Hzprung-Russell (H-R) diagram ဖြင့်ရှင်းမှ ပေါ်လွင်တော့မှာပေါ့။ ကြယ်ရဲ့ ပေါက်ကွဲမှုမှာ နယူထရွန်တွေချည်းပဲ ကျန်နေလို့ neutron star ဖြစ်ပေါ်ကို ရှင်းပြရမယ်။ နောက်တဆင့်ကမှ တွင်းနက်ဖြစ်လာတာ။ ဒါတွေက အတိုဆုံးပြောထားတာ။

ကျွန်တော် အမေရိကန်နိုင်ငံ မှ ရူပဗေဒဘာသာရပ် (Theoretical Physics) ဖြင့် PhD ဘွဲ့ရခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မှာ Astronomy: Stars & Galaxies ဘာသာရပ်ကို ပထမနှစ် ကျောင်းသားတွေကို သင်ပေးဖူးတယ်။ မလေးရှားနိုင်ငံမှ တက္ကသိုလ်မှာ Stars & Galaxies ဘာသာ နှင့် Structure of Universe ဘာသာတွေကို သင်ခဲ့ဖူးတယ်။

Related Posts Plugin for WordPress, Blogger...