Thursday, October 30, 2008

စနေဂြိုဟ်ရဲ့ ကွင်းတွေ ပျောက်ကွယ်လာနေပြီလား (Are Saturn's Rings Disappearing?)

ညီမငယ် တစ်ယောက် ပေးထားတဲ့ လင့် တစ်ခုကို အခုမှ တွေ့လို့ ကြည့်မိတဲ့ အခါ စိတ်ဝင်စားစရာ ကောင်းနေလို့ ပို့စ် တစ်ခု အဖြစ် တင်လိုက်ပါတယ်။ အဲဒီ လင့်ကို ကြည့်ချင်ရင် ဒီနေရာကို နှိပ်လိုက်ပါ။ စနေဂြိုဟ် အကြောင်း ကျနော် မတင်ရသေးပါ ဘူး။ ဒါပေမယ့် အခြေခံ အားဖြင့်တော့ သိကြမယ် ထင်ပါတယ်။ စနေဂြိုဟ်ဘေးမှာ ပါတ်နေတဲ့ ကွင်းတွေ အကြောင်း သတိထားမိကြမယ် ထင်ပါတယ်။
၂၀၀၈ ခုနှစ် မတ်လ ၁၉ ရက်နေ့က နက္ခတ္တ ပညာရှင်တွေဟာ စနေဂြိုဟ်ရဲ့ ပြောင်းလဲမှုနဲ့ ပါတ်သတ်ပြီး သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းအရာက စနေဂြိုဟ်ရဲ့ ကွင်းတွေဟာ တဖြည်းဖြည်း ပါးလာ ပြီးတော့ လေ့လာရတာ ပိုပိုပြီး ခက်ခဲလာတဲ့ အကြောင်းပါ။ ဒီနှုန်းအတိုင်းသာ ဆိုရင်တော့ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ အရောက်မှာ စနေဂြိုဟ်ရဲ့ ကွင်းတွေ လုံးဝ မြင်ရတော့မယ် မဟုတ်ပါဘူး။
စနေဂြိုဟ်နဲ့ ပါတ်သတ်တဲ့ အချက်အလက် တစ်ချို့ကို ပြန်ကြည့် ရမယ် ဆိုရင် စနေဂြိုဟ်ဟာ နေကနေ မိုင်ပေါင်း ၈၉၃ သန်း အကွာမှာ တည်ရှိပြီးတော့ နေအဖွဲ့အစည်းက ဒုတိယ အကြီးဆုံး ဂြိုဟ် ဖြစ်ပါတယ်။ စနေဂြိုဟ် ရဲ့ ကွင်းတွေကရော ဘာတွေနဲ့ လုပ်ထားတာပါလဲ။ အလင်းရောင်၊ ဓါတ်ငွေ့၊ ရေနဲ့ ရေခဲ၊ ကျောက်တုံးအစန များ တွေထဲက ဘာလို့ ထင်ပါသလဲ။ Professor Phil Nicholson ကတော့ ရေ၊ လေ တိုက်စားလို့ ဖြစ်လာတဲ့ ကျောက်ခဲ အစအန လေးတွေ အရွယ်ကနေ minivan တစ်စင်း အရွယ်လောက် ရှိတဲ့ ကျောက်တုံးတွေ အထိ စနေဂြိုဟ်ရဲ့ ကွင်းတွေမှာ ပါတ်နေတယ်လို့ ဆိုပါတယ်။ နက္ခတ္တပညာရှင် တွေကတော့ ကျောက်တုံးအစအနများ၊ ရေနဲ့ ရေခဲ အပါအဝင် ဓါတ်ငွေ့တွေဟာ စနေဂြိုဟ်ရဲ့ ကွင်းတွေထဲမှာ ကျည်ဆံထက် အဆ ၆၀ မြန်တဲ့ နှုန်းတဲ့ ပါတ်နေတဲ့ အတွက် တစ်ချိန်မှာ သူတို့ ပျောက်ကွယ် သွားရမယ် လို့ ဆိုပါတယ်။
ဒါပေမယ့် အခု အဖြစ်အပျက် ကတော့ အဲဒီလို တစ်ခုနဲ့ တစ်ခု ပေါင်းစည်းပြီး ပျောက်ကွယ်သွားမှာ မျိုး မဟုတ်ပါဘူး။ ဒါက စနေဂြိုဟ်မှာ ၁၅ နှစ်ကြာတိုင်း ဖြစ်တတ်တဲ့ အဖြစ် တစ်ခုလို့ ဆိုပါတယ်။ စနေဂြိုဟ်ရဲ့ Ring plane crossings ဖြစ်ပါတယ်။ စနေဂြိုဟ်က နေကို နှစ် ၃၀မှာ တစ်ပါတ် ပါတ်ပါတယ်။ အဲဒီလို ပါတ်တဲ့ အခါ သူ့ရဲ့ angle of inclination ကြောင့် တိမ်းစောင်းပုံဟာ အချိန်နဲ့ လိုက်ပြီး ပြောင်းလဲနေပါတယ်။ (angle of inclination အကြောင်း ကမ္ဘာ့ဝင်ရိုးစွန်း များ ပြောင်းလဲ ခြင်းမှာ ရေးခဲ့ပြီးပါပြီ)။ သူ့ရဲ့ နှစ်၃၀ တစ်ပါတ် စက်ဝန်းမှာ သူ့ရဲ့ ကွင်းတွေဟာ နှစ်ကြိမ် တိတိ ကမ္ဘာရဲ့ မြင်ကွင်းနဲ့ တည့်မတ်စွာ ကျပါတယ်။ ( မြင်သာအောင် ပြောရရင် စက်ဝိုင်းတစ်ခုမှ 0 degree နဲ့ 180 degree ဟာ x axis မှာ အတည့် ကျသလိုပေါ့)။ အဲလိုဆိုတော့ အဲဒီကွင်းတွေဟာ ၁၅ နှစ်မှာ တစ်ခါ ကမ္ဘာရဲ့ မြင်ကွင်းက နေ ကွယ်ပျောက်မှာ ဖြစ်ပါတယ်။ စနေဂြိုဟ်ရဲ့ နေကို ပါတ်နေတဲ့ ကာလ အလိုက် ကမ္ဘာကနေ မြင်ရမယ့် ပုံကို အောက်မှာ ပြထားပါတယ်။
၂၀၀၉ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့မှာ စနေဂြိုဟ်ရဲ့ ကွင်းတွေကို မြင်ရတော့မှာ မဟုတ်ပဲ အဲဒီကနေ သုံးလ အကြာမှာမှ ဖြည်းဖြည်း ခြင်း ပြန်ပေါ် လာမယ် ဖြစ်ပါတယ်။ စနေဂြိုဟ် ရဲ့ ကွင်းတွေ ကွယ်ပျောက် သွားတဲ့ အချိန်မှာ အရင်က ကွင်းတွေက ကွယ်ထားတဲ လတွေကို တွေ့ရ နိုင်ပါတယ်တဲ့။ စနေဂြိုဟ်ရဲ့ လက်ရှိ သိပြီးတဲ့ လ ၁၈ ခုမှာ ၁၃ ခုမြောက်လဟာ ကွင်းတွေ ကွယ်သွားတဲ့ အချိန်မှာ တွေ့ခဲ့ တာဖြစ်ပါတယ်။ ဘေးက ပုံမှာ အသစ်တွေ့တဲ့ လတစ်စင်း ကို ပြထားပါတယ်။ အဲဒီ အချိန်မှာ ဟာဘယ်လ် မှန်ပြောင်း ဂြိုဟ်တုက စနေဂြိုဟ်ကို ချိန်ထားမှာ ဖြစ်ပြီးတော့ ကမ္ဘာပေါ်က တယ်လီစကုပ် တွေကလည်း စနေဂြိုဟ်ကို လေ့လာ ကြမယ် ဖြစ်ပါတယ်။ မြန်မာပြည် မှာလဲ star party တွေ လုပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။

11 comments:

Younggun said...

ကျွန်တော် မသိသေးတဲ့အရာအတွက် လေ့လာရကျိုးနပ်ပါတယ်။ နေကို နှစ် ၃၀မှာ တစ်ပါတ် ပါတ်ပါတယ်ဆိုတာ ဗေဒင်မှာလည်း သုံးပါတယ် ကောဇာအစီးအနင်းပေါ့။ စိတ်ဝင်စားစရာကောင်းတယ်။ ဖြစ်နိုင်ရင် ကြယ်တံခွန်အကြောင်း ဖတ်ချင်ပါတယ်။ နောက်ပြီး နေပေါ်က အစက်အပျောက်ကြီးတွေ အကြောင်းလည်း ဖတ်ချင်ပါတယ်။ ကျွန်တော်တို့ဗေဒင်နဲ့ ဆက်စပ်နေလို့ပါခင်ဗျာ။

ခွန်း said...

ဟုတ်ကဲ့ ..။ ကွန့်ပေးတာ ကျေးဇူးပါ ကို ရန်းဂန်း။ ရေးစရာတွေက များနေတော့ ဘယ်ကစလို့ စရမှန်း မသိ ဖြစ်နေတာပါ။ sun spot အကြောင်းကို နေအကြောင်း ရေးတုန်းက အကျဉ်းချုပ် ရေးပေးဖူးပါတယ်။ ကိုရန်းဂန်း ဖတ်ချင်တယ် ဆိုရင် နည်းနည်း ပြန်ရေးပေးပါ့မယ်ဗျာ။ ကြယ်တံခွန် ကြောင်းလဲ ရေးပေးပါ့မယ်။ လာအားပေးပါဗျာ။

Anonymous said...

အစ်ကိုရေ... star party ဆိုတာကြီးမရှင်းဘူးဗျ။
ပြောပြပါဦး။ :-)

ခွန်း said...

star party ဆိုတာ ညမှာ ကြယ်ကြည့်တဲ့ ပွဲတွေကို ပြောတာပါ။ မြန်မာပြည်က နက္ခတ်တာရာကြည့် ဝါသနာ ပါတဲ့သူတွေ လုပ်ကြတာပါ။ သူတို့မှာ တစ်ကိုယ်ရည်သုံး တယ်လီ စကုပ်တွေ ရှိကြတယ်။ ဈေးကြီး ပေမယ့် ဝါသနာ ပါလွန်းလို့ ဝယ်ထားကြတာတဲ့။ ဟိုတလောကတောင် မြန်မာပြည်က ကိုဘူးသီး ဆိုတာ လရဲ့ မျက်နှာပြင်ပုံကို ရိုက်ပြီး ပြိုင်ပွဲဝင်တာ ဆန်ကာတင်ထဲမှာ အရွေးခံထားရတာကို တွေ့ရတယ်။ ဒီနေရာမှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ မြန်မာတွေ ရှိနေပါပြီ။

မောင်ဖားကြီး said...

စနေဂြိုလ် ကွင်းတွေပျောက်တာရော
ကောလဟာလတွေ မထွက်သေးဘူးလား
ကျွန်တော်တို့ စလွင့်လိုက်ရင်ကောင်းမယ်ထင်တယ်
ဟီး.... ဟီး... ဗဟုသုတတွေများစွာ ရပါတယ်အစ်ကိုရေ

ခွန်း said...

မလုပ်နဲ့ ကိုဖားကြီးရေ။ အခုတောင် စနေဂြိုဟ် ကွင်းတွေ ပျောက်တာ ဟိုဂြိုဟ်ကြီး ဝင်လာလို့များလား ဆိုပြီး တွေးပြီး လန့်နေတဲ့ သူတွေ ရှိလို့ ဒီဟာက ဖြစ်နေကျ ကိစ္စပါလို့ ပြောထားရတယ်။ :P

ဟိန်းညီ said...

စနေဂြိုဟ်ရဲ့အကွင်းတွေခုလိုပျောက်တတ်တယ်
ဆိုတာကိုခုမှသိရပါတယ်အစ်ကိုရေ။ကျေးဇူးပါပဲ။
black holes တွေအကြောင်းစိတ်ဝင်စားတယ်အစ်ကိုရ။
ဦးလှိုင်သင်းရေးတာတော့ဖတ်ဖူးတယ်။ဒါပေမယ့်
နည်းပညာအရမ်းဆန်တော့နားမလည်ဘူး။အချိန်ရရင်တင်ပါလား
အစ်ကို။ဖတ်ချင်လို့ပါ။ ကျေးဇူး ။ :)

Dr Phyo Wai Kyaw said...

သဘောပေါက်သွားပြီဗျ
အမှန်က
ကွင်းတွေကို
မမြင်ရတော့တာပဲ
တစ်ခါတစ်လေ
သိပ်စဉ်းစားရတယ်ဗျာ
စာပဲဖတ်ဖတ် ဘာပဲလုပ်လုပ်
ခင်ဗျား နှံ့နှံ့စပ်စပ် ရှိတာ ကောင်းတယ်ဗျ
အဲဒီနယ်ပယ်မှာ အားကိုးရမဲ့သူ တစ်ယောက်နဲ့တူပါတယ်

I appreciate your effort!!

ခွန်း said...

လာကွန့်ပေးတဲ့ သူတွေကို အများကြီး ကျေးဇူးတင်ပါတယ်ဗျာ။ black hole တွေ အကြောင်း engineer4myanmar.com မှာ ကျနော် တင်ပေးဘူးပါတယ်။ အဲမှာ မဖတ်ရသေးတဲ့ သူတွေ များနေရင် ကျနော်ဒီမှာ ပြန်တင်ပေးပါမယ်။

Hsu said...

အခုမှဘဲ ရှင်းသွားတော့တယ်.. ဟီး.. အဲဒီ သတင်းစဖတ်လိုက်တုန်းက မျက်လုံးတောင်ပြူးသွားတယ် တချက်...အံ့သြဖို့ ကောင်းတယ်.. တခါမှအဲလို ပျောက်တတ်တယ်လို့ မကြားဖူးဘူးကိုး.. ရေးပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် :)

ခွန်း said...

အဲဒီလင့်ကို ပို့ပေးတဲ့ ညီမလေး ဆုမြတ် ကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ အစ်ကို လဲ အစက မသိဘူး။ အဲလင့်ကို တွေ့မှ သိတာ။

Related Posts Plugin for WordPress, Blogger...