Saturday, October 18, 2008

လ ( The Moon ) - ၂

ကျနော် အလုပ်မအားလို့ ပို့စ် မတင်နိုင်ပေမယ့် လာအားပေးကြသူတွေ အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်ဗျာ။ ပို့အသစ် တစ်ခု ရအောင် တင်မယ်လို့ ဆုံးဖြတ်ပြီး အရင်က အပြီးမသတ်ရသေးတဲ့ လအကြောင်း အပြီးသတ် တင်ပေးလိုက်ပါတယ်။ လာဖတ်တဲ့ သူတွေတိုင်းကို ကျေးဇူးတင်ပါတယ်ဗျာ။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၅၀၀ လောက်က မားစ်ဂြိုဟ်လောက် ကြီးမားတဲ့ အာကာသ အရာဝတ္ထုတစ်ခု ကမ္ဘာမြေကို ၀င်တိုက်မိခဲ့ပါတယ်။ တိုက်မိတဲ့ အတွက် လွင့်စင် ကွဲထွက်ကုန်တဲ့ အရာတွေဟာ ကမ္ဘာကို ကွင်းတစ်ခုအနေနဲ့ ပါတ်နေခဲ့ပါတယ်။ အဲဒီကွင်းထဲမှာ တိုက်မိတဲ့ အရာဝတ္ထုရဲ့ အနှစ်ပိုင်းဟာလဲ ပါတ်နေခဲ့တာပါ။ တစ်စ တစ်စ နဲ့ အဲဒီကွင်းထဲက အစအန အားလုံး အနှစ်ပိုင်းမှာ သွားပြီး ပေါင်းစည်း မိကြပါတယ်။ လဆိုတာ အဲဒီ တိုက်မိခြင်းကနေ မွေးဖွားပေး လိုက်တဲ့ ကမ္ဘာမြေရဲ့ ရင်သွေးပေါ့။ နှစ် သန်းပေါင်း ၄၅၀၀ ကြာလာတဲ့ ဒီနေ့အထိ အဲဒီလို ပြင်းထန်စွာ တိုက်မိခြင်းရဲ့ အမှတ်အသား ဖြစ်တဲ့ အမဲရောင် အစိတ်အပိုင်းတွေကို လ မျက်နှာပြင်မှာ တွေ့နေရ ဆဲပါ။ ဘာကြောင့် အဲဒီအမဲရောင် အမှတ် အသား တွေဟာ တိုက်မိ ခြင်းရဲ့ အမှတ်အသားတွေ လို့ ပြောရ တာလဲ ဆိုရင် သက်တမ်း နုနယ်စဉ်က လရဲ့ အတွင်းပိုင်း ဖွဲ့စည်း ပုံမှာ ပုံမှာ ပြထားတဲ့ အတိုင်း ရှိနေခဲ့ တဲ့ အတွက်ပါ။ အပြင်မှာ မာကျောတဲ့ မျက်နှာပြင်နဲ့ ကာထား ပေမယ့် အဲ မျက်နှာပြင် ရဲ့ အောက်မှာတော့ ပူပြင်း လောင်ကျွမ်း နေတဲ့ ချော်ရည် ပူတွေ ရှိနေသေးလို့ပါ။ ကြက်ဥ တစ်လုံးလို အရည်တွေကို အခွံမာနဲ့ ကာထားတာ မျိုးပါ။ တကယ်လို့ ဥက္ကာပျံ တစ်ခုက လရဲ့ မျက်နှာပြင် ကို အရှိန်ပြင်းစွာ ဝင်ဆောင့်မိခဲ့ရင် အပေါ်ရံ မြေလွှာကို ဖောက်ပြီး ချော်ရည်တွေ စိမ့်ထွက် လာပါလိမ့်မယ်။ အဲချော်ရည်တွေ အေးပြီး ခဲသွားရင်တော့ အဖြူရောင် မျက်နှာပြင် ပေါ်က အမဲရောင် အကွက်တွေ အဖြစ် မြင်ရမှာပါ။ အဲဒီလိုမျိုး လွန်ခဲ့တဲ့ နှစ်သန်း၃၀၀၀ လောက်အထိ ချော်ရည် စိမ့် ထွက်မှုတွေ ဖြစ်နေခဲ့ပါတယ်။ ဒီနေ့ ခေတ်မှာ တော့ လရဲ့ မျက်နှာပြင်ဟာ ကျောက်ပေါက်မာ ဗရပွ နဲ့ လူတစ်ယောက်ရဲ့ မျက်နှာလို ဥက္ကာပျံ ထိချက်တွေ တစ်ခုနဲ့ တစ်ခု ထပ်နေပါတယ်။ ထိချက် အဟောင်း တွေကို ထိ ချက် အသစ်တွေ ကဖုံးသွား ပါတယ်။ တချို့ ထိမှန်ချက် တွေဟာ အချင်း ကီလိုမီတာ ၉၀ လောက် အထိ ရှိတတ်ပါတယ်။ ဥက္ကာပျံ ထိမှန် ချက်တစ်ခု ကတော့ ပုံမှာ ပြထားသလို အလင်းပြန်အား ကောင်းတဲ့ ဒြပ်ဝတ္ထုတွေ ပါတ်ပါတ်လည်မှာ ရှိပါတယ်။ လရဲ့ မျက်နှာပြင်က အထင်ရှားဆုံး အမှတ်အသား တစ်ခုပါ။ အခြား ထင်ရှားတဲ့ နေရာ တစ်ခုကတော့ Alpine valley ဖြစ်ပါတယ်။ တကယ့် valley တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လရဲ့ တောင်တန်း တွေကို အရှည်လျှားဆုံး ပိုင်းဖြတ်ထားတဲ့ နေရာပါ။ သမဒ္ဒရာလို ညီညာတဲ့ လွင်ပြင်တွေနဲ့ ထုထည်ကြီး မားတဲ့ တောင်တန်းကြီးတွေ လည်း ရှိပါတယ်။ ဒါပေမယ့် လ ဆိုတာ လူနေလို့ ရတဲ့ နေရာ မဟုတ်ပါဘူး။ ညီညာပြန့်ပြူးမှု မရှိ၊ လေထုမရှိ တဲ့ အပြင် ဘာ သက်ရှိ မှလည်း မရှိပါဘူး။ နေ့ဘက်မှာ အပူချိန်ဟာ ၁၂၀ ဒီဂရီ စင်တီဂရိတ် ရှိပြီးတော့ ညကျရင်တော့ အနှုတ် ၆၀ ကနေ ၈၀ ဒီဂရီ လောက် အထိ ကျသွားတတ် ပါတယ်။ ဆွဲငင်အားက ကမ္ဘာရဲ့ ခြောက်ပုံတစ်ပုံ ပဲ ရှိပါတယ်။ ၁၉၆၉ ခုနှစ်မှာ အပိုလို ၁၁ ခရီးစဉ်နဲ့ နေးလ် အမ်းစထရောင်း နဲ့ အခြား အာကသယာဉ်မှုး တွေဟာ လပေါ်ကို ရောက် ခဲ့ကြပါတယ်။ ဒါပေမယ့် အာကသ ယာဉ်မှုး တွေဟာ အလံစိုက်ထူဖို့ အတွက်ပဲ အလုပ်ရှုပ် နေခဲ့ကြပြီး သိပ္ပံ စမ်းသပ်မှုတွေ အတွက်တော့ ကောင်းကောင်း အချိန်မပေး နိုင်ခဲ့ ကြပါဘူး။ လရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံကို အသံလှိုင်းတွေနဲ့ စစ်ဆေးကြည့် တဲ့ အခါမှာ လဟာ မာကျောတဲ့ အရာဝတ္ထုတွေနဲ့ ဖွဲ့စည်း ထားပြီးတော့ သူ့ရဲ့ ဗဟိုဟာ သတ္တုတွေနဲ့ ဖွဲ့စည်း ထားကြောင်း သိခဲ့ ကြပါတယ်။ အာကသ ယာဉ်မှုးတွေဟာ ကီလိုဂရမ် ၃၆၀ လောက် ရှိတဲ့ အရာ ဝတ္ထုတွေ ကမ္ဘာပေါ်ကို သယ်ခဲ့ကြပါတယ်တဲ့။ မီးတောင်ပေါက်ကွဲပြီး ထွက်လာတဲ့ အရာတွေနဲ့ လပေါ်ကို ဝင်တိုင်မိတဲ့ အရာ ဝတ္ထုတွေပါ။ ၁၉၉၈ ခုနှစ်က Lunar Prospector spacecraft ကို လွှတ်တင် ခဲ့ပါတယ်။ လရဲ့ မျက်နှာ ပြင်ကို ဓါတ်ပုံ ရိုက်ပြီး ပို့ခဲ့ ပါတယ်။ ပုံမှာ ပြထားတာ ကတော့ လမျက်နှာပြင် နှစ်ခြမ်းရဲ့ မြေ မျက်နှာ သွင်ပြင် အနိမ့် အမြင့် တွေပါ။ အဓိက ဦးတည်ချက်ကတော့ လပေါ်က ရေခဲနဲ့ ပါတ်သတ်တဲ့ အချက်အလက်တွေ လေ့လာဖို့ အတွက်ပါ။ neutron spectrometer ကို အသုံးပြုပြီးတော့ ရှာဖွေခဲ့ရာမှာ လပေါ်မှာ ရေခဲ ရှိနေကြောင်း တွေ့ခဲ့ရပါတယ်။ မြောက်ဝင်ရိုးစွန်းဘက်မှာ ၃၆၀၀ ကနေ ၁၈၀၀၀ စတုရန်းမိုင် အတွင်း ရေခဲဖုံးလွှမ်း ဧရိယာ ရှိပြီးတော့ တောင်ဝင်ရိုးစွန်းမှာ တော့ ၁၈၀၀ ကနေ ၇၂၀၀ စတုရန်း မိုင် အတွင်းမှာ ရှိနေကြောင်း တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ၂၁ ရာစုအတွင်း နောက်ဆုံး တိုင်းတာချက် အရကတော့ ဝင်ရိုးစွန်း တစ်ခုစီမှာ ၆၅၀ စတုရန်းမိုင်လောက်ပဲ ရေခဲဖုံးလွှမ်း ဧရိယာ ရှိနေကြောင်း တွေ့ရပါတယ်တဲ့။ စုစုပေါင်း ရေခဲဒြပ်ထုဟာ 6.6 billion tons လောက် ရှိပါမယ်တဲ့။ သူတို့က လပေါ်မှာ ရေရှိမရှိ ရှာဖွေတာဟာ အနာဂတ် အာကာသ လေ့လာမှု အတွက် ဖြစ်ပါတယ်။ လပေါ်အရောက် ကမ္ဘာကနေ ရေသယ်မယ် ဆိုရင် ရေ ၁ ကီလိုဂရမ် အတွက် ဒေါ်လာ ၂၀၀၀ ကနေ ၂၀၀၀၀ အထိ ကုန်ကျမှာ ဖြစ်ပါတယ်။ လပေါ်မှာ သိပ္ပံစခန်းတွေ ဆောက်ပြီး လူနေထိုင်ဖို့ စီစဉ်ရင် အဲဒီမှာ ရေမရှိနေလို့ ဘယ်လိုမှ အဆင်ပြေမယ် မဟုတ်ပါဘူး။ နောက်တစ်ခု.. ရေကို အောက်စီဂျင် ထုတ်ဖို့ ကုန်ကြမ်းအနေနဲ့ လဲ သုံးနိုင်ပါသေးတယ်။ လပေါ်မှာ ရှိနေတဲ့ ရေတွေဟာ လူသားတွေရဲ့ အာကသ လေ့လာမှု အတွက် ဘယ်လောက်အထောက် အကူပေးလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်ဗျာ။


ကျမ်းကိုး

၁။ http://www.daviddarling.info/encylopedia
၂။ http://www.nasa.gov
၃။ BBC Discovery, Space
၎။ http://www.wikipedia.org
၅။ Encarta Encyclopedia premium 2006

2 comments:

အလှတရား said...

ကိုခွန်း ..အချက်အလက်တွေကောင်းတယ်ဗျို့။
ကြိုးကြိုးစားစား ရှာဖွေထားရမှာပဲ။
လပေါ်မှာ ရေရှိနေတဲ့ကိစ္စ ဟာ အရေးပါတဲ့ကိစ္စနဲ့တူတယ်ဗျ။
ငယ်ငယ်က ဖတ်ခဲ့ရတဲ့ သိပ္ပံစာအုပ်အဟောင်းအမြင်းကြီးတွေမှာဆို
"ရေရှိရင် သက်ရှိ ရှိရမယ်"လို့အထိ ရေးခဲ့တာဗျ..
အနောက်တိုင်းသားတွေကလည်း အာကာသထဲထိ နယ်ချဲ့ဦးမဲ့ အစီအစဉ် ရှိဟန်တူတယ်။
သက်ရှိသာရှိခဲ့ရင် အများကြီး အကျိုးရှိပြီကိုး။

ခွန်း said...

ဝင် မန့်ပေးသွားတာ အများကြီး ကျေးဇူးတင်ပါတယ်ဗျာ။ ရေရှိတာ တစ်ခုတည်းနဲ့လည်း သက်ရှိ ရှိဖို့ မလုံလောက်သေးဘူးဗျ။ သင့်တင့်မျှတတဲ့ အပူချိန်၊ အထောက်အကူ ပေးမဲ လေထု၊ လိုက်လျောညီထွေ ဖြစ်မယ့် gravity ၊ အများကြီးပါပဲ။ Lifequest အကြောင်း ရေးရင် အဲဒါတွေ ထည့်ဆွေးနွေးပါမယ်။ လာဖတ်ပါဗျာ။

Related Posts Plugin for WordPress, Blogger...