ရာသီဥတု ပြောင်းလဲသလို နေ့တာညတာ တွေလည်း ကွာခြားပါတယ်။ တည်နေရာကို လိုက်ပြီးတော့ နေ့တာညတာ ကွာခြားမှုရဲ့ အတိုင်းအတာတွေ ခြားနားပါတယ်။
ယေဘုယျအားဖြင့်ကတော့ နွေမှာ နေ့တာ ရှည်ပြီး ဆောင်းမှာ ညတာ ရှည်တာပါပဲ။ သမဒ္ဒရာတွေကလည်း ကမ္ဘာ့ရဲ့ ရာသီဥတုကို အများကြီး ပြောင်းလဲ စေပါတယ်။ ကမ္ဘာတစ်ခုလုံးအနှံ့ အပူနဲ့ အအေး တို့ ကူးလူး စပ်ရှက်နေကြတာ ဖြစ်ပါတယ်။ အလွယ်တကူ စီးဆင်းနိုင်တဲ့ ရေ နဲ့ လေ တို့ဟာ ပူရာမှ အေးရာ၊ အေးရာမှ ပူရာတွေကို ဖြတ်သန်း စီးဆင်းကြပါတယ်။ အဲဒီလို ဖြစ်စေဖို့ အဓိက ဖန်တီးရှင်ကတော့ နေရဲ့ အပူပါ။ အီကွေတာမှာ တည့်မတ် နေရောင် ရတဲ့အတွက် ပူလာတဲ့ အခါ လေဟာ ပွတက်လာပြီးတော့ သူ့ထက် ပိုပြီး အေးနဲ့ နေရာကို စီးဆင်းပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် အီကွေတာ နဲ့ ၀င်ရိုးစွန်းတွေ ကြားမှာ လေစီး ကြောင်းတွေ ပေါ်လာတာ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ တိုက်ခတ်နေတဲ့ လေတွေဟာ အဲဒီလို အပူအအေး ကွာခြားချက်တွေ ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။ တကယ်လို့ ကမ္ဘာကသာ လည် မနေခဲ့ဘူးဆိုရင် သူတို့ဟာ မြောက်မှ တောင် ဒါမှမဟုတ် တောင်မှမြောက် ကိုပဲ တိုက်ခတ်ကြပါလိမ့်မယ်။
ဒါပေမယ့် ကမ္ဘာက လည်နေတဲ့ အတွက် လေဟာ အရှေ့ဘက်နဲ့ အနောက်ဘက်တွေကို ပါ ယိမ်းယိုင်ပြီး တိုက်ခတ်ပါတယ်။ ဂြိုဟ်တုက ကြည့်မယ်ဆိုရင် အာဖရိက မြောက်ပိုင်းမှာ အမြဲ တိမ်ကင်းစင် နေတာကို တွေ့ရမှာပါ။ အဲဒီအရပ်မှာ အပူ ကြောင့် ပင့်တင်ခံရတဲ့ လေတွေဟာ တောင်ဘက်ကို ၄င်း၊ မြောက်ဘက်ကို ၄င်း တိုက်ခတ်တဲ့ အတွက် တိမ်တိုက်တွေ ရောက် မလာနိုင်တာ ဖြစ်ပါတယ်။ လေ တိုက်ခတ်မှု ဟာ အတ္တလန်တိတ် သမုဒ္ဒရာ အတွင်း ပူနွေးတဲ့ လေစီးကြောင်းကို ဖြစ်ပေါ် စေပြီးတော့ ဥရောပတိုက် အနောက် ဘက် ပိုင်းမှာ ပူနွေးတဲ့ သမုဒ္ဒရာရဲ့ ပြုပြင်မှု ကို ရစေပါတယ်။ အဲဒီလို သမုဒ္ဒရာရဲ့ ပြုပြင် မှုကြောင့် ရာသီဥတုဟာ ဖြေးဖြေးချင်းပဲ ပြောင်းလဲ ပါတယ်။ အတ္တလန်တိတ် မြောက်ပိုင်းတွေမှာတော့ အဲဒီလို ပြုပြင်မှုတွေ မရှိတဲ့ အတွက် ရေခဲပြင်တွေ ဖုံးလွှမ်းနေပါတယ်။
ကျယ်ပြန့်တဲ့ သမုဒ္ဒရာ ရေပြင်မှာ နေမင်းရဲ့ အပူကြောင့် လေထုအတွင်း ပြင်းထန်တဲ့ မုန်တိုင်းကြီးတွေ ဖြစ်ပေါ်ပါတယ်။ မုန်တိုင်း အတွင်း လေတိုက် ခတ်မှု မြန်သထက် မြန်လာပြီး လေတိုက်နှုန်းဟာ လေတိုက် နှုန်းဟာ တစ်နာရီကို ကီလိုမီတာ ၃၀၀ အထိ ရှိတက်ပါတယ်။ တကယ်လို့ အဲဒီမုန်တိုင်း ကြီးတွေဟာ ကုန်းပေါ်ကို ရောက်လာခဲ့မယ် ဆိုရင်တော့ နာဂစ် မုန်တိုင်းလို အပျက်အစီး အများကြီး ဖြစ်စေတဲ့ ကပ်ဘေးတစ်ခု ဆိုက်ရောက် သလိုပါပဲ။ တောင်အမေရိက တိုက်ရဲ့ အနောက်ဘက် ပိုင်းက ပူနွေးတဲ့ ရေထုဟာ ကျယ်ပြောလှတဲ့ ပစိဖိတ် သမုဒ္ဒရာ အတွင်းကို တိုးဝင် စီးဆင်းပါတယ်။ အဲဒီ စီးဆင်းမှုဟာ အယ်လ်နီညို ရေစီးကြောင်းကို ဖြစ်စေတာပါ။
အယ်လ်နီညို ဆိုတာ သဘာဝတရားကြီး ရဲ့ အမျက်ဒေါသပါ။ သမုဒ္ဒရာရဲ့ အနောက်ဘက် ပိုင်းတွေကို အေး စေ ပြီးတော့ အရှေ့ဘက် ပိုင်းတွေကို တော့ ပူနွေးစေပါတယ်။ အနောက်ဘက် ပိုင်းမှာ မိုးလုံးဝနီးပါး မရွာ စေပဲနဲ့ အရှေ့ဘက် ပိုင်းမှာတော့ မိုးသည်းထန် စေပါတယ်။ ဒါပေမယ့် အယ်လ်နီညိုရဲ့ ဆိုးကျိုးတွေက အဲလောက်နဲ့ မရပ်ပါ။ တ ကမ္ဘာ လုံး ခံရတာ ဖြစ်ပါတယ်။ ပစိဖိတ် သမုဒ္ဒရာ ရဲ့ အရှေ့ဘက် ခြမ်း တလျှောက်မှာ ပြင်းထန်တဲ့ ရေလွှမ်းမိုး မှုတွေ ကြုံရပါတယ်။ အင်ဒိုနီးရှား မှာတော့ ခြောက်သွေ့ပြီး မီး လောင်ကျွမ်းမှု တွေ ဖြစ်ပေါ်စေ ပါတယ်။ သြစတေးလျှ မှာလည်း မိုးမရွာပဲ ကန္တာရ ရာသီဥတု ဖြစ်စေပါတယ်။ ကမ္ဘာအကြောင်း ရေးစရာ တပုံတပင် ပေမယ့် အခြားဂြိုဟ်တွေ အကြောင်း ရေးစရာ ရှိနေတဲ့ အတွက် ဒီမှာပဲ နားလိုက်ပါ့မယ်။
ကျမ်းကိုး
၁။ BBC Discovery, Space
၂။ http://www.wikipedia.org
၃။ Encarta Encyclopedia premium 2006




ကျမ်းကိုး
၁။ BBC Discovery, Space
၂။ http://www.wikipedia.org
၃။ Encarta Encyclopedia premium 2006
0 comments:
Post a Comment