နေမင်းကြီးကနေ ကီလိုမီတာ သန်း ၁၅၀ လောက် အကွာမှာတော့ မယုံကြည်နိုင်လောက် အောင် ပြည့်စုံကောင်းမွန်တဲ့ ဂြိုဟ်တစ်လုံး ရှိပါတယ်။
သူကတော့ လှပတဲ့ အပြာနုရောင် စက်လုံး တစ်ခု ဖြစ်တဲ့ ကျနော်တို့တွေ အားလုံးရဲ့ အိမ်ပါ။ နေမင်းကနေ တွက်ရင် သုံးခုမြောက် ဂြိုဟ်၊ ပထမဆုံး ဂြိုဟ်ရံလ ပိုင်ဆိုင်တဲ့ ဂြိုဟ်၊ ကျနော်တို့ရဲ့ ကမ္ဘာပဲပေါ့။ ကျနော်တို့ရဲ့ ကမ္ဘာပေါ်မှာ ရေတွေ လည်ပါတ် စီးဆင်း ပါတယ်။ ကျနော်တို့ ကမ္ဘာမှာ သမုဒ္ဒရာတွေ ရှိပါတယ်။ ရေခိုးရေငွေ့ တိမ်တိုက်တွေနဲ့ လေထုကြီးလဲ ရှိပါတယ်။ ရေခဲပြင်တွေလဲ ရှိပါတယ်။ ရေမရှိ၊ ခြောက်သွေ့ တဲ့ ကန္တာရတွေ ရှိသလို အသက်ဇီဝ အများအပြား ပေါက်ဖွားတဲ့ နေရာတွေလဲ ရှိပါတယ်။ အခုချိန်အထိ သိထားရသလောက် ကမ္ဘာဆိုတာ အသက် ဇီဝ ဖြစ်တည်ရာ တစ်ခု တည်းသော ဂြိုဟ်ပါပဲ။ အဲဒီ အသက် ဇီဝကပဲ ကမ္ဘာမြေကို ထူးခြားစေတာပါ။ ကမ္ဘာရယ်လို့ စဖြစ်ကာစကတော့ ဘာအသက်ဇီဝမှ မရှိခဲ့သလို ဘာရေမှလည်း မရှိပါဘူး။ နှစ်သန်း ၄၅၀၀ လောက်က
လေးလံတဲ့ အရာဝတ္ထုတွေဟာ ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်းအနှစ်အဖြစ် စပြီးဖွဲ့စည်းခဲ့တာပါ။ အတွင်းပိုင်း အနှစ်မှာ သံ နဲ့ နီကယ် တွေ အဓိက ပါဝင်ပါတယ်။ အတွင်းပိုင်း အနှစ်ရဲ့ အပြင်မှာ အပြင်ပိုင်းအနှစ်၊ အဲဒီ အပြင်မှာ အကာပိုင်း ရှိပါတယ်။ အပေါ်က ပုံကတော့ ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်း ဖွဲ့စည်း ပုံကို wave တွေလွှတ်ပြီး တိုင်းတာတဲ့ ပုံပါ။ ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်း အနှစ်ဟာ သူ့ရဲ့ အပြင်က ပူပြင်းပြီး အရည်ပျော်နေတဲ့ အပြင်ပိုင်း အနှစ်ထဲမှာ ရွေ့လျှားမှု ဖြစ်တဲ့အခါ ကမ္ဘာမြေကြီးရဲ့ magnetic pole တွေရဲ့ တည်နေရာ ပြောင်းလဲ ပါတယ်။ တကယ်လို့ magnetic poles တွေက တောင်နဲ့
မြောက် တည့် ပြောင်းသွားရင်တော့ ငှက်တွေအတွက် ကပ်ဘေးတစ်ခု ကျသလိုပါပဲ။ ပြောင်းလဲသွားတဲ့ magnetic pole တွေနဲ့ အသားကျနေ နိုင်ဖို့ ပြောင်းလဲရပါတယ်။ အပြင်ပိုင်းအနှစ်ရဲ့ ပူပြင်းလှတဲ့ ချော်ရည် တွေဟာ အကာပိုင်းကို ဖြတ်ပြီး ကမ္ဘာ့ မျက်နှာပြင်ကို ထွက်ဖို့ ကြိုးစားပါတယ်။ အဲဒီဖြစ်စဉ် ကြောင့် ကမ္ဘာ့ အပေါ်ရံလွှာရဲ့ မြေမျက်နှာပြင်ဟာ တိုက်ကြီး တွေ အဖြစ် ကွဲထွက် သွားစေပါတယ်။ အဲဒီ ဖြစ်စဉ် အတွက် သက်သေ ပြချက်အဖြစ် သမုဒ္ဒရာတွေရဲ့ ကြမ်းပြင်တွေမှာ ချော်ရည် တွေ အကာပိုင်းကို တိုးထွက်လာလို့ ရွေ့လျှားပြီး တိုက်ကြီးတွေ အဖြစ် ဆက်စပ် ဖွဲ့ စည်းစေတဲ့ ကျောက်ချပ် ကြီးတွေ ထိတွေ့ရာ
လမ်းကြောင်းတွေကို တွေ့နိုင်ပါတယ်။ အဲဒီလို ကျောက်ချပ်ကြီးတွေ ဆုံတဲ့ သမဒ္ဒရာ ကြမ်းပြင်တွေမှာ မီးတောင် နဲ့ ဓါတ်ငွေ့တွေ ပန်းထွက် နေတဲ့ နေရာတွေ ရှိတတ် ပါတယ်။ အသက်ဇီဝဆိုတာ အဲလိုနေရာတွေမှာ စဖြစ် တယ်လို့ ယူဆ ကြပါတယ်။ ကုန်းမြေ ပေါ်မှာတော့ အသက်ဇီဝ ဆိုတာ အစိမ်းရောင် အပင်တွေနဲ့ စခဲ့ပါတယ်။ အစိမ်းရောင် အပင်တွေဟာ အောက်ဆီဂျင် တွေ ထုတ်ပေးပြီး အဆိပ် အတောက် အပြည့်နဲ့ လေထုကို အသက်ဇီဝ ရှင်သန်နိုင်တဲ့ လေထု အဖြစ် ပြောင်းလဲ ပေးခဲ့ပါတယ်။ ကမ္ဘာရဲ့  သမိုင်းဦး အချိန်လောက်က ဓါတ်ငွေ့တွေ အများကြီးနဲ့ သိပ်သည်းဆ မြင့်လာတဲ့ လေထု ကြီးကနေ မိုးကြီး အဆက်အပြတ် ရွာသွန်း ပြီး ရေပြင်ကျယ်ကြီးတွေ ဖြစ်လာခဲ့တာပါတဲ့။ ဒီနေ့မှာတော့ ရေတွေက ကမ္ဘာ့မျက်နှာပြင်ရဲ့ ၇၀% လောက် ဖုံးလွှမ်းထားပြီးတော့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေကို လဲ စုပ်ယူ ထိမ်းသိမ်းထားပါတယ်။




ညကောင်းကင်မှာ ကြယ်စုတွေ ရွေ့လျှားတာကို ကြည့်ပြီး ကမ္ဘာမြေကြီး လည်ပါတ်နေကြောင်းကို လူတွေ စပြီး သတိထားမိကြတာ ဖြစ်ပါတယ်။ နေမင်းကြီးက အရှေ့ကနေ ထွက်ပြီး အနောက်ကို ၀င်တယ်။ ဒါပေမယ့် နေ ကိုယ်တိုင်က ကမ္ဘာကို ပတ်နေတာ မဟုတ်ပဲ ကမ္ဘာမြေကြီးက ကိုယ့် ၀င်ရိုးပေါ်မှာ လည်ပါတ်နေတာ ဖြစ်ပါတယ်။ ၂၄ နာရီမှာ တပတ်ပြည့်တဲ့ အဲဒီ လည်ပတ်မှုကြောင့် နေ့ရယ် ညရယ် ဆိုပြီး ဖြစ်လာခဲ့တာပါ။ တကယ်လို့
ကမ္ဘာက နေကို တည့်တည့်မတ်မတ် မျက်နှာမူပြီး လည်နေခဲ့တာ ဆိုရင်တော့ နေ့တာ ညတာ အချိန်က အတူတူပဲ ဖြစ်မှာပါ။ ဒါပေမယ့် ကမ္ဘာက ၂၃ ၁/၂ ဒီဂရီ တိမ်းစောင်းပြီး လည်ပါတ်နေတာ ဖြစ်တော့ အချိန် ကာလနဲ့ နေရာဒေသကို လိုက်ပြီး နေ့တာ ညတာ ကွာခြားမှုကို ဖြစ်စေပါတယ်။ ရာသီဥတု ဆိုတာလည်း အဲဒီလို တိမ်းစောင်း မှုကြောင့် ပေါ်လာတာ ဖြစ်ပါတယ်။ နေကို တစ်ပါတ်ပါတ်မိတဲ့ အချိန်က တစ်နှစ်ပါပဲ။ ကမ္ဘာက နေကို ပါတ်နေပုံကို စိတ်ကူးနဲ့ ပုံဖော်ကြည့်မယ်ဆိုရင် ရာသီ ပြောင်းလဲပုံ တွေကို သိနိုင်မှာပါ။
နေရာဒေသ အလိုက် ကမ္ဘာပေါ်ကို ကျတဲ့ နေရောင် ခြည်ဟာ နေ့စဉ် ဒီဂရီ အနည်းငယ်စီ ပြောင်းလဲပါတယ်။ ၆ လအကြာမှာ ပြောင်းလဲမှုရဲ့ လားရာ အမြင့် ဆုံးသို့ ရောက်ရှိပြီးတော့ နောက် ၆လ မှာတော့ ဆန့်ကျင်ဘက် လားရာအတိုင်း ပြန်ပြောင်း လဲပါတယ်။ အဲဒီ အတွက် ကြောင့် ကမ္ဘာ့ မြောက်ဘက်ခြမ်းမှာ ဆောင်းဖြစ်တဲ့ အခါ ကမ္ဘာ့ တောင်ဘက်ခြမ်းမှာ နွေ ဖြစ်နေပါတယ်။ မြောက်ခြမ်းမှာ နွေ ဆိုရင်တော့ တောင်ခြမ်းမှာ ဆောင်းပေါ့။


0 comments:
Post a Comment