သူကတော့ မျက်နှာပြင် အပြည့် အဖြူရောင် ခြယ်ထားတဲ့ ဂြိုဟ်၊ ကာဗွန်ဒိုင် အောက်ဆိုဒ် ကဲ တဲ့ လေထုထဲမှာ သေစေနိင်လောက်တဲ့ အဆိပ်ဓါတ်ငွေ့ အပြည့်နဲ့ ဂြိုဟ်၊ သက်ဝင် လှုပ်လျှားနေတဲ့ မီးတောင် တွေ ရှိတဲ့ဂြိုဟ်၊ ကျနော်တို့ သောကြာဂြိုဟ်လို့ သိကြတဲ့ ဗီးနပ်စ်ဂြိုဟ်ပဲ ဖြစ်ပါတယ်။ ဗီးနပ်စ် ဂြိုဟ်ပေါ်မှာ အပူချိန်ဟာ -၄၈၀ ဒီဂရီ စင်တီဂရိတ် အမြဲရှိပါတယ်။ ဘာလို့လဲ ဆိုတော့ နေရောင်က သေမင်းတမန် တိမ်တိုက်တွေကို ဖောက်ပြီး သူ့ရဲ့ မျက်နှာပြင်ပေါ်ကို မရောက်နိုင် လို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ ဗီးနပ်စ်ဟာ ကျနော်တို့အတွက် ပဟေဋ္ဌိ တစ်ခုပါ။ သူ့ဝင်ရိုးပေါ်မှာ တစ်ပါတ်လည်ဖို့ ကမ္ဘာပေါ်က ရက်ပေါင်း ၂၄၃ ရက် ကြာပါတယ်။ သူ့ပေါ်က တိမ်တိုက်တွေ ကျတော့ ၄ရက် နဲ့ တစ်ပါတ် ပါတ်ပါတယ်။ သူ့ရဲ့ အချင်းက ကီလိုမီတာ ၁၂၀၀၀ ကျော်ပါတယ်။ ကမ္ဘာ့ အချင်း နီးပါးပါပဲ။ အဲဒီလို အရွယ်အစား မတိမ်းမယိမ်း ညီအစ်မ နှစ်ဖော်ဟာ ဘာကြောင့်များ မတူညီ ရတာပါလဲ။ တစ်ချိန်မှာ တော့ သူဟာ အောက်က ပုံမှာ ပြထားသလိုပဲ ကမ္ဘာ နဲ့ အတူတူပဲရှိခဲ့ နိုင်ပါတယ်။ ပင်လယ် ပြာပြာတွေ၊ အစိမ်းရောင် အပင်တွေ ဖုံးတဲ့ တိုက်ကြီးတွေ နဲ့ ကြည်လင် သန့်ရှင်းတဲ့ ကောင်းကင်ပြင် တွေ နဲ့ပေါ့။ ဘယ်လိုအရာကများ ဗီးနပ်စ် အတွက် ဆိုးရွားတဲ့ ကြမ္မာ ဖြစ်စေ တာလဲ။ သူ့လေထု ထဲက အခိုးအငွေ့ တွေကို ဘယ်လို အရာကများ ဖြစ်စေတာပါလဲ။ ပြီးတော့ ဘာဖြစ်လို့များ တခြားဂြိုဟ်တွေနဲ့ မတူပဲ ပြောင်းပြန် လည်နေရတာပါလဲ။ ကမ္ဘာပေါ်ကကြည့်မယ် ဆိုရင်တော့ ဗီးနပ်စ်ဟာ ညကောင်းကင်ရဲ့ အတောက်ပဆုံးသော ဂြိုဟ်ပါ။ သူရော သူ့ရဲ့ အဖော် မာကျူရီရော နေ၀င်ပြီးတာနဲ့ ချက်ချင်း လိုလို ထွက်လာ တတ်ကြပါတယ်။ ဘယ်ဂြိုဟ်ကမှ မိုးကုပ် စက်ဝိုင်း ကနေ တွက်ရင် သူ့ထက် မြင့်တဲ့ နေရာကို မရောက်နိုင်ပါဘူး။ အဲဒါကတော့ သူ့ရဲ့ တည်နေရာဟာ ကမ္ဘာနဲ့ နေကြားမှာ ရှိနေတဲ့ အကျိုးဆက်ပါ။ မာကျူရီက နေကို မြန်မြန် ပါတ်ပေမယ့် ဗီးနပ်စ်ကျတော့ ပိုနှေးတဲ့ အရှိန်နဲ့ ရက်ပေါင်း ၂၂၅ ရက်ကြာမှ တစ်ပါတ်ပါတ် ပါတယ်။ နေကနေ ကီလိုမီတာ ၁၀၈ သန်း အကွာမှာ ရှိပါတယ်။ တခါတရံမှာ တော့ ဗီးနပ်စ်ဟာ နေရဲ့ အ၀န်း အ၀ိုင်းကို ဖြတ်သွား တာမျိုး မြင်ရတတ်ပါတယ်။ အဲဒီလို ဗီးနပ်စ် က နေရဲ့ အ၀န်းကို ဖြတ်သွားတဲ့ အဖြစ်အပျက်ကို 1769 ခုနှစ်မှာ Captain James Cook ပထမဆုံး စပြီး တွေ့ခဲ့တာပါ။ အဲဒီတွေ့ရှိမှုဟာ ခေတ်သစ် စကြာဝဠာ လေ့လာမှုသမိုင်း ရဲ့ အစပါပဲ။ ဗီးနပ်စ်ကို စံနစ်တကျ လေ့လာမှုကတော့ ရေဒါတွေနဲ့ စခဲ့တာပါ။ ၆၀ ပြည့်လွန်နှစ်တွေရဲ့ အစလောက်မှာ ရေဒါတွေနဲ့ ဗီးနပ်စ်ရဲ့ တိမ်တိုက်တွေကို signal တွေလွှတ်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ပထမဆုံး ဗီးနပ်စ်ရဲ့ မြေမျက်နှာသွင်ပြင်ကို ပုံဖော်နိုင်ခဲ့ပြီးတော့ သူဟာ ပြောင်းပြန် လည်နေတယ် ဆိုတာ ကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်မှာတော့ ဆိုဗီယက်ယူနီယံ ဟာ ဗီးနပ်စ်ကို ပထမဆုံး ဂြိုဟ်တု လွှတ်တင်နိုင်ခဲ့ပါတယ်။ အဲဒီဂြိုဟ်တုရဲ့ တိုင်းတာချက်အရ ဗီးနပ်စ်ရဲ့ လေထုသိပ်သည်းမှုဟာ ကမ္ဘာထက် ၉၀% ပိုများကြောင်း သိရပါတယ်။ အချို့သော အစိတ်အပိုင်းတွေဟာ သူ့ရဲ့ လေထုထဲမှာပဲ ပျက်စီးသွားပါတယ်။ ဒါပေမယ့် အစိတ်အပိုင်း တစ်ခုကတော့ ကောင်းကောင်း အလုပ်လုပ် ခဲ့ပါတယ်။ သူ့ရဲ့ ကမ်မရာ မပျက်စီးခင် အထိတော့ ကမ္ဘာတွေကို အချက်အလက်တွေ ပို့ပေးခဲ့ပါတယ်။ ဒါပေမယ့် စက်ပစ္စည်းတွေ လဲ အဲနေရာမှာတော့ ကြာကြာ မကောင်း နိုင်ပါဘူး။ တစ်ချိန်ချိန်မှာ လူ တစ်ယောက် ယောက် ကို တစ်စုံတစ်ခု နဲ့ အလုံပိတ်ပြီး ဗီးနပ်စ်ရဲ့ မျက်နှာပြင်ကို ပို့နိုင်မယ် ဆိုပါတော့၊ အဲဒီ အလုံပိတ် ကို ဖွင့်ဖွင့်ချင်းမှာပဲ အဲဒီလူဟာ သေသွားမှာ ဖြစ်ပါတယ်။ နောက်ထပ် လေ့လာတွေ့ရှိမှု ကတော့ ဗီးနပ်စ်ရဲ့ လေထုထဲမှာ ၉၀ ကနေ ၉၅% လောက် ကာဗွန်ဒိုင် အောက်ဆိုဒ် တွေ ပါနေတယ် ဆိုတဲ့ အချက်ပါ။ ဗီးနပ်စ်ရဲ့ မြေမျက်နှာသွင်ပြင် ဖွဲ့စည်းပုံကို တော့ ပုံမှာ ပြထားပါတယ်။ အဲဒီ ပုံ အရ ဆိုရင် ဂြိုဟ်ရဲ့ မျက်နှာပြင်ဟာ ညီညာတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် တိုက်အဖြစ် ဖွဲ့စည်း တည်ရှိ နိုင်မှု အနေအထား တော့ နည်းပါတယ်။ ကမ္ဘာပေါ်မှာ တိုက်ကြီး ခုနှစ်ခု ရှိပေမယ့် ဗီးနပ်စ်မှာတော့ နှစ်ခုပဲ ရှိနိုင် ပါတယ်။
0 comments:
Post a Comment