ဗီးနပ်စ်ဂြိုဟ် အကြောင်းကို ဆက်ပြီး ရှင်းပါမယ်။
၁၉၉၀ ခုနှစ်မှာ အမေရိကန် က မက်ဂျဲလန် ဂြိုဟ်တု ကို လွှတ်တင်ခဲ့ပါတယ်။ မက်ဂျဲလန်က ဗီးနပ်စ် ရဲ့ မျက်နှာပြင်တွေကို စံနစ်တကျ တိုင်းတာ ခဲ့ပြီး ရေဒါနဲ့ တိုင်းတာခဲ့တဲ့ အချက်အလက်တွေ ပြန်ပြီး အသက်ဝင် လာခဲ့ပါတယ်။ ကျနော်တို့တွေ ဗီးနပ်စ်ကို ကိုယ်တိုင် မြင်ခဲ့တယ်၊ ကိုယ်တိုင် ပျံသန်းပြီး ရောက်ခဲ့တယ်လို့ ပြောနိုင်လောက်အောင် မက်ဂျဲလန် ရဲ့ အချက်အလက် တွေက တိကျ ခဲ့ပါတယ်။ ပုံမှာ ပြထားတာ ကတော့ ဗီးနပ်ရဲ့ မျက်နှာပြင်ကို ကွန်ပြူတာ နဲ့ ပုံဖော်ထားတာ ဖြစ်ပါတယ်။ ကွန်ပြူနဲ့ ပုံဖော်တယ် ဆိုပေမယ့် သုံးထားတဲ့ အချက်အလက် တွေက အရမ်း တိကျပါတယ်။ ဂြိုဟ်တုရဲ့ ပါတ်လမ်း အတိုင်း မျက်နှာပြင်ကို analysis လုပ်ခဲ့ပါတယ်။ ရေဒါ ရဲ့ signal တွေနဲ့ area အလိုက် အမြင့်ပေတွေ တိုင်းယူခဲ့တာပါ။ ဗီးနပ်စ်ရဲ့ မျက်နှာပြင်မှာ ဥက္ကာပျံ ကြီးတွေ ၀င်တိုက်လို့ ဖြစ်လာတဲ့ ချိုင့်ဝှမ်း သုံးခု ရှိပါတယ်။ ဗီးနပ်စ် အတွက် ဖြစ်တောင့် ဖြစ်ခဲပါ။ ဘာလို့လဲ ဆိုတော့ အလွန်ကြီးတဲ့ ဥက္ကာပျံတွေသာ ဗီးနပ်စ်ရဲ့ သိပ်သည်းတဲ့ လေထုကို ဖြတ်ပြီး မျက်နှာပြင်ပေါ် ကို ရောက်နိုင်လို့ ဖြစ်ပါတယ်။ ကျန်တဲ့ မျက်နှာပြင် အစိတ်အပိုင်း တွေကတော့ ညီညာတယ်လို့ပဲ ယေဘုယျ ပြောနိုင်ပါတယ်။ တစ်ကွက်ခြင်း တစ်ကွက်ခြင်း၊ လမ်းကြောင်း တစ်ခုခြင်း တစ်ခုခြင်း ရိုက်ယူသွား ပြီး ပေါင်းစပ် လိုက်တဲ့ အခါ မှာတော့ ဂြိုဟ်ရဲ့ မျက်နှာပြင်ကို တိတိကျကျ တွေ့ရပါတော့ တယ်။ မျက်နှာပြင်တွေရဲ့ နေရာတိုင်း လိုလိုဟာ မီးတောင် ပေါက်ကွဲမှုရဲ့ ပြုပြင်မှုတွေ ခံထားရပါတယ်။ ဗီးနပ်စ် ဟာ နေအဖွဲ့အစည်းမှာ အကြီးမားဆုံး မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်နေတဲ့ နေရာ ဆိုတာ မက်ဂျဲလန်က သက်သေပြခဲ့ ပါတယ်။ မီးတောင်တွေက ချော်ရည် တွေ စွန့်ထုတ် နေခဲ့တာ နှစ်သန်း ထောင်နဲ့ ချီပြီး ကြာခဲ့ပါပြီ။ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်း အရင်းကို တော့ ဘယ်သူမှ မသိကြပါ။ မီးတောင် ပေါက်ကွဲမှု တွေက လေထုထဲကို ဓါတ်ငွေ့တွေ စွန့်ထုတ် ပါတယ်။ ချော်တွေကတော့ တထပ်ပြီး တထပ် ဂြိုဟ်ပေါ်ကို ဖုံးလွှမ်းလာခဲ့တာ နှစ်သန်း ၅၀၀ လောက် ရှိပါပြီ။ မီးတောင်တွေ ရဲ့ ပြုပြင်မှုတွေက လွဲရင် ကျန်တဲ့ နေရာတွေမှာ တော့ အံ့သြောစရာ ကောင်းလောက် အောင် ညီညာ ပါတယ်။ ပင်လယ်ပြင်ရဲ့ မျက်နှာပြင်လို့ တပြန့်ထဲ ညီညာမှုမျိုးပါ။ မျက်နှာပြင် လေ့လာမှုတွေ ပြီးသွားတဲ့ အခါမှာ ဗီးနပ်စ်ရဲ့ gravity ကို ဆက်ပြီး လေ့လာပါတယ်။ ပါတ်လမ်း အတွင်းမှာ မက်ဂျဲလန် ဟာ နိမ့်မြင့် လှုပ်လျှားမှုတွေ ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဗီးနပ်စ် မျက်နှာပြင်ရဲ့ မတူညီတဲ့ သိပ်သည်းဆတွေဟာ မတူညီတဲ့ ဆွဲငင်အားကို ဖြစ်စေလို့ပါ။ အဲဒီ အချက်ပေါ်မှာ မူတည် ပြီးတော့ မက်ဂျဲလန်ဟာ တိုင်းတာမှု ပြုလုပ်ခဲ့ပါတယ်။ ဗီးနပ်စ်ရဲ့ အတွင်းပိုင်းဟာ ကမ္ဘာနဲ့ ထပ်တူနီးပါပဲ။ အပြင်လွှာ အလယ်လွှာ နဲ့ core တွေ ရှိကြပါတယ်။ core ကလဲ ကမ္ဘာမှာလိုပဲ သံနဲ့ နီကယ် တွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကွာခြားတာ တစ်ခုက ဗီးနပ်စ်ရဲ့ core မှာ convection မရှိပါဘူး။ ရလာဒ် ကတော့ ဗီးနပ်မှာ magnetic field မရှိ၊ ဒါမှမဟုတ် မရှိသလောက် နည်းပါတယ်။ ၁၉၉၄ ခုနှစ် အောက်တိုဘာမှာတော့ မက်ဂျဲလန်ဟာက ဗီးနပ်စ်ရဲ့ လေထုထဲကို ပျက်ကျပြီး ပျက်စီးသွားခဲ့ပါတယ်။
ဗီးနပ်စ်၊ ကမ္ဘာနဲ့ မားစ် ဂြိုဟ်တို့ဟာ နေအဖွဲ့အစည်း အတွင်း အသက်ဇီဝ ဖြစ်တည် နိုင်မှု ဇုန်အတွင်းမှာ ရှိကြ တာပါ။ ဗီးနပ်စ် ကတော့ နေနဲ့ အနီးဆုံး အတွင်း ဘက်မှာ ရှိတဲ့ အတွက် ပူပါတယ်။ အရင် နှစ် သန်း တစ်ထောင်လောက်တုန်းကတော့ ကမ္ဘာလိုပဲ ရှိခဲ့ နိုင်ပါတယ်။ နေရဲ့ အပူချိန်ဟာ ဂြိုဟ်ကို တစ်စ တစ်စ ခြောက်သွေ့ လာစေပြီး ရေတွေကို အငွေ့ပျံ သွားစေ ပါတယ်။ ဟိုက်ဒရိုဂျင် တွေက စကြာဝဠာ ထဲကို လွင့်ထွက် သွားပြီး သမုဒ္ဒရာတွေ မရှိတော့ အတွက် လွတ်ထွက် လာတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် တွေက လေထုအနှံ့ ဖုံးလွှမ်းပြီး နေရောင် တိုး မပေါက် တော့တဲ့ အတွက် မရပ်မနား ဖြစ်နေတဲ့ greenhouse effect ကို ဖြစ်စေပြီးတော့ ဗီးနပ်စ် ကိုလဲ ကြီးမားလှတဲ့ ခြုံထည်ကြီး အောက်မှာ အမြဲ ရှိနေစေပါတော့တယ်။
ကျမ်းကိုး
၁။ BBC Discovery, Space
၂။ http://www.wikipedia.org
၃။ Encarta Encyclopedia premium 2006

3 comments:
ငယ်စဉ်ကလေ---
ဂရိပုံပြင်တွေဖတ်ရရင် ဗီးနပ်စ် အကြောင်းကို
နှစ်သက်ပြီးစွဲလန်းခဲ့တာပေါ့----အခုသိပ္ပံတွေ ဖတ်ရတော့ ဗဟုသုတ အများကြီးရစေတယ်လေ---
ကိုယ်ယူထားတာက ဝိဇ္ဇာမို့လား သိပ္ပံတွေကို မနဲလိုက်နေရတယ်----ဒီဆိုက်လေးက တမူထူးခြားပြီး စာဖတ်သူများကို အများကြီး အကျိုးပြုစေပါတယ်ရှင်----
ခင်မင်လျက်
မသက်ဇင်
ဟုတ်ကဲ့.. မှတ်ချက်ရေးပေးတာ ကျေးဇူးတင်ပါတယ် မသက်ဇင်။ ကျနော်အစက ဂရိမိုက်သော်လော်ဂျီနဲ့ တွဲရေးဖို့ စဉ်းစားမိသေးတယ်။ ပို့စ်တွေ ရှည်ပြီး ရှုပ်သွားမှာ စိုးလို့ မရေးဖြစ်တာပါ။ အကျိုးပြုစေတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ဗျာ။
Post a Comment