Thursday, November 20, 2008

diurnal and semi-diurnal tide (amplified discussion for Ko Ah Hlatayarr)


diurnal နဲ့ semi-diurnal tide တွေဘယ်လိုကြောင့် ကွဲလွဲဖြစ်ပေါ်ရတယ် ဆိုတာကို ဒီပို့စ်မှာ ရှင်းပြလိုခြင်း ပဲဖြစ် ပါတယ်။ ကျွန်တော် ဒီရေဘယ်လိုဖြစ်ပေါ်လဲ (၂) ကပုံကိုပဲ ပြန်သုံးပြီးရှင်းလင်းထားပါတယ်။ (ဒီထက်ပိုမိုရှင်းလင်းအောင် ဆွေးနွေးပေးနိုင်တဲ့ ပုံရှာမ တွေ့ပါ)။

ပုံမှာ ကျွန်တော်တို့ကြည့်မယ်ဆိုရင် လရဲ့ declination က ၂၀ဒီဂရီ ဖြစ်ပြီးတော့ သူ့ရဲ့ co-declination ကတော့ (၉၀-၂၀) ၇၀ဒီဂရီဖြစ်ပါတယ်။ လရဲ့ အမြင့်ဆုံး declination ဟာ၂၈ ဒီဂရီ ၄၇ မိနစ်ခန့်ဖြစ်ပါတယ်။ (လဟာ နေပတ်လမ်း ecliptic ကနေအမြင့်ဆုံးဖြစ်နိုင်တဲ့ declination က ၅ ဒီဂရီ ၁၇.၅ မိနစ် ဖြစ်ပြီး၊ ecliptic ကတော့ကမ္ဘာ့အီကွေတာ ကနေ ၂၃.၅ မိနစ် declination ရှိနေပါတယ်။ အဲဒီတော့ လဟာ အီကွေတာကနေဆိုရင် အမြင့်ဆုံး declination ၂၈ ဒီဂရီ ၄၇ မိနစ် ဖြစ်နိုင်တယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။) အဲဒီ အမြင့်ဆုံး declination ရဲ့ co-declination ကတော့ (၉၀-၂၈.၈ = ၆၁.၂ ဒီဂရီ) ဖြစ်ပါတယ်။ လရဲ့ အမြင့်ဆုံး declination နဲ့ co-declination ကိုဒီမှာ ခနလောက်မှတ် ထားလိုက်ကြရအောင်။ ကျွန်တော်တို့ ပုံကိုပြန်သွား ကြည့်ကြမယ်။

ဖော်ပြပါပုံမှာ HGF ဆိုတဲ့ Line ကိုတွေ့ကြရမှာဖြစ်ပါတယ်။ HGF line ဟာ လရဲ့ co-declination ဖြစ်တဲ့ EDC line ၇၀ ဒီဂရီ ရဲ့အပေါ် လတ်တီကျုအမြင့်ကို ရောက်နေ တာတွေ့ ရမှာဖြစ် ပါတယ်။ HGF line ကိုကြည့်မယ်ဆိုရင်၊ H အမှတ်နေရာ ဒေသဟာ ရေကျ ဖြစ်တဲ့ A A’ line နဲ့ နီးကပ်နေပြီး၊ သူလည်း ရေကျချိန်ဖြစ်နေတာကို တွေ့ရမှာပါ။ ကမ္ဘာဟာလည်နေတဲ့ အတွက် ၆ နာရီကြာတဲ့အချိန်မှာ H အမှတ်နေရာဒေသဟာ NS line ပေါ်ကိုရောက်လာပါတယ်။ ဒါပေမယ့် ရေပြည့် (ရေတက်) ဖြစ်ပြီလားဆိုတော့ မဖြစ်သေး ပါဘူး။ နောက်ထပ် ၆ နာရီကြာထပ်ပြီး လှည့်ပတ်ပြီးတဲ့ အခါမှာတော့ H အမှတ်ရှိ တဲ့နေရာ ဒေသဟာ F အမှတ်ရှိတဲ့ နေရာကိုရောက်လာပါတယ်။ အဲဒီတော့မှာသာ ရေပြည့် (ရေတက်) ဖြစ်ပါတယ်။ အဲဒီတော့ ရေကျ ကနေ ဒီရေအတက်ကိုရောက်ဖို့ ၁၂ နာရီကြာပါ တယ်။ အဲဒီလိုပဲ F အမှတ်ကနေ H အမှတ်ကိုပြန်ရောက်ဖို့လည်း ၁၂ နာရီ ကြာပါတယ်။ အဲဒီတော့ တစ်နေ့ (၂၄ နာရီ) မှာ ရေတက်တစ်ကြိမ်၊ ရေကျ တစ်ကြိမ်သာဖြစ်တာကို တွေ့ ရမှာဖြစ်ပါတယ်။ အဲဒီ tide အမျိုးအစားကို diurnal tide လို့ခေါ်ပါတယ်။

နောက်ထပ်ကျွန်တော်တို့ co-declination အောက်နိမ့်တဲ့ လတ်တီကျုဒေသတွေကိုလေ့ လာကြည့်ရအောင်။ အမြင်သာဆုံး ဥပမာ အဖြစ်ကျွန်တော် အီကွေတာတစ်လျှောက်ကို ပေပါ့မယ်။ အီကွေတာတစ်လျှောက်ကို ပုံမှာကြည့်မယ်ဆိုရင် K ဆိုတဲ့ အ မှတ် မှာ ရေတက် ဖြစ်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ နောက် ထပ် ၆ နာရီ ကြာပြီးတဲ့အချိန်မှာ အဲဒီ K အ မှတ်နေရာဒေသဟာ NS line ပေါ်ကိုရောက်လာပါတယ်။ ဒီပုံမှာ တော့ A A line လို့လည်း ဆိုနိုင်ပါတယ်။ အဲဒီတော့ A A’ line ဟာဒီရေ အကျဆုံး ဖြစ်တဲအတွက် အဲဒီအချိန်မှာ ရေ စစ်ချိန် (ရေကျချိန်) ဖြစ်နေပါတယ်။ နောက်ထပ် ၆ နာရီထပ်ကြာပြီးတဲ့ အချိန်မှာ တော့ I အမှတ်ကိုရောက်ပြီး ရေတက်ပြန်ဖြစ်ပြန်ပါတယ်။ ဒါကြောင့် ရေတက်၊ ရေကျ ဟာ ၆နာရီ တစ်ကြိမ်စီဖြစ်နေပြီး တစ်ရက် (၂၄ နာရီ) မှာ နှစ်ကြိမ်စီဖြစ်ပါတယ်။ အဲဒီလို tide ကို semi-diurnal tide လို့ခေါ်ပါတယ်။

ပြီးရင် ကျွန်တော် အပေါ်မှာရှင်းထားခဲ့တဲ့ လရဲ့ အမြင့်ဆုံး declination နဲ့ co-declination ကိုပြန်ကြည့်ရအောင်။ လရဲ့ အမြင့်ဆုံး co-declination ဟာ ၆၁ ဒီဂရီခန့်ဖြစ်တဲ့ အတွက် ကမ္ဘာ့ လတ်တီကျု အမြင့်ပိုင်း ၆၀ ဒီဂရီနဲ့ အထက်နေရာဒေသ တွေမှာ diurnal tide ဖြစ်ပါ တယ်။ အမြင့်ဆုံး co-declination ဖြစ်တဲ့ ၆၀ ဒီဂရီ နဲ့ အီကွေတာကြားဒေသတွေမှာတော့ semi-diurnal tide ကိုကြုံတွေ့ရပါတယ်။ (ချွင်းချက်။ အချို့သော အီကွေတာနဲ့ အနီးဒေသ တွေမှာ လည်းသာမာန်နဲ့ သွေဖယ်ပြီး diurnal tide ကိုတွေ့ရတတ်ပါတယ်။ ဒါကတော့ resonant of water body လို့ခေါ်တဲ့ ရေကိုဝန်းရံထားသော ကုန်းမြေ အနေအထား (coastline shape and sea bed morphology) ပေါ်မူတည်ပြီး သာမန်ကနေသွေဖယ် သွားခြင်းပဲဖြစ်ပါတယ်။ resonant of water body ကတော့ astronomy နဲ့ မဆိုင်တဲ့ အတွက် ကျွန်တော် amplification မလုပ်လိုတော့ပါ။)

ကျွန်တော် diurnal tide နဲ့ semi-diurnal tide ကိုအတတ် နိုင်ဆုံး ရှင်းလင်းအောင်ကြိုးစားပြီးရေး ထားပါတယ်။ ကျွန်တော့် ရေးသားချက်ရှုပ်ထွေးသွားတဲ့ အတွက်နားမလည်တာ များ ရှိရင် အပြန်အလှန်ဆွေးနွေးပေးရန် ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
လေးစားလျှက်

1 comments:

အလှတရား said...

ဟုတ်ပါပြီဗျာ
ရှင်းပါပြီ
ကျေးဇူးတင်ပါတယ်။
နောက်ပိုစ့်တွေကို မျှော်နေပါ့မယ်ကိုရဲရေ။

Related Posts Plugin for WordPress, Blogger...