Thursday, October 30, 2008

စနေဂြိုဟ်ရဲ့ ကွင်းတွေ ပျောက်ကွယ်လာနေပြီလား (Are Saturn's Rings Disappearing?)

11 comments
ညီမငယ် တစ်ယောက် ပေးထားတဲ့ လင့် တစ်ခုကို အခုမှ တွေ့လို့ ကြည့်မိတဲ့ အခါ စိတ်ဝင်စားစရာ ကောင်းနေလို့ ပို့စ် တစ်ခု အဖြစ် တင်လိုက်ပါတယ်။ အဲဒီ လင့်ကို ကြည့်ချင်ရင် ဒီနေရာကို နှိပ်လိုက်ပါ။ စနေဂြိုဟ် အကြောင်း ကျနော် မတင်ရသေးပါ ဘူး။ ဒါပေမယ့် အခြေခံ အားဖြင့်တော့ သိကြမယ် ထင်ပါတယ်။ စနေဂြိုဟ်ဘေးမှာ ပါတ်နေတဲ့ ကွင်းတွေ အကြောင်း သတိထားမိကြမယ် ထင်ပါတယ်။
၂၀၀၈ ခုနှစ် မတ်လ ၁၉ ရက်နေ့က နက္ခတ္တ ပညာရှင်တွေဟာ စနေဂြိုဟ်ရဲ့ ပြောင်းလဲမှုနဲ့ ပါတ်သတ်ပြီး သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းအရာက စနေဂြိုဟ်ရဲ့ ကွင်းတွေဟာ တဖြည်းဖြည်း ပါးလာ ပြီးတော့ လေ့လာရတာ ပိုပိုပြီး ခက်ခဲလာတဲ့ အကြောင်းပါ။ ဒီနှုန်းအတိုင်းသာ ဆိုရင်တော့ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ အရောက်မှာ စနေဂြိုဟ်ရဲ့ ကွင်းတွေ လုံးဝ မြင်ရတော့မယ် မဟုတ်ပါဘူး။
စနေဂြိုဟ်နဲ့ ပါတ်သတ်တဲ့ အချက်အလက် တစ်ချို့ကို ပြန်ကြည့် ရမယ် ဆိုရင် စနေဂြိုဟ်ဟာ နေကနေ မိုင်ပေါင်း ၈၉၃ သန်း အကွာမှာ တည်ရှိပြီးတော့ နေအဖွဲ့အစည်းက ဒုတိယ အကြီးဆုံး ဂြိုဟ် ဖြစ်ပါတယ်။ စနေဂြိုဟ် ရဲ့ ကွင်းတွေကရော ဘာတွေနဲ့ လုပ်ထားတာပါလဲ။ အလင်းရောင်၊ ဓါတ်ငွေ့၊ ရေနဲ့ ရေခဲ၊ ကျောက်တုံးအစန များ တွေထဲက ဘာလို့ ထင်ပါသလဲ။ Professor Phil Nicholson ကတော့ ရေ၊ လေ တိုက်စားလို့ ဖြစ်လာတဲ့ ကျောက်ခဲ အစအန လေးတွေ အရွယ်ကနေ minivan တစ်စင်း အရွယ်လောက် ရှိတဲ့ ကျောက်တုံးတွေ အထိ စနေဂြိုဟ်ရဲ့ ကွင်းတွေမှာ ပါတ်နေတယ်လို့ ဆိုပါတယ်။ နက္ခတ္တပညာရှင် တွေကတော့ ကျောက်တုံးအစအနများ၊ ရေနဲ့ ရေခဲ အပါအဝင် ဓါတ်ငွေ့တွေဟာ စနေဂြိုဟ်ရဲ့ ကွင်းတွေထဲမှာ ကျည်ဆံထက် အဆ ၆၀ မြန်တဲ့ နှုန်းတဲ့ ပါတ်နေတဲ့ အတွက် တစ်ချိန်မှာ သူတို့ ပျောက်ကွယ် သွားရမယ် လို့ ဆိုပါတယ်။
ဒါပေမယ့် အခု အဖြစ်အပျက် ကတော့ အဲဒီလို တစ်ခုနဲ့ တစ်ခု ပေါင်းစည်းပြီး ပျောက်ကွယ်သွားမှာ မျိုး မဟုတ်ပါဘူး။ ဒါက စနေဂြိုဟ်မှာ ၁၅ နှစ်ကြာတိုင်း ဖြစ်တတ်တဲ့ အဖြစ် တစ်ခုလို့ ဆိုပါတယ်။ စနေဂြိုဟ်ရဲ့ Ring plane crossings ဖြစ်ပါတယ်။ စနေဂြိုဟ်က နေကို နှစ် ၃၀မှာ တစ်ပါတ် ပါတ်ပါတယ်။ အဲဒီလို ပါတ်တဲ့ အခါ သူ့ရဲ့ angle of inclination ကြောင့် တိမ်းစောင်းပုံဟာ အချိန်နဲ့ လိုက်ပြီး ပြောင်းလဲနေပါတယ်။ (angle of inclination အကြောင်း ကမ္ဘာ့ဝင်ရိုးစွန်း များ ပြောင်းလဲ ခြင်းမှာ ရေးခဲ့ပြီးပါပြီ)။ သူ့ရဲ့ နှစ်၃၀ တစ်ပါတ် စက်ဝန်းမှာ သူ့ရဲ့ ကွင်းတွေဟာ နှစ်ကြိမ် တိတိ ကမ္ဘာရဲ့ မြင်ကွင်းနဲ့ တည့်မတ်စွာ ကျပါတယ်။ ( မြင်သာအောင် ပြောရရင် စက်ဝိုင်းတစ်ခုမှ 0 degree နဲ့ 180 degree ဟာ x axis မှာ အတည့် ကျသလိုပေါ့)။ အဲလိုဆိုတော့ အဲဒီကွင်းတွေဟာ ၁၅ နှစ်မှာ တစ်ခါ ကမ္ဘာရဲ့ မြင်ကွင်းက နေ ကွယ်ပျောက်မှာ ဖြစ်ပါတယ်။ စနေဂြိုဟ်ရဲ့ နေကို ပါတ်နေတဲ့ ကာလ အလိုက် ကမ္ဘာကနေ မြင်ရမယ့် ပုံကို အောက်မှာ ပြထားပါတယ်။
၂၀၀၉ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့မှာ စနေဂြိုဟ်ရဲ့ ကွင်းတွေကို မြင်ရတော့မှာ မဟုတ်ပဲ အဲဒီကနေ သုံးလ အကြာမှာမှ ဖြည်းဖြည်း ခြင်း ပြန်ပေါ် လာမယ် ဖြစ်ပါတယ်။ စနေဂြိုဟ် ရဲ့ ကွင်းတွေ ကွယ်ပျောက် သွားတဲ့ အချိန်မှာ အရင်က ကွင်းတွေက ကွယ်ထားတဲ လတွေကို တွေ့ရ နိုင်ပါတယ်တဲ့။ စနေဂြိုဟ်ရဲ့ လက်ရှိ သိပြီးတဲ့ လ ၁၈ ခုမှာ ၁၃ ခုမြောက်လဟာ ကွင်းတွေ ကွယ်သွားတဲ့ အချိန်မှာ တွေ့ခဲ့ တာဖြစ်ပါတယ်။ ဘေးက ပုံမှာ အသစ်တွေ့တဲ့ လတစ်စင်း ကို ပြထားပါတယ်။ အဲဒီ အချိန်မှာ ဟာဘယ်လ် မှန်ပြောင်း ဂြိုဟ်တုက စနေဂြိုဟ်ကို ချိန်ထားမှာ ဖြစ်ပြီးတော့ ကမ္ဘာပေါ်က တယ်လီစကုပ် တွေကလည်း စနေဂြိုဟ်ကို လေ့လာ ကြမယ် ဖြစ်ပါတယ်။ မြန်မာပြည် မှာလဲ star party တွေ လုပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။

Saturday, October 25, 2008

ကမ္ဘာပျက်မည့်နေ့ နှင့် ပါတ်သတ်၍ ကျနော့် အမြင်

အခုလို စိတ်ဝင်တစား ဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်ဗျာ။ ဒီပြဿနာ ဘယ်ကစ ဆိုရင် ကိုအလှတရားကို လက်ညိုး ထိုးရတော့မှာပဲ။ (ဟာ.. မဆီမဆိုင်ဗျာ.. :D ) ။ သူက pole shifting အကြောင်း မေးတော့ ကျနော်လည်း ဗွီဒီယို လင့်လေးများ ချိတ်ပေးလို့ ရမလား ဆိုပြီး YouTube မှာ သွားရှာတာ။ pole shifting တော့ မတွေ့ဘူး။ အဲဒါကြီးကို သွားတွေ့တာပဲ။ တွေ့စက တော်တော် စိတ်လှုပ်ရှား သွားသေးတယ်။ မကျေနပ် တာနဲ့ အကုန် လိုက်ရှာတယ်။ အချက်အလက် နည်းနည်း စုံမှ စိတ်အေးသွားတယ်။ ဒီအကြောင်းကို တင်သင့် မတင်သင့် ချိန်နေတာ တော်တော် ကြာသွားတယ်။ ဒါပေမယ့် ဒါတွေက YouTube မှာ ပလူပျံနေတာ ဆိုတော့ တစ်ကြိမ်မဟုတ် တစ်ကြိမ် မြန်မာတွေ တွေ့သွားမှာပဲ။ ကျနော် ကြိုရှင်းမထားရင် စိတ်ဒုက္ခ ရောက်နေနိုင်တယ်ဆိုပြီး တင်ဖို့ ဆုံးဖြတ် လိုက်တာပါ။ မနေ့တုန်းက တခါတည်း မရှင်းတာက အားလုံးရဲ့ အမြင် တွေ လိုချင်လို့ တစ်ရက် စောင့်တဲ့ သဘောပါ။ အခု ကျနော့် အမြင်ကို ပြောပါမယ်။

ဒီပြဿနာရဲ့ အစက ၁၉၇၆ ခုနှစ်မှာ Zecharia Sitchin ရေးသားထုတ်ဝေ ခဲ့တဲ့ The Twelfth Planet ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ အဲဒီ စာအုပ်မှာ Nibiru ဆို တဲ့ ဂြိုဟ်ရှိကြောင်း၊ ellipse ပုံ လမ်းကြောင်းနဲ့ နေကို ပါတ်ကြောင်း၊ နှစ် ၃၆၀၀ မှာ တစ် ပါတ်ပြည့်ပြီးတော့ နေ နဲ့ အဝေးဆုံး အဖြစ် ပလူတို ဟိုဘက် အဝေးဆုံး နေရာ ကို ရောက်ပြီး အနီးဆုံးအဖြစ် ဂျူပီတာဂြိုဟ်နဲ့ မားစ် ဂြိုဟ်ကြားက asteroid belt အထိ ရောက် ကြောင်း ရေးထားပါတယ်။
ဒီ ပြဿနာကို တွန်းအားပေးတာကတော့ အောက်က စာအုပ်တွေ ဖြစ်နိုင်ပါတယ်။

1. Mystery Heavenly Body Discovered, a front page history, Washington Post, 31-Dec-1983
2. Unidentified IRAS sources – Ultrahigh-luminosity galaxies , Astrophysical Journal, Part 2, March 1, 1985, p. L5-L8.
3. Cometary Evidence of a Massive Body in the outer Oort Cloud, Icarus, Volume 141, Issue Icarus, pp. 354-366.
4. A 10th planet may be out there or new object could be the sun’s long lost twin, astronomers say, SETH BORENSTEIN, Oct.11, 1999, 9:02 PM.

ပထမဆုံး ပြောရရင် Sitchin ရေးတဲ့ စာအုပ်ဟာ သိပ္ပံစာအုပ် မဟုတ်ပါဘူး။ သူက သမိုင်းလို့ ဆိုပေမယ့် ဘာအထောက်အထားမှ မရှိတော့ ပုံပြင် သာသာပါပဲ။ သူ့စာအုပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀၀၀ တုန်းက Nibiru ဂြိုဟ်ပေါ်က Anunnaki မျိုးနွယ်တွေရဲ့ နန်းကျ ဘုရင် Alalu ဟာ ကမ္ဘာကို ထွက်ပြေး ခိုလှုံခဲ့ပါတယ်။ ကမ္ဘာက ရွှေတွေဟာ သူတို့ Nibiru က လေထု ဆုံးရှုံးမှုတွေကို ကာကွယ် နိုင်မှန်းသိတော့ ကမ္ဘာက ရွှေတွေကို တူးဖော်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အာဏာလု စစ်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀၀၀ လောက် အရောက်မှာတော့ Anunnaki တွေဟာ ကမ္ဘာပေါ်မှာ ရွှေ တူုးဖော်ဖို့ အလုပ်သမား မျိုးနွယ်စု တစ်မျိုးကို genetic engineering နည်းနဲ့ ဖန်တီးခဲ့ပါတယ်။ အဲဒီ မျိုးနွယ်စုကတော့ homo sapiens ဆိုတဲ့ လူတွေပါပဲ။ နောက်ပိုင်းမှာ လူသားတွေက ကမ္ဘာကို စိုးမိုးသွားပြီး Anunnaki တွေ ထွက်ခွါသွားပါတယ်။ Sitchin ဟာ သူ့စာအုပ်မှာ သမ္မာကျမ်းက အချက်အလက်တွေရော၊ အီဂျစ်ရှေးဟောင်း ပုံပြင်တွေကိုပါ ထည့်သွင်း ခဲ့ပါတယ်။ လေ့လာသူတွေကတော့ ဒါဟာ Sumerian mythology ပါပဲတဲ့။ သမိုင်း တစ်ခုအဖြစ် ယူဆဖို့ တော်တော်ကို ကလေးကလား နိုင်နေပေမယ့် ယုံကြည်သူတွေက လည်း တော်တော်ကို များခဲ့ပါတယ်။ ယုံကြည်သူ အချို့ထဲက ထပ်မံ တွေးဆ တွက်ချက်မှုတွေ အရ အဲဒီ Nibiru ဂြိုဟ် ကြီးဟာ 2003 နဲ့ 2013 အကြားမှာ ကမ္ဘာနဲ့ အနီးဆုံး နေရာကို ရောက်လာ ဦးမယ် ဆိုတာ ပါပဲ။

အပေါ်က စာအုပ်တွေထဲက နံပါတ် ၁ မှာ ရေးထားတာက အမျိုးအမည် မသိ ကြီးမားတဲ့ အရာဝတ္ထု တစ်ခု တွေ့တယ် ဆိုတာရယ်၊ သူက ကမ္ဘာနဲ့ အနီးဆုံး မိုင် သန်းထောင်ပေါင်း ၅၀ အကွာ လောက်မှာ ရှိတယ်လို့ မှန်းဆ ကြပါတယ်။ သူက ဂြိုဟ်ကြီး တစ်လုံးလား၊ ဥက္ကာပျံ ဘီလူးကြီးလား၊ ကြယ်တစ်လုံး အဖြစ် လုံလောက် အောင် အပူမပေး နိုင်တဲ့ protostar တစ်လုံးလား ဆိုတာ မခွဲခြား နိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ၆ လအတွင်းမှာ သူဟာ တည်နေရာကနေ လုံးဝ ရွေ့လျှားခြင်း မရှိတဲ့ အတွက် ဥက္ကာပျံ မဟုတ်သလို ဂြိုဟ်လဲ မဟုတ်ကြောင်း ယူဆခဲ့ပါတယ်။ ဒါပေမယ့် မိုင်သန်း ထောင်ပေါင်း ၅၀ အတွင်းသာ မှန်ခဲ့ရင် နေအဖွဲ့အစည်း ရဲ့ မိသားစု ဝင်ပဲ ဖြစ်ရမယ် ဆိုတာရယ် ပြီးတော့ သူ့ပါတ်လမ်းက ကျနော် တို့ ဆီကို တည့်တည့်ကြီး လာနေတဲ့ ဘဲဥပုံ ပါတ်လမ်း ဖြစ်နေလို့ တည်နေရာ မရွေ့ ဆိုတဲ့ အယူအဆ တချို့ ပေါ်ခဲ့ပါတယ်။ နံပါတ် ၂ စာအုပ်ကတော့ IRAS ရဲ့ data တွေထဲက နက္ခတ်တာရာ ကြည့် မှန်ပြောင်းတွေနဲ့ မမြင်ရပဲ infrared မှန်ပြောင်းနဲ ကြည့်ပြီး မြင်ရတဲ့ အချက်တွေထဲက အဲဒီ အမျိုးအမည် မသိ အရာဝတ္ထုကြီး အကြောင်း ပါလာတာပါ။ နံပါတ် ၃ မှာတော့ ဥက္ကာပျံ တိမ်တိုက် အော့ရ်တာ ရဲ့ ဟိုဘက်မှာ Brown draft တစ်ခု ရှိကြောင်း hypothesis ကို ရေးထားတာပါ။ အရွယ်အားဖြင့် ဂျူပီတာ ဂြိုဟ်ရဲ့ 3 or 2 ဆ ရှိပြီးတော့ သူ့ရဲ့ ပါတ်လမ်းဟာ galactic midplane နဲ့ ၅ ဒီဂရီ စောင်းတယ် လို့ ယူဆကြပါတယ်။ သူ့ကို IRAS ရဲ့ data base မှာ မတွေ့ရပေမယ့် မျိုးဆက်သစ် အနီအောက် မှန်ပြောင်းတွေနဲ့ တွေ့နိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ နံပါတ်၎ ကတော့ ၉၉ မှာ ထုတ်တာ ဖြစ်တဲ့ အတွက် တိကျသွားပါပြီ။ ဂျူပီတာ ဂြိုဟ်ထက် သုံးဆလောက်ကြီးတဲ့ အရာဝတ္ထု တစ်ခု ဟာ 3 trillions miles အကွာလောက် မှာ ရှိနေပါတယ်တဲ့။ အလွန်ဝေးလံလှပေမယ့် ကြီးမားလွန်းတဲ့ အတွက် နေအဖွဲ့ အစည်းရဲ့ မိသားစုဝင် ဖြစ်နေနိုင်ပါတယ်။ သူ့ရဲ့ ပါတ်လမ်းဟာ far-travelling comets တွေလို ဖြစ်နိုင်ပြီးတော့ Brown draft လို့ သတ်မှတ်ခဲ့ပါတယ်။ သူ့ရဲ့ ဖွဲ့စည်းပုံဟာ ကြယ် နဲ့တူပြီး ဂြိုဟ်နဲ့ မတူလို့ပါတဲ့။ ဒါပေမယ့် အချို့ပညာရှင်တွေကတော့ နေကို ပါတ်တဲ့ အတွက် ဂြိုဟ်လို့ပဲ ခေါ်ကြပါတယ်။ သူဟာ မအောင်မြင်တဲ့ ကြယ်တစ်လုံး ဖြစ်ပြီး နေအဖွဲ့အစည်း စတင်စဉ်ကပဲ နေအဖွဲ့ အစည်းထဲကို ဝင်ရောက်ခဲ့ပြီး ၁၀ ခုမြောက် ဂြိုဟ်လား Brown Draft လား မဆုံးဖြတ် နိုင်ခဲ့ ကြပါဘူး။

ကျနော့် အမြင်ကို ပြောရရင်တော့ ဒီပြဿနာကို စတင်သူ Sitchin ဟာ သိပ္ပံ ပညာရှင် မဟုတ်သလို သိပ္ပံ ဆိုင်ရာ အချက်အလက် ဘာမှ မတင်ပြနိုင်ခဲ့ပါဘူး။ နောက်ထပ် စာစဉ်တွေမှာလည်း အရာဝတ္ထုဟာ ကမ္ဘာ ဆီကို ရွေ့လျှား လာနေတယ်လို့ မဖော်ပြခဲ့ ပါဘူး။ အဲလိုဆိုတော့ ၂၀၁၂ မှာ အဲဒီ ဂြိုဟ်ကြီး ကမ္ဘာနဲ့ အနီးဆုံးကို ရောက်လာနိုင်စရာ အချက် နည်းနည်းပဲ စဉ်းစား စရာ ကျန်ပါတယ်။ ဘာတွေလဲ ဆိုတော့ - ဆိုက်ဘေးရီးယား မှာ အပူပိုင်း နို့တိုက် သတ္တဝါ အရိုးတွေ တွေ့တယ် ဆိုတော့ တစ်ချိန်က tropical zone များ ဖြစ်ခဲ့မလား၊ အဲလိုဆိုရင် ကမ္ဘာက ဒီထက် ပိုပြီး စောင်းနေရမှာ ဖြစ်တော့ ဘယ်အရာက ကမ္ဘာ့ဝင်ရိုးကို ဆွဲထောင်ပေးခဲ့သလဲ။ ဗီးနပ်စ်က နှေးကွေးစွာနဲ့ clockwise လည်နေတော့ clockwise လည်တဲ့ အရာဝတ္ထု တစ်စုံတစ်ရာက သူ့လည်ပါတ်မှုကို ပြောင်းစေတာလား။ asteroid belt က ဒီလောက် comet ဒီလောက်များနေတာ တစ်စုံတစ်ခု သော impact ကြောင့် ဂြိုဟ်ကြီး တစ်လုံး ကွဲထွက်သွားတာလား။

အဲဒီ ချွင်းချက်တွေက လွဲရင် ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ ကိစ္စ ကျနော် လုံးဝ ငြင်းပါတယ်။
၁။ နှစ်ပေါင်း ၃၆၀၀ ဆိုတဲ့ Circle သည် လုံးဝ မဖြစ်နိုင်ပါ။ နှစ်ပေါင်း ၃၆၀၀ ဟာ ဇီဝ ဆင့်ကဲ ဖြစ်စဉ် အတွက် မဖြစ်နိုင်လောက် အောင် နည်းလှပါတယ်။ လူ့သမိုင်း တစ်ခုတည်းကပဲ နှစ် တစ်သန်း ကျော်ခဲ့ ပြီဖြစ်ပါတယ်။
၂။ သိပ္ပံ ယူဆချက် မဟုတ်ပဲ မာယန် တွေရဲ့ ပြက္ခဒိန် ၊ The Bible နဲ့ Egyptian တို့ရဲ့ အယူအဆ တွေနဲ့ ဆုံးဖြတ် ထားခြင်းဟာ လက်ခံ နိုင်စရာ မရှိပါ။
၃။ ဂြိုဟ်ကြီး ဝင်ရောက်လာတဲ့ အခါ ကမ္ဘာ လည်ပါတ်မှု သုံးရက် တိတိ ရပ်သွားမည် ဆိုခြင်းဟာ The Bible မှာ ပါတဲ့ The Three Days of Darkness ကို ရည်ညွှန်းချင်း ဖြစ်ပြီးတော့ သိပ္ပံ သဘောအရ မဖြစ်နိုင်ပါ။ ရပ်ပြီးသွားရင် အားသက်ရောက်မှု တစ်ခုခု မရှိပဲ ပြန်မလည်နိုင်ပါဘူး။ သိပ္ပံကို ခရစ်ယာန်ဇာတ် သွင်းခြင်းသာ ဖြစ်ပြီး လက်ခံ နိုင်စရာ မရှိပါ။
၎။ အဲလောက်ကြီးမားတဲ့ ဂြိုဟ်ကြီး တစ်ခု ဝင်လာခဲ့ရင် နေစကြာဝဠာ တစ်ခုလုံး stability out သွားမှာ ဖြစ်ပြီးတော့ ယခုကဲ့သို့ စံနစ်ကျနေခြင်းမျိုး မရှိနိုင်။
၅။ NASA ကလျှို့ဝှက်တယ် ထားဦး။ အာကာသ လေ့လာမှု အဖွဲ့အစည်းဟာ သူတစ်ခုပဲ ရှိတာ မဟုတ်ပါဘူး။ 1983 ကတည်းက NASA သိနေရင် အခြားသော ESA, RKA, CNSA တို့လို အဖွဲ့ အစည်းတွေက မသိစရာ အကြောင်း မရှိပါဘူး။ အချိန်ဒီ လောက် နီးလာတဲ အထိ တညီတညာထဲ လျှို့ ဝှက် ထားဖို့ဆိုတာ ယုတ္တိတန်တဲ့ ကိစ္စ မဟုတ်ကြောင်း ထင်ရှားပါတယ်။
၆။ အစက 2003 လို့ ပြောထားတဲ့ ကိစ္စက 2003 မှာ မဖြစ်လို့ 2012 လို့ ပြောင်းလိုက်တာ ဖြစ်ပြီးတော့ 2012 မှာ မဖြစ်ရင်လည်း နောက်တစ်မျိုး ပြောင်းပြောဦးမယ် လို့ ထင်ပါတယ်ဗျာ။

ကျနော့် ယူဆချက်တွေ အပေါ်မှာ ဘယ်လို မြင်လဲ ဆိုတာ ကွန့် ပေးစေချင်ပါတယ်။ တကယ်လို့ ကျနော့် ယူဆချက်တွေက မှားနေခဲ့ ရင်တော့……….

Saturday, October 18, 2008

လ ( The Moon ) - ၂

2 comments
ကျနော် အလုပ်မအားလို့ ပို့စ် မတင်နိုင်ပေမယ့် လာအားပေးကြသူတွေ အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်ဗျာ။ ပို့အသစ် တစ်ခု ရအောင် တင်မယ်လို့ ဆုံးဖြတ်ပြီး အရင်က အပြီးမသတ်ရသေးတဲ့ လအကြောင်း အပြီးသတ် တင်ပေးလိုက်ပါတယ်။ လာဖတ်တဲ့ သူတွေတိုင်းကို ကျေးဇူးတင်ပါတယ်ဗျာ။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၅၀၀ လောက်က မားစ်ဂြိုဟ်လောက် ကြီးမားတဲ့ အာကာသ အရာဝတ္ထုတစ်ခု ကမ္ဘာမြေကို ၀င်တိုက်မိခဲ့ပါတယ်။ တိုက်မိတဲ့ အတွက် လွင့်စင် ကွဲထွက်ကုန်တဲ့ အရာတွေဟာ ကမ္ဘာကို ကွင်းတစ်ခုအနေနဲ့ ပါတ်နေခဲ့ပါတယ်။ အဲဒီကွင်းထဲမှာ တိုက်မိတဲ့ အရာဝတ္ထုရဲ့ အနှစ်ပိုင်းဟာလဲ ပါတ်နေခဲ့တာပါ။ တစ်စ တစ်စ နဲ့ အဲဒီကွင်းထဲက အစအန အားလုံး အနှစ်ပိုင်းမှာ သွားပြီး ပေါင်းစည်း မိကြပါတယ်။ လဆိုတာ အဲဒီ တိုက်မိခြင်းကနေ မွေးဖွားပေး လိုက်တဲ့ ကမ္ဘာမြေရဲ့ ရင်သွေးပေါ့။ နှစ် သန်းပေါင်း ၄၅၀၀ ကြာလာတဲ့ ဒီနေ့အထိ အဲဒီလို ပြင်းထန်စွာ တိုက်မိခြင်းရဲ့ အမှတ်အသား ဖြစ်တဲ့ အမဲရောင် အစိတ်အပိုင်းတွေကို လ မျက်နှာပြင်မှာ တွေ့နေရ ဆဲပါ။ ဘာကြောင့် အဲဒီအမဲရောင် အမှတ် အသား တွေဟာ တိုက်မိ ခြင်းရဲ့ အမှတ်အသားတွေ လို့ ပြောရ တာလဲ ဆိုရင် သက်တမ်း နုနယ်စဉ်က လရဲ့ အတွင်းပိုင်း ဖွဲ့စည်း ပုံမှာ ပုံမှာ ပြထားတဲ့ အတိုင်း ရှိနေခဲ့ တဲ့ အတွက်ပါ။ အပြင်မှာ မာကျောတဲ့ မျက်နှာပြင်နဲ့ ကာထား ပေမယ့် အဲ မျက်နှာပြင် ရဲ့ အောက်မှာတော့ ပူပြင်း လောင်ကျွမ်း နေတဲ့ ချော်ရည် ပူတွေ ရှိနေသေးလို့ပါ။ ကြက်ဥ တစ်လုံးလို အရည်တွေကို အခွံမာနဲ့ ကာထားတာ မျိုးပါ။ တကယ်လို့ ဥက္ကာပျံ တစ်ခုက လရဲ့ မျက်နှာပြင် ကို အရှိန်ပြင်းစွာ ဝင်ဆောင့်မိခဲ့ရင် အပေါ်ရံ မြေလွှာကို ဖောက်ပြီး ချော်ရည်တွေ စိမ့်ထွက် လာပါလိမ့်မယ်။ အဲချော်ရည်တွေ အေးပြီး ခဲသွားရင်တော့ အဖြူရောင် မျက်နှာပြင် ပေါ်က အမဲရောင် အကွက်တွေ အဖြစ် မြင်ရမှာပါ။ အဲဒီလိုမျိုး လွန်ခဲ့တဲ့ နှစ်သန်း၃၀၀၀ လောက်အထိ ချော်ရည် စိမ့် ထွက်မှုတွေ ဖြစ်နေခဲ့ပါတယ်။ ဒီနေ့ ခေတ်မှာ တော့ လရဲ့ မျက်နှာပြင်ဟာ ကျောက်ပေါက်မာ ဗရပွ နဲ့ လူတစ်ယောက်ရဲ့ မျက်နှာလို ဥက္ကာပျံ ထိချက်တွေ တစ်ခုနဲ့ တစ်ခု ထပ်နေပါတယ်။ ထိချက် အဟောင်း တွေကို ထိ ချက် အသစ်တွေ ကဖုံးသွား ပါတယ်။ တချို့ ထိမှန်ချက် တွေဟာ အချင်း ကီလိုမီတာ ၉၀ လောက် အထိ ရှိတတ်ပါတယ်။ ဥက္ကာပျံ ထိမှန် ချက်တစ်ခု ကတော့ ပုံမှာ ပြထားသလို အလင်းပြန်အား ကောင်းတဲ့ ဒြပ်ဝတ္ထုတွေ ပါတ်ပါတ်လည်မှာ ရှိပါတယ်။ လရဲ့ မျက်နှာပြင်က အထင်ရှားဆုံး အမှတ်အသား တစ်ခုပါ။ အခြား ထင်ရှားတဲ့ နေရာ တစ်ခုကတော့ Alpine valley ဖြစ်ပါတယ်။ တကယ့် valley တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လရဲ့ တောင်တန်း တွေကို အရှည်လျှားဆုံး ပိုင်းဖြတ်ထားတဲ့ နေရာပါ။ သမဒ္ဒရာလို ညီညာတဲ့ လွင်ပြင်တွေနဲ့ ထုထည်ကြီး မားတဲ့ တောင်တန်းကြီးတွေ လည်း ရှိပါတယ်။ ဒါပေမယ့် လ ဆိုတာ လူနေလို့ ရတဲ့ နေရာ မဟုတ်ပါဘူး။ ညီညာပြန့်ပြူးမှု မရှိ၊ လေထုမရှိ တဲ့ အပြင် ဘာ သက်ရှိ မှလည်း မရှိပါဘူး။ နေ့ဘက်မှာ အပူချိန်ဟာ ၁၂၀ ဒီဂရီ စင်တီဂရိတ် ရှိပြီးတော့ ညကျရင်တော့ အနှုတ် ၆၀ ကနေ ၈၀ ဒီဂရီ လောက် အထိ ကျသွားတတ် ပါတယ်။ ဆွဲငင်အားက ကမ္ဘာရဲ့ ခြောက်ပုံတစ်ပုံ ပဲ ရှိပါတယ်။ ၁၉၆၉ ခုနှစ်မှာ အပိုလို ၁၁ ခရီးစဉ်နဲ့ နေးလ် အမ်းစထရောင်း နဲ့ အခြား အာကသယာဉ်မှုး တွေဟာ လပေါ်ကို ရောက် ခဲ့ကြပါတယ်။ ဒါပေမယ့် အာကသ ယာဉ်မှုး တွေဟာ အလံစိုက်ထူဖို့ အတွက်ပဲ အလုပ်ရှုပ် နေခဲ့ကြပြီး သိပ္ပံ စမ်းသပ်မှုတွေ အတွက်တော့ ကောင်းကောင်း အချိန်မပေး နိုင်ခဲ့ ကြပါဘူး။ လရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံကို အသံလှိုင်းတွေနဲ့ စစ်ဆေးကြည့် တဲ့ အခါမှာ လဟာ မာကျောတဲ့ အရာဝတ္ထုတွေနဲ့ ဖွဲ့စည်း ထားပြီးတော့ သူ့ရဲ့ ဗဟိုဟာ သတ္တုတွေနဲ့ ဖွဲ့စည်း ထားကြောင်း သိခဲ့ ကြပါတယ်။ အာကသ ယာဉ်မှုးတွေဟာ ကီလိုဂရမ် ၃၆၀ လောက် ရှိတဲ့ အရာ ဝတ္ထုတွေ ကမ္ဘာပေါ်ကို သယ်ခဲ့ကြပါတယ်တဲ့။ မီးတောင်ပေါက်ကွဲပြီး ထွက်လာတဲ့ အရာတွေနဲ့ လပေါ်ကို ဝင်တိုင်မိတဲ့ အရာ ဝတ္ထုတွေပါ။ ၁၉၉၈ ခုနှစ်က Lunar Prospector spacecraft ကို လွှတ်တင် ခဲ့ပါတယ်။ လရဲ့ မျက်နှာ ပြင်ကို ဓါတ်ပုံ ရိုက်ပြီး ပို့ခဲ့ ပါတယ်။ ပုံမှာ ပြထားတာ ကတော့ လမျက်နှာပြင် နှစ်ခြမ်းရဲ့ မြေ မျက်နှာ သွင်ပြင် အနိမ့် အမြင့် တွေပါ။ အဓိက ဦးတည်ချက်ကတော့ လပေါ်က ရေခဲနဲ့ ပါတ်သတ်တဲ့ အချက်အလက်တွေ လေ့လာဖို့ အတွက်ပါ။ neutron spectrometer ကို အသုံးပြုပြီးတော့ ရှာဖွေခဲ့ရာမှာ လပေါ်မှာ ရေခဲ ရှိနေကြောင်း တွေ့ခဲ့ရပါတယ်။ မြောက်ဝင်ရိုးစွန်းဘက်မှာ ၃၆၀၀ ကနေ ၁၈၀၀၀ စတုရန်းမိုင် အတွင်း ရေခဲဖုံးလွှမ်း ဧရိယာ ရှိပြီးတော့ တောင်ဝင်ရိုးစွန်းမှာ တော့ ၁၈၀၀ ကနေ ၇၂၀၀ စတုရန်း မိုင် အတွင်းမှာ ရှိနေကြောင်း တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ၂၁ ရာစုအတွင်း နောက်ဆုံး တိုင်းတာချက် အရကတော့ ဝင်ရိုးစွန်း တစ်ခုစီမှာ ၆၅၀ စတုရန်းမိုင်လောက်ပဲ ရေခဲဖုံးလွှမ်း ဧရိယာ ရှိနေကြောင်း တွေ့ရပါတယ်တဲ့။ စုစုပေါင်း ရေခဲဒြပ်ထုဟာ 6.6 billion tons လောက် ရှိပါမယ်တဲ့။ သူတို့က လပေါ်မှာ ရေရှိမရှိ ရှာဖွေတာဟာ အနာဂတ် အာကာသ လေ့လာမှု အတွက် ဖြစ်ပါတယ်။ လပေါ်အရောက် ကမ္ဘာကနေ ရေသယ်မယ် ဆိုရင် ရေ ၁ ကီလိုဂရမ် အတွက် ဒေါ်လာ ၂၀၀၀ ကနေ ၂၀၀၀၀ အထိ ကုန်ကျမှာ ဖြစ်ပါတယ်။ လပေါ်မှာ သိပ္ပံစခန်းတွေ ဆောက်ပြီး လူနေထိုင်ဖို့ စီစဉ်ရင် အဲဒီမှာ ရေမရှိနေလို့ ဘယ်လိုမှ အဆင်ပြေမယ် မဟုတ်ပါဘူး။ နောက်တစ်ခု.. ရေကို အောက်စီဂျင် ထုတ်ဖို့ ကုန်ကြမ်းအနေနဲ့ လဲ သုံးနိုင်ပါသေးတယ်။ လပေါ်မှာ ရှိနေတဲ့ ရေတွေဟာ လူသားတွေရဲ့ အာကသ လေ့လာမှု အတွက် ဘယ်လောက်အထောက် အကူပေးလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်ဗျာ။


ကျမ်းကိုး

၁။ http://www.daviddarling.info/encylopedia
၂။ http://www.nasa.gov
၃။ BBC Discovery, Space
၎။ http://www.wikipedia.org
၅။ Encarta Encyclopedia premium 2006

Saturday, October 11, 2008

ကမ္ဘာ့ဝင်ရိုးစွန်းများ ရွေ့လျှားခြင်း (poles shifting) - ၂

6 comments
နောက်ထပ် pole တစ်မျိုးက Geomagnetic poles ဖြစ်ပါတယ်။ သူကတော့ geographic poles လို တည်နေရာလိုက် သတ်မှတ်ထားတာ မဟုတ်ပဲ သံလိုက်စက်ကွင်း တွေ ရဲ့ အနေအထား နဲ့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ သူဖြစ်လာရတဲ့ အကြောင်းရင်းက ကမ္ဘာ့ အလည် သံနဲ့ နီကယ် ပါဝင်တဲ့ အနှစ်ပိုင်းနဲ့ အဲအနှစ်သားပေါ်က သတ္တုရည်ပူ ပင်လယ်ကြီး ရဲ့ လည်ပါတ်မှု ကြောင့် ကမ္ဘာ ကြီးဟာ လျှပ်စစ် သံလိုက် ချောင်းတစ်ချောင်းလို ဖြစ်ပြီး သံလိုက် ရဲ့ အားလမ်းကြောင်းတွေ ထွက်ပါတယ်။ အဲဒီ သံလိုက် အားလမ်းကြောင်း တွေကြောင့် magnetosphere ဆိုတဲ့ အလွှာကြီး တစ်ခု ဖြစ်လာပြီးတော့ ကျနော်တို့ သက်ရှိတွေကို solar storm, solar flare နဲ့ solar wind တွေရဲ့ ဘေးရန်ကနေ ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။ geographic poles နဲ့ geomagnetic poles တွေဟာ လည်း တထပ်တည်း မကျ ပြန်ပါဘူး။ သူတို့တွေရဲ့ ခြားနားခြင်းက ၁၁ ဒီဂရီ ရှိပါတယ်တဲ့။ ကမ္ဘာကြီးရဲ့ magnetic poles တွေက အတိတ်က အနေ အထားနဲ့ ပြောင်းပြန် ဖြစ်အောင် ပြောင်းလဲ နေတယ်လို့ ပညာရှင် တွေက သက်သေပြခဲ့ ကြပါတယ်။ ကမ္ဘာ့ရဲ့ magnetic poles တွေဟာ အစဉ် လှုပ်လျှားပြောင်းလဲ နေပါတယ်။ Geological records တွေ အရ ကမ္ဘာကြီး ရဲ့ poles တွေဟာ နှစ်ပေါင်း ၃၀၀၀၀၀ လောက်မှာ တောင်နဲ့ မြောက် တစ်ကြိမ် ပြောင်းလဲ ပါတယ်တဲ့။ Carl Freidrich Gauss စပြီးတော့ design လုပ်ခဲ့တဲ့ instruments တွေနဲ့ ပညာရှင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်အတွင်းက ကမ္ဘာ့ magnetic poles တွေရဲ့ တည်နေရာတွေကို တိုင်းတာ နိုင်ခဲ့ပါတယ်။ ပုံမှာ ပြထားတာကတော့ Canadian artic ဒေသ အတွင်း ၁၈၃၁ ကနေ ၂၀၀၁ အတွင်း ပြောင်းလဲ ခဲ့တဲ့ magnetic poles တွေရဲ့ တည်နေရာတွေ ဖြစ်ပါတယ်။ အဲဒီ တိုင်းတာချက် တွေအရ ကမ္ဘာ့ သံလိုက် ဝင်ရိုးစွန်း တွေဟာ နှစ်ဆယ်ရာစု အတွင်းက တစ်နှစ်မှာ ၁၀ ကီလိုမီတာ လောက် ရွေ့လျှားပြီးတော့ အခု ရာစု မှာတော့ ကီလိုမီတာ ၄၀ လောက် ရွေ့လျှားကြောင်း တွေ့ရ ပါတယ်တဲ့။ နောက်တစ်ချက်က ကမ္ဘာ့ရဲ့ magnetic field strength ဟာ လွန်ခဲ့တဲ့ ၁၉ ရာစုက ထက် ၁၀% လျော့နည်းလာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ သံလိုက် အိမ်မြှောင်တွေဟာ မြောက် အရပ်ကို တည့်တည့် မညွှန်ပြပဲ ၁၀ စုနှစ် တစ်ခုမှာ ၁ ဒီဂရီလောက် စောင်းလာ နေတယ် လို့လဲ ဆိုပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရသလဲ ဆိုတာတော့ ကမ္ဘာ့ အတွင်းပိုင်းကို သွားကြည့် ရ မလိုပါပဲ။ ကမ္ဘာ့ အတွင်းပိုင်းရဲ့ ဗဟိုချက်မ မှာ လရဲ့ ၇၀% လောက် အရွယ်အစား ရှိတဲ့ သတ္တုလုံးကြီး ရှိပါတယ်တဲ့။ သူဟာ နေရဲ့ မျက်နှာပြင် အပူချိန်လောက် ပူပြင်းနေပြီးတော့ သူ့ အပြင်က သတ္တုရည်ပူ ပင်လယ် ကြီးထဲမှာ လည်ပါတ် နေပါတယ်တဲ့။ သူ့ရဲ့ လည်ပါတ်မှု အရှိန်ဟာ ကမ္ဘာ့ အပေါ်ရံ မျက်နှာပြင် ထက် တစ်နှစ်မှာ ၀.၂ ဒီဂရီ လောင်ဂျီကျူ လောက် ပိုပြီး မြန်မြန် လည်ပါတယ်တဲ့။ magnetic poles တွေ ပြောင်းလဲ နေတဲ့ အချိန်အတွင်းမှာ ဘာတွေ ဖြစ်မလဲ ဆိုတာလဲ လေ့လာ နေကြဆဲပါ။ နှစ်ပေါင်း သိန်းနဲ့ ချီပြီး ကြာမှ တပါတ်ပြည့်ပြီးတော့ ပြောင်းလဲ နေချိန်မှာ magnetic field တွေကတော့ ပျောက်ကွယ် သွားကြမယ် မဟုတ်ပါဘူးတဲ့။ ဒါပေမယ့် သူတို့ဟာ ကွေးလိမ်သွားပြီးတော့ နေရာလည်း သတ်သတ်မှတ်မှတ် ရှိမယ် မဟုတ်ပါ။ ပုံမှာ ပြထားတာက သံလိုက် ဝင်ရိုးစွန်းတွေ ပြောင်းလဲ ချိန်မှာ ဖြစ်ပေါ်လာမယ့် magnetic field တွေကို simulation လုပ်ထားတာ ဖြစ်ပါတယ်။ တောင် နဲ့ မြောက် ဝင်ရိုး စွန်းက field တွေကို အရောင်နဲ့ ခွဲ ပြီး ပြထားပါတယ်။ သံလိုက် တောင်ဝင်ရိုးစွန်းဟာ အာဖရိက လောက်မှာ ရောက်နေပြီးတော့ မြောက် ဝင်ရိုး စွန်းက တဟီတီ မှာ ဖြစ်ရင် ဖြစ်နေပါ လိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ planetary magnetic field တွေအဖြစ် ဆက်ရှိနေပြီး ကမ္ဘာကိုလည်း ဆက်ပြီး အကာအကွယ် ပေးနေဦး မယ် ဖြစ်ပါတယ်တဲ့။

Wednesday, October 8, 2008

ကမ္ဘာ့ဝင်ရိုးစွန်းများ ရွေ့လျှားခြင်း (poles shifting) - ၁

4 comments
ဟိုတလောက cbox မှာ မေးသွားတဲ့ အကြောင်းအရာ၊ ကျနော် ပို့စ်တင်ပြီး ရှင်းပေးပါမယ် လို့ ပြောထားခဲ့ ပေမယ့် ရုတ်တရက် အလုပ်တွေ အများကြီး ပေါ်လာတဲ့ အတွက် အခုမှပဲ ကျနော် ရေးပေးနိုင်ပါတယ်။ မေးတဲ့သူက မေးထားတဲ့ အတွက် ဒီအကြောင်း အရာကို အရင် တင်ရတာပါ။ အားလုံး ပို့စ် ၃ ခုလောက် တင်ရမယ် ထင်ပါတယ်။ အဲဒါတွေ ပြီးသွားရင် လအကြောင်းကို ပြန်ဆက်ပါမယ်။ မေးတဲ့ အကြောင်းအရာက ကမ္ဘာ့ဝင်ရိုးစွန်း (poles) တွေ ပြောင်းလဲတဲ့ အကြောင်းပါ။ အဲဒီကိစ္စကို ကျနော် တိတိကျကျ ရှင်းပြနိုင်မှာတော့ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်က astronomy မှာ ဝါသနာရှင် သက်သက် ဖြစ်ပြီးတော့ စံနစ်တကျ လေ့လာခဲ့ရတာမျိုး လုံးဝ မရှိခဲ့လို့ပါ။ ကျနော် ရှင်းပြတာ မှားနေနိုင်ပါတယ်။ မှားနေတာ တွေ့ရင် ထောက်ပြ ပေးဖို့ တောင်းဆို ပါရစေ။
ကမ္ဘာ့ဝင်ရိုးစွန်းများ ရွေ့လျှားမှု (poles shifting) အကြောင်းကို မပြောခင်မှာ ဝင်ရိုးစွန်း (pole) ဆိုတာ ဘာလဲ ဆိုတာ အရင် ပြောရမှာပါ။ ဝင်ရိုးစွန်း ဆိုတာတော့ ဝင်ရိုး (axis) တွေရဲ့ အစွန်းတွေ ပေါ့လေ။
ဝင်ရိုးစွန်း ဆိုတဲ့ နေရာမှာ လူတွေက ပထဝီဝင် သဘော အရ သတ်မှတ်ထားတဲ့ ဝင်ရိုးစွန်း တွေကို ပထဝီ ဝင်ရိုးစွန်းများ (geographic poles) တွေ လို့ ခေါ်ပါတယ်။ အဲဒီ poles တွေကို ချိတ်ဆက်ပေးတဲ့ ဝင်ရိုးကိုတော့ ပထဝီ ဝင်ရိုး (geographic axis) လို့ ခေါ်ပါတယ်။ လက်ရှိ အဲဒီဝင်ရိုး ကို မြောက် ဘက်ကို ဆက်ဆွဲမယ် ဆိုရင်တော့ Polaris ဆိုတဲ့ ကြယ်ကို ရောက်ပါမယ်။ အဲဒီလို လူတွေ သတ်မှတ် ထားတဲ့ အတိုင်း တည့်တည့် မတ်မတ် ရှိနေရမယ့် ပထဝီ ဝင်ရိုး ကိုတော့ Axis of instantaneous rotation လို့ ခေါ်ပါ တယ်။ Axis of maximum moment of inertia ဆိုတာ ရှိပါ သေးတယ်။ ကျနော်တို့ ကမ္ဘာက စက်လုံး ပုံစံ အတိအကျ မဟုတ် ပါဘူး။ ကမ္ဘာကို လိမ္မော်သီး ခွဲသလို အမြှောင်း လေးတွေ ခွဲထုတ် ကြည့်ရင် တစ်ခုစီ ရဲ့ mass က တူမယ် မဟုတ်ပါ။ အဲဒီ လို distribution of mass က ခြားနားတဲ့ အတွက် Axis of maximum moment of inertia က ပေါ်လာတာ ဖြစ်ပါတယ်။ သူ့ကို ဖြစ်စေတဲ့ အခြား အကြောင်းအရာတွေက သမုဒ္ဒရာ ဒီရေ (လ အကြောင်းမှာ ရေးပြထားပါတယ်) ၊ လေထု နဲ့ ကျောက်ချပ်ကြီးများ ရွှေ့လျှား ခြင်း တို့ ဖြစ်ပါတယ်။ အဲဒီလို section အလိုက် မတူညီတဲ့ mass တွေဟာ ကမ္ဘာရဲ့ gravity ၊ centrifugal နဲ့ orbital velocity တွေရဲ့ vector forces တွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါ ကမ္ဘာရဲ့ အခုလက်ရှိ လည်ပါတ်နေတဲ့ ဝင်ရိုး ဖြစ်လာပါတယ်။ တကယ်လို့ ကမ္ဘာက စက်လုံး ပုံ အတိအကျ ဖြစ်နေခဲ့ ရင်တော့ အဲလိုမျိုး ဝင်ရိုး မဖြစ်ပဲ တည်ငြိမ်တဲ့ astronomical axis ပဲ ရှိမှာပါ။ အခု လည်ပါတ်နေတဲ့ ကမ္ဘာရဲ့ ဝင်ရိုးနဲ့ astronomical axis တို့ အကြား ခြားနားတဲ့ ထောင့် ကိုတော့ nutation လို့ ခေါ်ပါတယ်။ ရလာဒ် အဖြစ် ကမ္ဘာဝင်ရိုးဟာ ပုံမှာ ပြထားသလို လည်ပါတ်ပါတယ်။ ကမ္ဘာဟာ နေကို ပါတ်နေရင်း၊ သူ့ဝင်ရိုးပေါ်မှာ လည်နေရင်း နဲ့ ကမ္ဘာ့ဝင်ရိုးကလည်း ပုံက အဝါရောင် စက်ဝိုင်း အတိုင်း ပါတ် နေတာ ဖြစ်ပါ တယ်။ (စဉ်းစား ကြည့်လို့ ရမယ်လို့ မျှော်လင့် ပါတယ်။ animated gif နဲ့ ပြချင် ပေမယ့် အချိန်မရလို့ ဒီတိုင်းလေးပဲ တင်လိုက် ရပါတယ်။) အဲဒီလို လည်ပါတ်တဲ့ ဖြစ်စဉ်ကို wobble effect လို့ ခေါ်ပါတယ်။ ကမ္ဘာရဲ့ အီကွေတာဟာ နေကို ပါတ်နေတဲ့ လမ်းကြောင်း ရဲ့ ပြင်ညီ နဲ့ တထပ်တည်း မကျပါဘူး။ ပုံမှာ အပြာရောင်နဲ့ အစိမ်းရောင် အဖြစ် ခွဲပြီး ပြထားပါတယ်။ အဲဒီ ပြင်ညီ နှစ်ခုကြားက angle of inclination ဟာ အခု လက်ရှိတော့ ၂၃.၅ ဒီဂရီ ရှိပါတယ်။ ဒါပေမယ့် အဲဒါဟာ တသတ်မတ် မဟုတ်ပါဘူး။ အပေါ်မှာ ရှင်းပြခဲ့တဲ့ orbital dynamics ဖြစ်စဉ်ကြောင့် အဲဒီ angle of inclination ဟာလည်း ပြောင်းလဲနေပါတယ်။ ၂၁ ဒီဂရီ ၃၉ မိနစ်ကနေ ၂၄ ဒီဂရီ ၃၆ မိနစ် အတွင်းမှာ ပြောင်းလဲ ပါတယ်။ အဲဒီလို နည်းရာကနေ များများ သွားပြီး များရာကနေ ပြန်နည်းသွားတဲ့ ပြောင်းလဲမှု တပါတ် ပြည့်ဖို့ နှစ်ပေါင်း ၄၁၀၀၀ ကြာပါတယ်။ လက်ရှိ တိုင်းတာ ချက်တွေ အရ ရာစုနှစ် တစ်ခုမှာ ၀.၁၃ ဒီဂရီ ပြောင်းလဲ ပါတယ်တဲ့။ အဲဒီလို ပြောင်းလဲမှုဟာ tropic of cancer နဲ့ tropic of capricorn တွေရဲ့ တည်နေရာကို ပြောင်း လဲ စေမှာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ ရာသီဥတု အပေါ်မှာ အပြောင်း အလဲ ဖြစ်စေမှာ ဖြစ်ပါတယ်။

Thursday, October 2, 2008

လ ( The Moon ) - ၁

2 comments
မားစ် ဂြိုဟ် အကြောင်း အရင်ရေးမယ်လို့ ဆုံးဖြတ်ထားပေမယ့် လ အကြောင်း ရေးပေးဖို့ သူငယ်ချင်း တစ်ယောက် ပြောထားတာ ရှိတာရယ်၊ ပြီးတော့ မားစ် ဂြိုဟ်အကြောင်း အချက်အလက် တချို့ ရှာမတွေ့သေးဘူး ဖြစ်နေလို့ လ အကြောင်း အရင် တင်လိုက်ပါတယ်။


ကျနော်တို့ ကမ္ဘာရဲ့ အနီးဆုံး အိမ်နီးချင်း၊ စကြာဝဠာ အသိုက်အ၀န်းထဲက ကျနော်တို့ ကမ္ဘာရဲ့ အဖွဲ့ဝင်၊ ကျနော်တို့ ညတွေရဲ့ အလှဆုံး ကောင်းကင်တန်ဆာ၊ ကျနော်တို့နဲ့ အနီးဆုံး အာကာသ အရာဝတ္ထု လမင်းကြီး ကို အားလုံးသိကြမှာပါ။ သူက ကျနော်တို့နဲ့ ဘယ်လောက်တောင်နီးလဲ ဆိုရင် သူ့ဆီကို လူသား ၁၂ ယောက်လောက် သွားပြီးတော့ အသေအပျောက် အပျက်အစီး မရှိ ပြန်လာနိုင်ခဲ့ ပါတယ်။ လ ဆိုတာ ကျနော် တို့ကမ္ဘာရဲ့ နောက်လိုက် ငယ်သား တစ်ယောက်လို့ ပြောကောင်း ပြောနိုင်မှာ ဖြစ်ပေမယ့် ကမ္ဘာအပေါ် သူ့ရဲ့ သက်ရောက်မှုကတော့ အင်မတန်ကြီးမားပါတယ်။ ပင်လယ် လိပ်တွေဟာ လဆန်းစ ဒါမှမဟုတ် လပြည့် နေ့တွေမှာပဲ ဥချတတ်ပါတယ်။ ဘာလို့လဲ ဆိုတော့ လိပ်လေးတွေ ပေါက်လာတဲ့ အခါ ဒီရေ အမြင့်ဆုံး ဖြစ်နေမှ ပင်လယ်ထဲကို ဆင်းရတာ လွယ်မှာ မို့လို့ ဖြစ်ပါတယ်။ လရဲ့ သက်ရောက်မှုဟာ သက်ရှိတွေ အပေါ်မှာ တင်မဟုတ်ပါဘူး။ အချိန်ကာလ အတိုင်းအတာ ပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ကမ္ဘာက မိမိဝင်ရိုးပေါ်မှာ တစ်ပါတ် ပြည့်အောင် လည်ပါတ်ချိန် (၁ရက်) ဟာ လက ကမ္ဘာကို တစ်ပါတ် ပါတ်တဲ့ အချိန် (၂၇.၃၂၁၇ ရက်) ထက် အများကြီး ပိုမြန်ပါတယ်။ လက ကမ္ဘာ လည်တဲ့ နှုန်းအတိုင်း လိုက်မှီအောင် မပါတ်နိုင်တဲ့ အခါ မျက်နှာပြင် နှစ်ခုကြားက ဆွဲငင်အင်ရဲ့ သက်ရောက်မှု ပေါ်လာတာပါ။ မာကျောတဲ့ မြေပြင်က မသိသာပေမယ့် fluid ဖြစ်တဲ့ ရေကတော့ လမျက်နှာပြင်ရဲ့ ဆွဲငင်မှုမှာ ကျန်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီရေမြင့်တက်မှု ဖြစ်လာရတာပါ။ အဲဒီလိုပဲ အဲဒီ ဆွဲငင်မှုဟာ ကမ္ဘာ့ axial spin ရဲ့ အသားတင် torque ကို လျော့ကျစေပြီးတော့ တစ်ချိန်တည်းမှာပဲ လရဲ့ orbital angular momentum ကိုလည်း မြင့်တက် စေပါတယ်။ အဲဒီလို ကမ္ဘာ့ လည်ပါတ်နှုန်း လျော့ကျနေမှုဟာ တစ်ချိန်မှာ ကမ္ဘာ့ရဲ့ တစ်ရက်ဟာ တစ်လ နဲ့ အတူတူ ဖြစ်သွားပါလိမ့်မယ်။ နောင် နှစ်သန်းရာပေါင်း အနည်းငယ် အကြာမှာ ကမ္ဘာနဲ့ လရဲ့ အကွာအဝေးဟာ လက်ရှိ 383000 km ကနေ 434000 km အထိ ဝေးသွားပါလိမ့်မယ်။ လဟာ အရွယ်အစား အားဖြင့် ကမ္ဘာရဲ့ အားဖြင့် ကမ္ဘာရဲ့ လေးပုံ တစ်ပုံခန့် ရှိပြီးတော့ ဒြပ်ထုအားဖြင့် အပုံ ၈၀ ပုံ တစ်ပုံပဲ ရှိပါတယ်။ ကမ္ဘာကနေကြည့်ရင် လရဲ့ မျက်နှာပြင် တခြမ်းကိုပဲ မြင်ရပါတယ်။ အခြား တစ်ဘက်က အမှောင်ဘက်မှာ ရောက်နေလို့ပါ။ လဟာ သူ့ရဲ့ မျက်နှာပြင် တစ်ဘက်ကိုပဲ ကမ္ဘာကို မျက်နှာမူထားတဲ့ အတွက် အခြားဘက်ခြမ်းကို မမြင်ရပါ။ မြင်ရတဲ့ တခြမ်းကတော့ ပုံမှာ ပြထားသလို နေ့စဉ်နဲ့ အမျှ ပုံစံတွေ ပြောင်းလဲနေပါတယ်။ ဒီရေ မြင့်တက်မှုဟာ တခါတရံ နေကြောင့်လဲ ဖြစ်တတ် ပေမယ့် အဓိက အားဖြင့်ကတော့ လ ရဲ့ သက်ရောက်မှုတွေပါ။ ဒီရေ မြင့်တက်မှုနဲ့ နိမ့်ကျမှုတွေ ရဲ့ အပိုင်းအခြား ကာလဟာ ခြောက်နာရီ ပတ်ဝန်း ကျင်လောက် ဖြစ်ပါတယ်။ ဒီရေ မြင့်တက်မှုဟာ ကမ္ဘာတစ်ခုလုံးက သမုဒ္ဒရာတွေမှာ တပြိုင်ထဲ ဖြစ်နေတာ ဖြစ်ပြီးတော့ လရဲ့ ဆွဲငင်အား တိုက်ရိုက် ခံရတဲ့ နေရာနဲ့ ဆန့်ကျင်ဘက် ခြမ်းတွေမှာ မြင့်တက်လာတာပါ။ ပုံမှန်အတိုင်း ဆိုရင်တော့ တစ်နေရာထဲမှာ စုပြီး မြင့်တက် လာရမှာ ဖြစ်ပေမယ့် ကမ္ဘာက ကိုယ့်ဝင်ရိုး ပေါ်မှာ လည်နေတော့ မြင့်တက် လာတဲ့ ရေက ဖြန့်ပြီး စီးပါတယ်။ အဲဒီ အတွက် ကမ်းခြေ တွေမှာလဲ ဒီရေ တက်ပါတယ်။ ဒါပေမယ့် မြင့်တက်မှုနဲ့ နိမ့်ကျမှုတွေဟာ mechanically systematic ဖြစ်ပါတယ်။ အဲဒီ ဆွဲငင်မှု တွေ ကြောင့် တစ်ချိန်မှာ ကမ္ဘာ နဲ့ လဟာ ယခုထက် ပိုမို ဝေးကွာသွားကြမှာ ဖြစ်ပြီးတော့ တစ်ပါတ် ပါတ်ဖို့ ၄၇ ရက် ကြာ သွားမှာ ဖြစ်ပါတယ်။ လက ကမ္ဘာကို သက်ရောက် တဲ့ အခြား အချက်တစ်ခု ရှိပါ သေးတယ်။ လက ကမ္ဘာ့ဝင်ရိုး တိမ်းစောင်းမှုရဲ့ တည်နေရာကို ပြောင်းလဲ စေပါတယ်။ ကမ္ဘာ့ဝင်ရိုး တိမ်းစောင်းမှုရဲ့ တည်နေရာဟာ နေ့စဉ် ပြောင်းလဲ နေတာ ဖြစ်ပြီးတော့ နှစ်ပေါင်း ၂၆၀၀၀ မှာ ပြောင်းလဲမှု တစ်ပါတ် ပြည့်ပါမယ်။

Wednesday, October 1, 2008

ကမ္ဘာ ( Earth ) - ၂

0 comments
ရာသီဥတု ပြောင်းလဲသလို နေ့တာညတာ တွေလည်း ကွာခြားပါတယ်။ တည်နေရာကို လိုက်ပြီးတော့ နေ့တာညတာ ကွာခြားမှုရဲ့ အတိုင်းအတာတွေ ခြားနားပါတယ်။ ယေဘုယျအားဖြင့်ကတော့ နွေမှာ နေ့တာ ရှည်ပြီး ဆောင်းမှာ ညတာ ရှည်တာပါပဲ။ သမဒ္ဒရာတွေကလည်း ကမ္ဘာ့ရဲ့ ရာသီဥတုကို အများကြီး ပြောင်းလဲ စေပါတယ်။ ကမ္ဘာတစ်ခုလုံးအနှံ့ အပူနဲ့ အအေး တို့ ကူးလူး စပ်ရှက်နေကြတာ ဖြစ်ပါတယ်။ အလွယ်တကူ စီးဆင်းနိုင်တဲ့ ရေ နဲ့ လေ တို့ဟာ ပူရာမှ အေးရာ၊ အေးရာမှ ပူရာတွေကို ဖြတ်သန်း စီးဆင်းကြပါတယ်။ အဲဒီလို ဖြစ်စေဖို့ အဓိက ဖန်တီးရှင်ကတော့ နေရဲ့ အပူပါ။ အီကွေတာမှာ တည့်မတ် နေရောင် ရတဲ့အတွက် ပူလာတဲ့ အခါ လေဟာ ပွတက်လာပြီးတော့ သူ့ထက် ပိုပြီး အေးနဲ့ နေရာကို စီးဆင်းပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် အီကွေတာ နဲ့ ၀င်ရိုးစွန်းတွေ ကြားမှာ လေစီး ကြောင်းတွေ ပေါ်လာတာ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ တိုက်ခတ်နေတဲ့ လေတွေဟာ အဲဒီလို အပူအအေး ကွာခြားချက်တွေ ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။ တကယ်လို့ ကမ္ဘာကသာ လည် မနေခဲ့ဘူးဆိုရင် သူတို့ဟာ မြောက်မှ တောင် ဒါမှမဟုတ် တောင်မှမြောက် ကိုပဲ တိုက်ခတ်ကြပါလိမ့်မယ်။ ဒါပေမယ့် ကမ္ဘာက လည်နေတဲ့ အတွက် လေဟာ အရှေ့ဘက်နဲ့ အနောက်ဘက်တွေကို ပါ ယိမ်းယိုင်ပြီး တိုက်ခတ်ပါတယ်။ ဂြိုဟ်တုက ကြည့်မယ်ဆိုရင် အာဖရိက မြောက်ပိုင်းမှာ အမြဲ တိမ်ကင်းစင် နေတာကို တွေ့ရမှာပါ။ အဲဒီအရပ်မှာ အပူ ကြောင့် ပင့်တင်ခံရတဲ့ လေတွေဟာ တောင်ဘက်ကို ၄င်း၊ မြောက်ဘက်ကို ၄င်း တိုက်ခတ်တဲ့ အတွက် တိမ်တိုက်တွေ ရောက် မလာနိုင်တာ ဖြစ်ပါတယ်။ လေ တိုက်ခတ်မှု ဟာ အတ္တလန်တိတ် သမုဒ္ဒရာ အတွင်း ပူနွေးတဲ့ လေစီးကြောင်းကို ဖြစ်ပေါ် စေပြီးတော့ ဥရောပတိုက် အနောက် ဘက် ပိုင်းမှာ ပူနွေးတဲ့ သမုဒ္ဒရာရဲ့ ပြုပြင်မှု ကို ရစေပါတယ်။ အဲဒီလို သမုဒ္ဒရာရဲ့ ပြုပြင် မှုကြောင့် ရာသီဥတုဟာ ဖြေးဖြေးချင်းပဲ ပြောင်းလဲ ပါတယ်။ အတ္တလန်တိတ် မြောက်ပိုင်းတွေမှာတော့ အဲဒီလို ပြုပြင်မှုတွေ မရှိတဲ့ အတွက် ရေခဲပြင်တွေ ဖုံးလွှမ်းနေပါတယ်။ ကျယ်ပြန့်တဲ့ သမုဒ္ဒရာ ရေပြင်မှာ နေမင်းရဲ့ အပူကြောင့် လေထုအတွင်း ပြင်းထန်တဲ့ မုန်တိုင်းကြီးတွေ ဖြစ်ပေါ်ပါတယ်။ မုန်တိုင်း အတွင်း လေတိုက် ခတ်မှု မြန်သထက် မြန်လာပြီး လေတိုက်နှုန်းဟာ လေတိုက် နှုန်းဟာ တစ်နာရီကို ကီလိုမီတာ ၃၀၀ အထိ ရှိတက်ပါတယ်။ တကယ်လို့ အဲဒီမုန်တိုင်း ကြီးတွေဟာ ကုန်းပေါ်ကို ရောက်လာခဲ့မယ် ဆိုရင်တော့ နာဂစ် မုန်တိုင်းလို အပျက်အစီး အများကြီး ဖြစ်စေတဲ့ ကပ်ဘေးတစ်ခု ဆိုက်ရောက် သလိုပါပဲ။ တောင်အမေရိက တိုက်ရဲ့ အနောက်ဘက် ပိုင်းက ပူနွေးတဲ့ ရေထုဟာ ကျယ်ပြောလှတဲ့ ပစိဖိတ် သမုဒ္ဒရာ အတွင်းကို တိုးဝင် စီးဆင်းပါတယ်။ အဲဒီ စီးဆင်းမှုဟာ အယ်လ်နီညို ရေစီးကြောင်းကို ဖြစ်စေတာပါ။ အယ်လ်နီညို ဆိုတာ သဘာဝတရားကြီး ရဲ့ အမျက်ဒေါသပါ။ သမုဒ္ဒရာရဲ့ အနောက်ဘက် ပိုင်းတွေကို အေး စေ ပြီးတော့ အရှေ့ဘက် ပိုင်းတွေကို တော့ ပူနွေးစေပါတယ်။ အနောက်ဘက် ပိုင်းမှာ မိုးလုံးဝနီးပါး မရွာ စေပဲနဲ့ အရှေ့ဘက် ပိုင်းမှာတော့ မိုးသည်းထန် စေပါတယ်။ ဒါပေမယ့် အယ်လ်နီညိုရဲ့ ဆိုးကျိုးတွေက အဲလောက်နဲ့ မရပ်ပါ။ တ ကမ္ဘာ လုံး ခံရတာ ဖြစ်ပါတယ်။ ပစိဖိတ် သမုဒ္ဒရာ ရဲ့ အရှေ့ဘက် ခြမ်း တလျှောက်မှာ ပြင်းထန်တဲ့ ရေလွှမ်းမိုး မှုတွေ ကြုံရပါတယ်။ အင်ဒိုနီးရှား မှာတော့ ခြောက်သွေ့ပြီး မီး လောင်ကျွမ်းမှု တွေ ဖြစ်ပေါ်စေ ပါတယ်။ သြစတေးလျှ မှာလည်း မိုးမရွာပဲ ကန္တာရ ရာသီဥတု ဖြစ်စေပါတယ်။ ကမ္ဘာအကြောင်း ရေးစရာ တပုံတပင် ပေမယ့် အခြားဂြိုဟ်တွေ အကြောင်း ရေးစရာ ရှိနေတဲ့ အတွက် ဒီမှာပဲ နားလိုက်ပါ့မယ်။

ကျမ်းကိုး

၁။ BBC Discovery, Space
၂။ http://www.wikipedia.org
၃။ Encarta Encyclopedia premium 2006
Related Posts Plugin for WordPress, Blogger...