Tuesday, September 30, 2008

ကမ္ဘာ ( Earth ) - ၁

0 comments
နေမင်းကြီးကနေ ကီလိုမီတာ သန်း ၁၅၀ လောက် အကွာမှာတော့ မယုံကြည်နိုင်လောက် အောင် ပြည့်စုံကောင်းမွန်တဲ့ ဂြိုဟ်တစ်လုံး ရှိပါတယ်။ သူကတော့ လှပတဲ့ အပြာနုရောင် စက်လုံး တစ်ခု ဖြစ်တဲ့ ကျနော်တို့တွေ အားလုံးရဲ့ အိမ်ပါ။ နေမင်းကနေ တွက်ရင် သုံးခုမြောက် ဂြိုဟ်၊ ပထမဆုံး ဂြိုဟ်ရံလ ပိုင်ဆိုင်တဲ့ ဂြိုဟ်၊ ကျနော်တို့ရဲ့ ကမ္ဘာပဲပေါ့။ ကျနော်တို့ရဲ့ ကမ္ဘာပေါ်မှာ ရေတွေ လည်ပါတ် စီးဆင်း ပါတယ်။ ကျနော်တို့ ကမ္ဘာမှာ သမုဒ္ဒရာတွေ ရှိပါတယ်။ ရေခိုးရေငွေ့ တိမ်တိုက်တွေနဲ့ လေထုကြီးလဲ ရှိပါတယ်။ ရေခဲပြင်တွေလဲ ရှိပါတယ်။ ရေမရှိ၊ ခြောက်သွေ့ တဲ့ ကန္တာရတွေ ရှိသလို အသက်ဇီဝ အများအပြား ပေါက်ဖွားတဲ့ နေရာတွေလဲ ရှိပါတယ်။ အခုချိန်အထိ သိထားရသလောက် ကမ္ဘာဆိုတာ အသက် ဇီဝ ဖြစ်တည်ရာ တစ်ခု တည်းသော ဂြိုဟ်ပါပဲ။ အဲဒီ အသက် ဇီဝကပဲ ကမ္ဘာမြေကို ထူးခြားစေတာပါ။ ကမ္ဘာရယ်လို့ စဖြစ်ကာစကတော့ ဘာအသက်ဇီဝမှ မရှိခဲ့သလို ဘာရေမှလည်း မရှိပါဘူး။ နှစ်သန်း ၄၅၀၀ လောက်က လေးလံတဲ့ အရာဝတ္ထုတွေဟာ ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်းအနှစ်အဖြစ် စပြီးဖွဲ့စည်းခဲ့တာပါ။ အတွင်းပိုင်း အနှစ်မှာ သံ နဲ့ နီကယ် တွေ အဓိက ပါဝင်ပါတယ်။ အတွင်းပိုင်း အနှစ်ရဲ့ အပြင်မှာ အပြင်ပိုင်းအနှစ်၊ အဲဒီ အပြင်မှာ အကာပိုင်း ရှိပါတယ်။ အပေါ်က ပုံကတော့ ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်း ဖွဲ့စည်း ပုံကို wave တွေလွှတ်ပြီး တိုင်းတာတဲ့ ပုံပါ။ ကမ္ဘာမြေကြီးရဲ့ အတွင်းပိုင်း အနှစ်ဟာ သူ့ရဲ့ အပြင်က ပူပြင်းပြီး အရည်ပျော်နေတဲ့ အပြင်ပိုင်း အနှစ်ထဲမှာ ရွေ့လျှားမှု ဖြစ်တဲ့အခါ ကမ္ဘာမြေကြီးရဲ့ magnetic pole တွေရဲ့ တည်နေရာ ပြောင်းလဲ ပါတယ်။ တကယ်လို့ magnetic poles တွေက တောင်နဲ့ မြောက် တည့် ပြောင်းသွားရင်တော့ ငှက်တွေအတွက် ကပ်ဘေးတစ်ခု ကျသလိုပါပဲ။ ပြောင်းလဲသွားတဲ့ magnetic pole တွေနဲ့ အသားကျနေ နိုင်ဖို့ ပြောင်းလဲရပါတယ်။ အပြင်ပိုင်းအနှစ်ရဲ့ ပူပြင်းလှတဲ့ ချော်ရည် တွေဟာ အကာပိုင်းကို ဖြတ်ပြီး ကမ္ဘာ့ မျက်နှာပြင်ကို ထွက်ဖို့ ကြိုးစားပါတယ်။ အဲဒီဖြစ်စဉ် ကြောင့် ကမ္ဘာ့ အပေါ်ရံလွှာရဲ့ မြေမျက်နှာပြင်ဟာ တိုက်ကြီး တွေ အဖြစ် ကွဲထွက် သွားစေပါတယ်။ အဲဒီ ဖြစ်စဉ် အတွက် သက်သေ ပြချက်အဖြစ် သမုဒ္ဒရာတွေရဲ့ ကြမ်းပြင်တွေမှာ ချော်ရည် တွေ အကာပိုင်းကို တိုးထွက်လာလို့ ရွေ့လျှားပြီး တိုက်ကြီးတွေ အဖြစ် ဆက်စပ် ဖွဲ့ စည်းစေတဲ့ ကျောက်ချပ် ကြီးတွေ ထိတွေ့ရာ လမ်းကြောင်းတွေကို တွေ့နိုင်ပါတယ်။ အဲဒီလို ကျောက်ချပ်ကြီးတွေ ဆုံတဲ့ သမဒ္ဒရာ ကြမ်းပြင်တွေမှာ မီးတောင် နဲ့ ဓါတ်ငွေ့တွေ ပန်းထွက် နေတဲ့ နေရာတွေ ရှိတတ် ပါတယ်။ အသက်ဇီဝဆိုတာ အဲလိုနေရာတွေမှာ စဖြစ် တယ်လို့ ယူဆ ကြပါတယ်။ ကုန်းမြေ ပေါ်မှာတော့ အသက်ဇီဝ ဆိုတာ အစိမ်းရောင် အပင်တွေနဲ့ စခဲ့ပါတယ်။ အစိမ်းရောင် အပင်တွေဟာ အောက်ဆီဂျင် တွေ ထုတ်ပေးပြီး အဆိပ် အတောက် အပြည့်နဲ့ လေထုကို အသက်ဇီဝ ရှင်သန်နိုင်တဲ့ လေထု အဖြစ် ပြောင်းလဲ ပေးခဲ့ပါတယ်။ ကမ္ဘာရဲ့  သမိုင်းဦး အချိန်လောက်က ဓါတ်ငွေ့တွေ အများကြီးနဲ့ သိပ်သည်းဆ မြင့်လာတဲ့ လေထု ကြီးကနေ မိုးကြီး အဆက်အပြတ် ရွာသွန်း ပြီး ရေပြင်ကျယ်ကြီးတွေ ဖြစ်လာခဲ့တာပါတဲ့။ ဒီနေ့မှာတော့ ရေတွေက ကမ္ဘာ့မျက်နှာပြင်ရဲ့ ၇၀% လောက် ဖုံးလွှမ်းထားပြီးတော့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေကို လဲ စုပ်ယူ ထိမ်းသိမ်းထားပါတယ်။
ညကောင်းကင်မှာ ကြယ်စုတွေ ရွေ့လျှားတာကို ကြည့်ပြီး ကမ္ဘာမြေကြီး လည်ပါတ်နေကြောင်းကို လူတွေ စပြီး သတိထားမိကြတာ ဖြစ်ပါတယ်။ နေမင်းကြီးက အရှေ့ကနေ ထွက်ပြီး အနောက်ကို ၀င်တယ်။ ဒါပေမယ့် နေ ကိုယ်တိုင်က ကမ္ဘာကို ပတ်နေတာ မဟုတ်ပဲ ကမ္ဘာမြေကြီးက ကိုယ့် ၀င်ရိုးပေါ်မှာ လည်ပါတ်နေတာ ဖြစ်ပါတယ်။ ၂၄ နာရီမှာ တပတ်ပြည့်တဲ့ အဲဒီ လည်ပတ်မှုကြောင့် နေ့ရယ် ညရယ် ဆိုပြီး ဖြစ်လာခဲ့တာပါ။ တကယ်လို့ ကမ္ဘာက နေကို တည့်တည့်မတ်မတ် မျက်နှာမူပြီး လည်နေခဲ့တာ ဆိုရင်တော့ နေ့တာ ညတာ အချိန်က အတူတူပဲ ဖြစ်မှာပါ။ ဒါပေမယ့် ကမ္ဘာက ၂၃ ၁/၂ ဒီဂရီ တိမ်းစောင်းပြီး လည်ပါတ်နေတာ ဖြစ်တော့ အချိန် ကာလနဲ့ နေရာဒေသကို လိုက်ပြီး နေ့တာ ညတာ ကွာခြားမှုကို ဖြစ်စေပါတယ်။ ရာသီဥတု ဆိုတာလည်း အဲဒီလို တိမ်းစောင်း မှုကြောင့် ပေါ်လာတာ ဖြစ်ပါတယ်။ နေကို တစ်ပါတ်ပါတ်မိတဲ့ အချိန်က တစ်နှစ်ပါပဲ။ ကမ္ဘာက နေကို ပါတ်နေပုံကို စိတ်ကူးနဲ့ ပုံဖော်ကြည့်မယ်ဆိုရင် ရာသီ ပြောင်းလဲပုံ တွေကို သိနိုင်မှာပါ။ နေရာဒေသ အလိုက် ကမ္ဘာပေါ်ကို ကျတဲ့ နေရောင် ခြည်ဟာ နေ့စဉ် ဒီဂရီ အနည်းငယ်စီ ပြောင်းလဲပါတယ်။ ၆ လအကြာမှာ ပြောင်းလဲမှုရဲ့ လားရာ အမြင့် ဆုံးသို့ ရောက်ရှိပြီးတော့ နောက် ၆လ မှာတော့ ဆန့်ကျင်ဘက် လားရာအတိုင်း ပြန်ပြောင်း လဲပါတယ်။ အဲဒီ အတွက် ကြောင့် ကမ္ဘာ့ မြောက်ဘက်ခြမ်းမှာ ဆောင်းဖြစ်တဲ့ အခါ ကမ္ဘာ့ တောင်ဘက်ခြမ်းမှာ နွေ ဖြစ်နေပါတယ်။ မြောက်ခြမ်းမှာ နွေ ဆိုရင်တော့ တောင်ခြမ်းမှာ ဆောင်းပေါ့။

Saturday, September 27, 2008

ဗီးနပ်စ်ဂြိုဟ် (Venus) -၂

3 comments
ဗီးနပ်စ်ဂြိုဟ် အကြောင်းကို ဆက်ပြီး ရှင်းပါမယ်။
၁၉၉၀ ခုနှစ်မှာ အမေရိကန် က မက်ဂျဲလန် ဂြိုဟ်တု ကို လွှတ်တင်ခဲ့ပါတယ်။ မက်ဂျဲလန်က ဗီးနပ်စ် ရဲ့ မျက်နှာပြင်တွေကို စံနစ်တကျ တိုင်းတာ ခဲ့ပြီး ရေဒါနဲ့ တိုင်းတာခဲ့တဲ့ အချက်အလက်တွေ ပြန်ပြီး အသက်ဝင် လာခဲ့ပါတယ်။ ကျနော်တို့တွေ ဗီးနပ်စ်ကို ကိုယ်တိုင် မြင်ခဲ့တယ်၊ ကိုယ်တိုင် ပျံသန်းပြီး ရောက်ခဲ့တယ်လို့ ပြောနိုင်လောက်အောင် မက်ဂျဲလန် ရဲ့ အချက်အလက် တွေက တိကျ ခဲ့ပါတယ်။ ပုံမှာ ပြထားတာ ကတော့ ဗီးနပ်ရဲ့ မျက်နှာပြင်ကို ကွန်ပြူတာ နဲ့ ပုံဖော်ထားတာ ဖြစ်ပါတယ်။ ကွန်ပြူနဲ့ ပုံဖော်တယ် ဆိုပေမယ့် သုံးထားတဲ့ အချက်အလက် တွေက အရမ်း တိကျပါတယ်။ ဂြိုဟ်တုရဲ့ ပါတ်လမ်း အတိုင်း မျက်နှာပြင်ကို analysis လုပ်ခဲ့ပါတယ်။ ရေဒါ ရဲ့ signal တွေနဲ့ area အလိုက် အမြင့်ပေတွေ တိုင်းယူခဲ့တာပါ။ ဗီးနပ်စ်ရဲ့ မျက်နှာပြင်မှာ ဥက္ကာပျံ ကြီးတွေ ၀င်တိုက်လို့ ဖြစ်လာတဲ့ ချိုင့်ဝှမ်း သုံးခု ရှိပါတယ်။ ဗီးနပ်စ် အတွက် ဖြစ်တောင့် ဖြစ်ခဲပါ။ ဘာလို့လဲ ဆိုတော့ အလွန်ကြီးတဲ့ ဥက္ကာပျံတွေသာ ဗီးနပ်စ်ရဲ့ သိပ်သည်းတဲ့ လေထုကို ဖြတ်ပြီး မျက်နှာပြင်ပေါ် ကို ရောက်နိုင်လို့ ဖြစ်ပါတယ်။ ကျန်တဲ့ မျက်နှာပြင် အစိတ်အပိုင်း တွေကတော့ ညီညာတယ်လို့ပဲ ယေဘုယျ ပြောနိုင်ပါတယ်။ တစ်ကွက်ခြင်း တစ်ကွက်ခြင်း၊ လမ်းကြောင်း တစ်ခုခြင်း တစ်ခုခြင်း ရိုက်ယူသွား ပြီး ပေါင်းစပ် လိုက်တဲ့ အခါ မှာတော့ ဂြိုဟ်ရဲ့ မျက်နှာပြင်ကို တိတိကျကျ တွေ့ရပါတော့ တယ်။ မျက်နှာပြင်တွေရဲ့ နေရာတိုင်း လိုလိုဟာ မီးတောင် ပေါက်ကွဲမှုရဲ့ ပြုပြင်မှုတွေ ခံထားရပါတယ်။ ဗီးနပ်စ် ဟာ နေအဖွဲ့အစည်းမှာ အကြီးမားဆုံး မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်နေတဲ့ နေရာ ဆိုတာ မက်ဂျဲလန်က သက်သေပြခဲ့ ပါတယ်။ မီးတောင်တွေက ချော်ရည် တွေ စွန့်ထုတ် နေခဲ့တာ နှစ်သန်း ထောင်နဲ့ ချီပြီး ကြာခဲ့ပါပြီ။ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်း အရင်းကို တော့ ဘယ်သူမှ မသိကြပါ။ မီးတောင် ပေါက်ကွဲမှု တွေက လေထုထဲကို ဓါတ်ငွေ့တွေ စွန့်ထုတ် ပါတယ်။ ချော်တွေကတော့ တထပ်ပြီး တထပ် ဂြိုဟ်ပေါ်ကို ဖုံးလွှမ်းလာခဲ့တာ နှစ်သန်း ၅၀၀ လောက် ရှိပါပြီ။ မီးတောင်တွေ ရဲ့ ပြုပြင်မှုတွေက လွဲရင် ကျန်တဲ့ နေရာတွေမှာ တော့ အံ့သြောစရာ ကောင်းလောက် အောင် ညီညာ ပါတယ်။ ပင်လယ်ပြင်ရဲ့ မျက်နှာပြင်လို့ တပြန့်ထဲ ညီညာမှုမျိုးပါ။ မျက်နှာပြင် လေ့လာမှုတွေ ပြီးသွားတဲ့ အခါမှာ ဗီးနပ်စ်ရဲ့ gravity ကို ဆက်ပြီး လေ့လာပါတယ်။ ပါတ်လမ်း အတွင်းမှာ မက်ဂျဲလန် ဟာ နိမ့်မြင့် လှုပ်လျှားမှုတွေ ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဗီးနပ်စ် မျက်နှာပြင်ရဲ့ မတူညီတဲ့ သိပ်သည်းဆတွေဟာ မတူညီတဲ့ ဆွဲငင်အားကို ဖြစ်စေလို့ပါ။ အဲဒီ အချက်ပေါ်မှာ မူတည် ပြီးတော့ မက်ဂျဲလန်ဟာ တိုင်းတာမှု ပြုလုပ်ခဲ့ပါတယ်။ ဗီးနပ်စ်ရဲ့ အတွင်းပိုင်းဟာ ကမ္ဘာနဲ့ ထပ်တူနီးပါပဲ။ အပြင်လွှာ အလယ်လွှာ နဲ့ core တွေ ရှိကြပါတယ်။ core ကလဲ ကမ္ဘာမှာလိုပဲ သံနဲ့ နီကယ် တွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကွာခြားတာ တစ်ခုက ဗီးနပ်စ်ရဲ့ core မှာ convection မရှိပါဘူး။ ရလာဒ် ကတော့ ဗီးနပ်မှာ magnetic field မရှိ၊ ဒါမှမဟုတ် မရှိသလောက် နည်းပါတယ်။ ၁၉၉၄ ခုနှစ် အောက်တိုဘာမှာတော့ မက်ဂျဲလန်ဟာက ဗီးနပ်စ်ရဲ့ လေထုထဲကို ပျက်ကျပြီး ပျက်စီးသွားခဲ့ပါတယ်။
ဗီးနပ်စ်၊ ကမ္ဘာနဲ့ မားစ် ဂြိုဟ်တို့ဟာ နေအဖွဲ့အစည်း အတွင်း အသက်ဇီဝ ဖြစ်တည် နိုင်မှု ဇုန်အတွင်းမှာ ရှိကြ တာပါ။ ဗီးနပ်စ် ကတော့ နေနဲ့ အနီးဆုံး အတွင်း ဘက်မှာ ရှိတဲ့ အတွက် ပူပါတယ်။ အရင် နှစ် သန်း တစ်ထောင်လောက်တုန်းကတော့ ကမ္ဘာလိုပဲ ရှိခဲ့ နိုင်ပါတယ်။ နေရဲ့ အပူချိန်ဟာ ဂြိုဟ်ကို တစ်စ တစ်စ ခြောက်သွေ့ လာစေပြီး ရေတွေကို အငွေ့ပျံ သွားစေ ပါတယ်။ ဟိုက်ဒရိုဂျင် တွေက စကြာဝဠာ ထဲကို လွင့်ထွက် သွားပြီး သမုဒ္ဒရာတွေ မရှိတော့ အတွက် လွတ်ထွက် လာတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် တွေက လေထုအနှံ့ ဖုံးလွှမ်းပြီး နေရောင် တိုး မပေါက် တော့တဲ့ အတွက် မရပ်မနား ဖြစ်နေတဲ့ greenhouse effect ကို ဖြစ်စေပြီးတော့ ဗီးနပ်စ် ကိုလဲ ကြီးမားလှတဲ့ ခြုံထည်ကြီး အောက်မှာ အမြဲ ရှိနေစေပါတော့တယ်။


ကျမ်းကိုး

၁။ BBC Discovery, Space
၂။ http://www.wikipedia.org
၃။ Encarta Encyclopedia premium 2006

Friday, September 26, 2008

ပလူတို ကို ဘာကြောင့် ဂြိုဟ်သိမ် အဖြစ် အဆင့် လျှော့ချရတာလဲ

cbox မှာ genesis မေးထားတဲ့ အကြောင်းအရာက cbox ထဲမှာ တင်ရှင်းဖို့ မဖြစ်နိုင်တဲ့ အတွက် ကျနော် ပို့စ် တစ်ခုတင်ပြီး ရှင်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျနော်တို့ နေစကြာဝဠာထဲမှာ အရင်က ဂြိုဟ် ၉ လုံး၊ အခု ၈ လုံး ဖြစ် သွားပါပြီ။ ဘာလို့ တစ်လုံး လျော့သွားတာလည်း ဆိုတာ အဲတုန်းက သတိထား မိလိုက်သူတွေ သိကြမှာပါ။ သတိမထား မိလိုက်သူတွေ အတွက် ကျနော် ပြန်ရှင်းပေးတာပါ။
IAU က ၂၀၀၆ ခုနှစ် မှာ definition of planet ကို သတ်မှတ်လိုက် တဲ့ အချိန် မတိုင်ခင် အထိ ပလူတို ဟာ ဂြိုဟ် အဖြစ် ရှိခဲ့ပါတယ်။ အဲဒီ defination ကို ထုတ်ပြီးတဲ့ အခါမှာတော့ ပလူတိုဟာ ဂြိုဟ်သိမ် ဖြစ်သွားပါပြီ။ အရင်ကတော့ ကောင်းပြီ ကောင်းရက်နဲ့ ဂြိုဟ် လုပ်ထားပြီးတော့ မှ အခုမှ ဂြိုဟ်သိမ် ဆိုပြီး ကောက် လုပ်လိုက်တဲ့ အတွက် စတင်တွေ့ရှိခဲ့သူ Clyde W. Tombaugh ရဲ့ အသိုင်းအ၀ိုင်းနဲ့ သူ့ကို လေးစားကြည်ညိုသူများရဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲလို မလုပ်လို့ မရတဲ့ အကြောင်း အရာကလည်း ရှိနေပါတယ်။
၁၉၅၁ ခုနှစ်မှာ ကွေပါခါးပါတ် (kuiper belt) ကို တွေ့ရှိပြီးတဲ့ အချိန်ကစလို့ ပလူတို နဲ့ ပါတ်သတ်ပြီး စဉ်းစား စရာတွေ စဖြစ်လာခဲ့တာပါ။ ၂၀၀၂ ခုနှစ်မှာ KBO 50000 Quaoar ကို စပြီး တွေ့ခဲ့ ပါတယ်။ အချင်း အားဖြင့် ၁၂၈၀ ကီလို မီတာ ရှိပြီးတော့ ပလူတိုရဲ့ တ၀က် ရှိပါတယ်။ ၂၀၀၄ ခုနှစ်မှာ Sedna ကို တွေ့ခဲ့ ပါတယ်။ သူ့အချင်းက ကီလိုမီတာ ၁၈၀၀ ဖြစ်တဲ့အတွက် အချင်း ကီလိုမီတာ ၂၃၂၀ ပဲ ရှိတဲ့ ပလူတိုနဲ့ မတိမ်းမယိမ်း ရှိနေ ပါပြီ။ ၂၀၀၅ ခုနှစ် ဇူလိုင် ၂၉ ခုနှစ်မှာ တော့ နက်ပကျွန်းအလွန် အရာဝတ္ထုတွေ့ ရှိကြောင်း ကြော်ညာချက် ထွက် ပေါ်ခဲ့ပါတယ်။ အသစ် တွေ့ရှိတဲ့ အရာဝတ္ထု အမည်က Eris ဖြစ်ပြီးတော့ သူက ပလူတို ထက် ပိုကြီးပါတယ်။ ၁၈၄၆ ခုနှစ်က Triton ကို တွေ့ရှိပြီးတဲ့ နောက်ပိုင်းမှာ နေစကြာဝဠာ အတွင်း အကြီးမားဆုံး အရာဝတ္ထု တွေ့ရှိတာ ဖြစ်ပါတယ်။ တရားဝင် သတ်မှတ်မှု မရှိသေးပေမယ့် ၁၀ ခုမြောက် ဂြိုဟ် လို့ ခေါ်ခဲ့ကြပါတယ်။ Eris ကို ဂြိုဟ် အဖြစ် သတ်မှတ်လိုက်ရင် သူ့ လိုပဲ သတ်မှတ်စရာ ဂြိုဟ် တွေ အများကြီး ကျန်ပါသေးတယ်။ ဂြိုဟ်တွေ အများကြီး ဖြစ်လာပြီး စကြာဝဠာ လေ့လာမှု အတွက် ရှုပ်ထွေးလာတော့ မှာ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ နက္ခတ္တပညာရှင် အသိုင်းအ၀ိုင်း မှာ ပလူတိုကို ဂြိုဟ်သိမ် အဖြစ် သတ်မှတ်ဖို့ ဖိအား ပိုများ လာခဲ့ပါတယ်။ အခြားဂြိုဟ် တွေရဲ့ ပါတ်လမ်းတွေကို ထောင့်တစ်ခု ခံဆောင်ပြီး ပါတ်နေတဲ့ သူရဲ့ ပါတ်လမ်းကို ဘေးက ပုံမှာ တွေ့နိုင်ပါတယ်။ ပလူတို ကို ဂြိုဟ်အဖြစ် သတ်မှတ် နိုင်စရာ တစ်ခုထဲသော အကြောင်းအရာ အဖြစ် သူ့ရဲ့ ခပ်ကြီးကြီး လ တစ်လုံး ဖြစ်တဲ့ Charon ပဲ ကျန်ပါတယ်။ ဒါပေမယ့် ၂၀၀၅ စက်တင်ဘာမှာ Eris မှာ ဂြိုဟ်ရံလ Dysnomia ရှိကြောင်း တွေ့ ရှိ ခဲ့တဲ့ အတွက် ပလူတို ကို ဂြိုဟ် အဖြစ် ဆက်လက် ထားရှိရေး ကိစ္စ အဆုံးသတ်သွား ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာ IAU က definition of planet ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ထုတ်ပြန်ချက်အရ အရာဝတ္ထုတစ်ခု ဟာ ဂြိုဟ် အဖြစ် သတ်မှတ် ခံရနိုင်ဖို့ အောက် ပါ အချက်သုံးချက်နဲ့ ညီ ဖို့ လိုအပ်ပါတယ်။
၁။ အရာဝတ္ထုဟာ နေကို ပါတ်တဲ့ ပါတ်လမ်း အတွင်းမှာ ရှိရပါမယ်။
၂။ အရာဝတ္ထုဟာ သူ့ကိုယ်ပိုင် ဆွဲငင်အား နဲ့ လုံးဝန်းတဲ့ ပုံစံ ဖြစ်စေဖို့ လုံလောက်တဲ့ ဒြပ်သား ပမာဏ ရှိရပါမယ်။ သူ့ရဲ့ ပုံစံကို hydrostatic equilibrium ဖြစ်စေဖို့ လုံလောက်တဲ့ ဆွဲငင်အား ရှိရပါမယ်။
၃။ အရာဝတ္ထုမှာ ရှင်းလင်းတဲ့ နေပါတ်လမ်းကြောင်း ရှိရပါမယ်။ သူ့ ပါတ်လမ်း တွင်း မှာ အခြား အရာဝတ္ထု များ မရှိရပါဘူး။
ပလူတိုဟာ တတိယအချက်နဲ့ မညီပါဘူး။ သူ့ ရဲ့ ဒြပ်ထုဟာ သူ့ ပါတ်လမ်း အတွင်း မှာရှိတဲ့ အရာဝတ္ထု စုစု ပေါင်း ဒြပ်ထုရဲ့ ၀.၀၇ ဆ ပဲ ရှိပါတယ်။ (ကမ္ဘာရဲ့ ဒြပ်ထုဟာ သူ့ပါတ်လမ်းထဲရှိ အခြား အရာစုစုပေါင်းရဲ့ ၁.၇ သန်း ဆ ရှိပါတယ်။)
၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့မှာ IAU က ဂြိုဟ်သိမ် (minor planet) စာရင်းကို ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီ စာရင်းထဲက အကြီးဆုံး အရာဝတ္ထု ၁၀ခု ရဲ့ ပုံကို အောက်မှာ ပြထားပါတယ်။

Thursday, September 25, 2008

ဗီးနပ်စ်ဂြိုဟ် (Venus) -၁

0 comments
သူကတော့ မျက်နှာပြင် အပြည့် အဖြူရောင် ခြယ်ထားတဲ့ ဂြိုဟ်၊ ကာဗွန်ဒိုင် အောက်ဆိုဒ် ကဲ တဲ့ လေထုထဲမှာ သေစေနိင်လောက်တဲ့ အဆိပ်ဓါတ်ငွေ့ အပြည့်နဲ့ ဂြိုဟ်၊ သက်ဝင် လှုပ်လျှားနေတဲ့ မီးတောင် တွေ ရှိတဲ့ဂြိုဟ်၊ ကျနော်တို့ သောကြာဂြိုဟ်လို့ သိကြတဲ့ ဗီးနပ်စ်ဂြိုဟ်ပဲ ဖြစ်ပါတယ်။ ဗီးနပ်စ် ဂြိုဟ်ပေါ်မှာ အပူချိန်ဟာ -၄၈၀ ဒီဂရီ စင်တီဂရိတ် အမြဲရှိပါတယ်။ ဘာလို့လဲ ဆိုတော့ နေရောင်က သေမင်းတမန် တိမ်တိုက်တွေကို ဖောက်ပြီး သူ့ရဲ့ မျက်နှာပြင်ပေါ်ကို မရောက်နိုင် လို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ ဗီးနပ်စ်ဟာ ကျနော်တို့အတွက် ပဟေဋ္ဌိ တစ်ခုပါ။ သူ့ဝင်ရိုးပေါ်မှာ တစ်ပါတ်လည်ဖို့ ကမ္ဘာပေါ်က ရက်ပေါင်း ၂၄၃ ရက် ကြာပါတယ်။ သူ့ပေါ်က တိမ်တိုက်တွေ ကျတော့ ၄ရက် နဲ့ တစ်ပါတ် ပါတ်ပါတယ်။ သူ့ရဲ့ အချင်းက ကီလိုမီတာ ၁၂၀၀၀ ကျော်ပါတယ်။ ကမ္ဘာ့ အချင်း နီးပါးပါပဲ။ အဲဒီလို အရွယ်အစား မတိမ်းမယိမ်း ညီအစ်မ နှစ်ဖော်ဟာ ဘာကြောင့်များ မတူညီ ရတာပါလဲ။ တစ်ချိန်မှာ တော့ သူဟာ အောက်က ပုံမှာ ပြထားသလိုပဲ ကမ္ဘာ နဲ့ အတူတူပဲရှိခဲ့ နိုင်ပါတယ်။ ပင်လယ် ပြာပြာတွေ၊ အစိမ်းရောင် အပင်တွေ ဖုံးတဲ့ တိုက်ကြီးတွေ နဲ့ ကြည်လင် သန့်ရှင်းတဲ့ ကောင်းကင်ပြင် တွေ နဲ့ပေါ့။ ဘယ်လိုအရာကများ ဗီးနပ်စ် အတွက် ဆိုးရွားတဲ့ ကြမ္မာ ဖြစ်စေ တာလဲ။ သူ့လေထု ထဲက အခိုးအငွေ့ တွေကို ဘယ်လို အရာကများ ဖြစ်စေတာပါလဲ။ ပြီးတော့ ဘာဖြစ်လို့များ တခြားဂြိုဟ်တွေနဲ့ မတူပဲ ပြောင်းပြန် လည်နေရတာပါလဲ။ ကမ္ဘာပေါ်ကကြည့်မယ် ဆိုရင်တော့ ဗီးနပ်စ်ဟာ ညကောင်းကင်ရဲ့ အတောက်ပဆုံးသော ဂြိုဟ်ပါ။ သူရော သူ့ရဲ့ အဖော် မာကျူရီရော နေ၀င်ပြီးတာနဲ့ ချက်ချင်း လိုလို ထွက်လာ တတ်ကြပါတယ်။ ဘယ်ဂြိုဟ်ကမှ မိုးကုပ် စက်ဝိုင်း ကနေ တွက်ရင် သူ့ထက် မြင့်တဲ့ နေရာကို မရောက်နိုင်ပါဘူး။ အဲဒါကတော့ သူ့ရဲ့ တည်နေရာဟာ ကမ္ဘာနဲ့ နေကြားမှာ ရှိနေတဲ့ အကျိုးဆက်ပါ။ မာကျူရီက နေကို မြန်မြန် ပါတ်ပေမယ့် ဗီးနပ်စ်ကျတော့ ပိုနှေးတဲ့ အရှိန်နဲ့ ရက်ပေါင်း ၂၂၅ ရက်ကြာမှ တစ်ပါတ်ပါတ် ပါတယ်။ နေကနေ ကီလိုမီတာ ၁၀၈ သန်း အကွာမှာ ရှိပါတယ်။ တခါတရံမှာ တော့ ဗီးနပ်စ်ဟာ နေရဲ့ အ၀န်း အ၀ိုင်းကို ဖြတ်သွား တာမျိုး မြင်ရတတ်ပါတယ်။ အဲဒီလို ဗီးနပ်စ် က နေရဲ့ အ၀န်းကို ဖြတ်သွားတဲ့ အဖြစ်အပျက်ကို 1769 ခုနှစ်မှာ Captain James Cook ပထမဆုံး စပြီး တွေ့ခဲ့တာပါ။ အဲဒီတွေ့ရှိမှုဟာ ခေတ်သစ် စကြာဝဠာ လေ့လာမှုသမိုင်း ရဲ့ အစပါပဲ။ ဗီးနပ်စ်ကို စံနစ်တကျ လေ့လာမှုကတော့ ရေဒါတွေနဲ့ စခဲ့တာပါ။ ၆၀ ပြည့်လွန်နှစ်တွေရဲ့ အစလောက်မှာ ရေဒါတွေနဲ့ ဗီးနပ်စ်ရဲ့ တိမ်တိုက်တွေကို signal တွေလွှတ်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ပထမဆုံး ဗီးနပ်စ်ရဲ့ မြေမျက်နှာသွင်ပြင်ကို ပုံဖော်နိုင်ခဲ့ပြီးတော့ သူဟာ ပြောင်းပြန် လည်နေတယ် ဆိုတာ ကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်မှာတော့ ဆိုဗီယက်ယူနီယံ ဟာ ဗီးနပ်စ်ကို ပထမဆုံး ဂြိုဟ်တု လွှတ်တင်နိုင်ခဲ့ပါတယ်။ အဲဒီဂြိုဟ်တုရဲ့ တိုင်းတာချက်အရ ဗီးနပ်စ်ရဲ့ လေထုသိပ်သည်းမှုဟာ ကမ္ဘာထက် ၉၀% ပိုများကြောင်း သိရပါတယ်။ အချို့သော အစိတ်အပိုင်းတွေဟာ သူ့ရဲ့ လေထုထဲမှာပဲ ပျက်စီးသွားပါတယ်။ ဒါပေမယ့် အစိတ်အပိုင်း တစ်ခုကတော့ ကောင်းကောင်း အလုပ်လုပ် ခဲ့ပါတယ်။ သူ့ရဲ့ ကမ်မရာ မပျက်စီးခင် အထိတော့ ကမ္ဘာတွေကို အချက်အလက်တွေ ပို့ပေးခဲ့ပါတယ်။ ဒါပေမယ့် စက်ပစ္စည်းတွေ လဲ အဲနေရာမှာတော့ ကြာကြာ မကောင်း နိုင်ပါဘူး။ တစ်ချိန်ချိန်မှာ လူ တစ်ယောက် ယောက် ကို တစ်စုံတစ်ခု နဲ့ အလုံပိတ်ပြီး ဗီးနပ်စ်ရဲ့ မျက်နှာပြင်ကို ပို့နိုင်မယ် ဆိုပါတော့၊ အဲဒီ အလုံပိတ် ကို ဖွင့်ဖွင့်ချင်းမှာပဲ အဲဒီလူဟာ သေသွားမှာ ဖြစ်ပါတယ်။ နောက်ထပ် လေ့လာတွေ့ရှိမှု ကတော့ ဗီးနပ်စ်ရဲ့ လေထုထဲမှာ ၉၀ ကနေ ၉၅% လောက် ကာဗွန်ဒိုင် အောက်ဆိုဒ် တွေ ပါနေတယ် ဆိုတဲ့ အချက်ပါ။ ဗီးနပ်စ်ရဲ့ မြေမျက်နှာသွင်ပြင် ဖွဲ့စည်းပုံကို တော့ ပုံမှာ ပြထားပါတယ်။ အဲဒီ ပုံ အရ ဆိုရင် ဂြိုဟ်ရဲ့ မျက်နှာပြင်ဟာ ညီညာတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် တိုက်အဖြစ် ဖွဲ့စည်း တည်ရှိ နိုင်မှု အနေအထား တော့ နည်းပါတယ်။ ကမ္ဘာပေါ်မှာ တိုက်ကြီး ခုနှစ်ခု ရှိပေမယ့် ဗီးနပ်စ်မှာတော့ နှစ်ခုပဲ ရှိနိုင် ပါတယ်။

Sunday, September 21, 2008

မာကျူရီဂြိုဟ် (mercury) -၂

0 comments

အပေါ်ကပုံကို ကြည့်ရင် မာကျူရီ ဟာ သူ့ရဲ့ ၀င်ရိုးပေါ်မှာ အလွန်နှေးကွေးစွာ လည်ပါတ်ကြောင်း တွေ့ရမှာပါ။ နေကို တစ်ပါတ်ပါတ် မိတဲ့ အချိန်မှာ သူ့ဝင်ရိုးပေါ်မှာ အပါတ်ဝက် လောက်ပဲ လည်ရ ပါသေးတယ်။ မာကျူရီ ဂြိုဟ် အတွက် ပြက္ခဒိန်က အူကြောင်ကြောင် နိုင်ပါတယ်။ မာကျူရီဂြိုဟ်ရဲ့ တစ်နေ့ဟာ သူ့ရဲ့ တစ်နှစ်ထက် နှစ်ဆ ပိုကြာပါတယ်။ မာကျူရီဂြိုဟ်ရဲ့ တစ်ရက်ဟာ ကမ္ဘာပေါ်က ရက်ပေါင်း ၁၇၆ နဲ့ ညီပေမယ့် သူ့ရဲ့ တစ်နှစ်ကတော့ ကမ္ဘာ့ရက်ပေါင်း ၈၈ ရက်ပဲ ရှိပါတယ်။ နောက်ထပ် ထူးဆန်းတာ ရှိပါသေးတယ်။ မာကျူရီဂြိုဟ်ပေါ်ကနေ ကြည့်ရင် နေဟာ အချိန်နဲ့ အမျှ အရွယ်အစား တွေ ပြောင်းလဲ နေတာကို တွေ့ရမှာပါ။ ဘာကြောင့်လဲ ဆိုရင်တော့ သူ့ဟာ နေနဲ့ အနီးအဝေး ကွာခြားချက်က အချိန်နဲ့ အမျှ ပြောင်းနေလို့ပဲ ဖြစ်ပါတယ်။ မာကျူရီက နေကို ဘဲဥပုံ ပါတ်လမ်း နဲ့ ပါတ်ပါတယ်။ ဘဲဥပုံ ပါတ်လမ်းရဲ့ နေနဲ့ နီးတဲ့ အပိုင်းကို ရောက်လာတဲ့ အချိန်မှာ နေဟာ ကြီးလာပြီးတော့ ဝေးတဲ့ နေရာကို ရောက်သွားရင်တော့ ပြန်သေးသွား ပြန်ပါတယ်။ နောက်ထပ် လျှို့ဝှက် ချက် တစ်ခု ရှိပါသေးတယ်။ မာကျူရီဟာ ဘဲဥပုံ လမ်းကြောင်း အတိုင်း နေနဲ့ နီးလာရင် အရှိန် မြန်လာပြီး တော့ နေနဲ့ ဝေးရာကို သွားတော့မယ်ဆိုရင်တော့ အရှိန် နှေးသွားတာ ပါပဲ။ အဲဒီ အတွက် ကြောင့် နေဟာ မာကျူရီ ဂြိုဟ်မှာ နှစ်ကြိမ် ထွက်ပါတယ်။ နေနဲ့ နီးတဲ့ ရလာဒ် အဖြစ် မာကျူရီ ဂြိုဟ်ဟာ အလွန်ပူပါတယ်။ သူ့ရဲ့ အီကွေတာ ရဲ့ နေ့ခင်းဘက် အပူချိန်ဟာ 400 degree Celsius ရှိပါတယ်။ တစ်ခါတစ်ရံ 600 degree C အထိ ရှိပြီးတော့ နေအဖွဲ့အစည်း မှာတော့ အပူ ဆုံး ဂြိုဟ် ဖြစ်ပါတယ်။ ဒါပေမယ့် ဂြိုဟ်ရဲ့ ညသန်းခေါင် အချိန်မှာတော့ -270 degree C အထိ အေးပါတယ်။ စိတ်ဝင်စားစရာ အချက်တစ်ခုက အချို့သော သိပ္ပံ ပညာရှင်တွေဟာ မာကျူရီမှာ ရေခဲ ရှိတယ်လို့ ယူဆကြပါတယ်တဲ့။ နေအလင်းရောင်ကို အမြဲတမ်း တိုက်ရိုက် မရနိုင်တဲ့ နေရာတွေမှာ ရှိနေပါတယ်တဲ့။ အဲဒီ အချက်အလက်တွေကို တော့ ရေဒါ နဲ့ တိုင်းတာခဲ့တာ ဖြစ်ပါတယ်။ ရေဒါ က ရတဲ့ ဒေတာတွေအရ ရေခဲဟာ ၀င်ရိုးစွန်း နှစ်ဘက်လုံးမှာ ရှိနေတာ ဖြစ်ပါတယ်။ တကယ်လို့ အဲဒါဟာ တကယ်ပဲ ရေခဲ ဖြစ်နေရင်တော့ comet တွေသယ်လာခဲ့တာ ပဲ ဖြစ်ရပါမယ်။ ရေခဲဟာ အမြဲတမ်း အမှောင် ကျနေတဲ့ ၀င်ရိုးစွန်းတွေရဲ့ နက်ရှိုင်းတဲ့ အပိုင်းတွေမှာ ရှိနေတာ ဖြစ်ပါတယ်။ အဲဒီအချက်ကို အတည်ပြုဖို့ နောက်ထပ် လေ့လာတွေ့ရှိမှု တစ်ခုလိုပါတယ်။ active drives တွေသုံး ပြီး လေ့လာဖို့က မဖြစ်နိုင်ပါဘူး။ သူက နေနဲ့ အရမ်းနီးနေလို့ပါ။ စကြာဝဠာထဲမှာ တင်ထားတဲ့ ဟာဘယ်လ် တယ်လီ စကုပ် ထက် ပိုကောင်းတဲ့ တယ်လီစကုပ်နဲ့ လေ့လာဖို့တော့ အစီအစဉ် မရှိကြပါ။ မာကျူရီရဲ့ diameter ဟာ ၅၀၀၀ ကီလိုမီတာ ပဲ ရှိပြီးတော့ နေစကြာဝဠာမှာ အသေးဆုံး ဂြိုဟ်ပါ။ လေထုဟာ အရမ်းပါးလွှာပြီးတော့ မရှိသလောက်ပါပဲ။ ဆွဲငင်အားကလည်း ကမ္ဘာရဲ့ ၁% လောက်ပဲ ရှိပါတယ်။ မာကျူရီနဲ့ ပါတ်သတ်ပြီး သိထားရသလောက်ဟာ မာရီနာ ၁၀ ရဲ့ ကျေးဇူးတွေပါ။ ဂြိုဟ်မျက်နှာပြင် ရဲ့ တ၀က်လောက်ကတော့ ဘာမှ လေ့လာမှု မလုပ်ရသေးပါဘူးတဲ့။ နေရဲ့ အနားက အဲဒီ အဖြူရောင် အစက်ကလေးဟာ သူ့ကို လေ့လာမယ့်သူတွေကို စောင့်မျှော်နေတုန်းပဲ ရှိပါသေးတယ်။

ကျမ်းကိုး

၁။ BBC Discovery, Space
၂။ http://www.wikipedia.org
၃။ Encarta Encyclopedia premium 2006

Saturday, September 20, 2008

မာကျူရီဂြိုဟ် (mercury) -၁

0 comments
နေစကြာဝဠာရဲ့ သမိုင်းအစမှာ နေစကြာဝဠာရဲ့ အ၀န်းအ၀ိုင်းတစ်ခုလုံး လည်ပါတ်နေတဲ့ ဓါတ်ငွေ့ တွေ ရှိနေခဲ့ပါတယ်။ အချင်းချင်းဆွဲငင်စုစည်းကြရာက အစိတ်အပိုင်းသေးသေးလေးတွေ၊ ပိုပြီးကြီးတဲ့ အစိတ် အပိုင်းတွေ ဖြစ်လာရာကနေ နောက်ဆုံးမှာ ဂြိုဟ်တွေ ဖြစ်လာခဲ့ကြပါတယ်။ မာကျူရီဂြိုဟ် ကတော့ လွန်ခဲ့တဲ့ နှစ်သန်း ၄၅၀၀လောက်က နေနဲ့ အနီးဆုံး ဂြိုဟ်အဖြစ် စတင် ဖြစ်ပေါ်လာခဲ့တာပါ။ မာကျူရီ ရဲ့ နောက်မှာ သေးငယ်တဲ့ ဂြိုဟ်တွေဖြစ်တဲ့ ဗီးနပ်စ်၊ ကမ္ဘာ နဲ့ မားစ် ဂြိုဟ် တို့ ရှိကြပါတယ်။ အဲဒီနောက်မှာတော့ ဓါတ်ငွေ့ ဂြိုဟ် ဘီလူးကြီးတွေ ဖြစ်တဲ့ ဂျူပီတာနဲ့ စေတန် ဂြိုဟ်တို့ ရှိကြ ပါတယ်။ အဲဒီနောက်မှာ outer planets တွေဖြစ်ကြတဲ့ ယူရေးနပ်စ် နဲ့ နက်ပ်ကျွန်း၊ အဲဒီနောက်မှာ ပလူတိုနဲ့ ကွေပါ ခါးပါတ်(Kuiper belt) ၊ ဒီထက်ပိုဝေးသွားတဲ့ နေရာ မှာတော့ comet သန်းထောင်ပေါင်း များစွာ ရှိတယ်လို့ ယုံကြည်ကြတဲ့ Oort comet cloud ရှိပါတယ်။ နေအဖွဲ့အစည်းမှာ စွန့်ထုတ်မှု အများအပြား ရှိတဲ့ အနက်ကလေးလံတဲ့ ပစ္စည်းတွေဟာ အတွင်းဘက်ဂြိုဟ်တွေမှာ အနည်ကျပြီး ပေါ့ပါး တဲ့ ပစ္စည်းတွေကတော့ အနည်းဆုံး ဂျူပီတာ အထိ လွင့်ပါး ပြီးတော့ အပြင်ဘက် ပိုင်းဂြိုဟ် တွေမှာ အနည်ထိုင်ပါတယ်။ မာကျူရီဂြိုဟ် ဟာ အတွင်းဘက် အကျဆုံးဖြစ်တဲ့ အတွက် အလေးလံ ဆုံးသော ပစ္စည်းအများစုဟာ မာကျူရီဂြိုဟ်မှာပဲ အနည် ကျပါတယ်။ နှစ်သန်းထောင်ပေါင်း များစွာ ဖြစ်လာတဲ့ အဲဒီဖြစ်စဉ်က မာကျူရီ ဂြိုဟ်ကို ကျောက်သားလို မာကျောတဲ့ ဂြိုဟ် ဖြစ်လာ စေခဲ့ပါ တယ်။ မာကျူရီဂြိုဟ်ကို ကြည်လင်တဲ့ ကောင်းကင်ရဲ့ ဆည်းဆာ အချိန်တွေမှာ ဗီးနပ်စ် ဂြိုဟ်ရဲ့ ညာဘက် အောက်ပိုင်း ခပ်ကျကျ နေရာမှာ တွေ့နိုင် ပါတယ်။ သူတို့တွေ ဟာ မိုးကုပ်စက်ဝိုင်းရဲ့ အလွန်နိမ့်တဲ့ အပိုင်းတွေမှာ ခဏလေးထွက်လာပြီး ပြန်ဝင် သွားပါတယ်။ သေးငယ်လှတဲ့ မာကျူရီကို နေ၀င်ပြီး ကာစ ဆည်းဆာ အချိန်နဲ့ နေရောင်ပျောက်ပြီး မှောင်စပျိုးချိန်တွေမှာသာ တွေ့နိုင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ဟာ ဂြိုဟ်တွေရဲ့ အလင်းပြန်တဲ့ နေ့ဘက်ခြမ်း ကိုပဲ မြင်နိုင် ကြလို့ပါ။ ဗီးနပ်စ်ဂြိုဟ်က နေကိုတစ်ပါတ်ပါတ်ဖို့ ၂၂၅ ရက်ကြာပေမယ့် မာကျူရီကတော့ ၈၈ ရက်နဲ့ ပါတ်တာပါ။ တခါတရံ မာကျူရီက နေနဲ့ ကမ္ဘာအကြားမှာ ဖြတ်တဲ့အခါ၊ နေမင်းရဲ့ အ၀န်းအ၀ိုင်းကို မာကျူရီ ဖြတ်သွား တာ တွေ့နိုင်ပါတယ်။ မာကျူရီဂြိုဟ်ရဲ့ အပြင်လွှာဟာ လ နဲ့ တော်တော် ဆင်တူ ပါတယ်။ မာကျောပြီး တောင်တန်း ချိုင့်ဝှမ်းမရှိ၊ ညီညာ တဲ့ မျက်နှာပြင် ရှိပါတယ်။ ဒါပေမယ့် အတွင်းပိုင်းမှာတော့ ကမ္ဘာလိုပဲ core ရှိပါတယ်။ core ရဲ့ အရွယ်အစားဟာ ကမ္ဘာရဲ့ လနဲ့ အရွယ်အစား အတူတူလောက်ပါပဲ။ အဲဒီcore ရဲ့ ၇၀% လောက်ဟာ သံ နဲ့ ဖွဲ့စည်းထားတာပါ။ အဲဒီလို လေးလံတဲ့ core ရှိတဲ့ အတွက် မာကျူရီဟာ နေအဖွဲ့အစည်းမှာ မျက်နှာပြင် အညီညာဆုံး ဂြိုဟ် ဖြစ်နေပါတယ်။ နေကနေ မာကျူရီ အထိ အကွာအဝေး ဟာ ကီလိုမီတာ သန်း၅၀ ပါ။ ကမ္ဘာကနေ တိုင်းရင်တော့ အဲထက် အများကြီး ပိုပါတယ်။ ၁၉၇၃ ခုနှစ် နိုဝင်ဘာ လက မာရီနာ ၁၀ ဂြိုဟ်တု ကို နေနဲ့နီး နိုင်သမျှ နီးနီးကို သွားဖို့ လွှတ်ခဲ့ပါတယ်။ ၃ လ အကြာမှာ ဗီးနပ်စ်ဂြိုဟ်ကို ရောက်ရှိပြီးတော့ ဗီးနပ်စ် ရဲ့ သံလိုက် အားလမ်းကြောင်း တွေကို သုံးပြီး မာကျူရီကို ဦးတည်ခဲ့ပါတယ်။ မာကျူရီ အကြောင်း ပထမဆုံး သတင်းပို့ချက်ကို ၁၉၇၄ ခုနှစ် မတ်လမှာ ရရှိခဲ့ပါတယ်။ မာရီနာ ဂြိုဟ်တုဟာ မာကျူရီကို ၃ ပါတ် ပါတ်ပြီး ဓါတ်ပုံတွေ ကမ္ဘာကို ပို့ခဲ့ပါတယ်။ ဓါတ်ပုံတွေ မှာတော့ အနှစ်နှစ်အလလ မာကျူရီ ပေါ်ကို ကျလာတဲ့ ဥက္ကခဲတွေ ထိမှန်တဲ့ ဒါဏ်ရာတွေကို တွေ့ရမှာပါ။ အချင်း ကီလိုမီတာ ၁၃၀၀ လောက် ရှိတဲ့ အမှတ်အသား တစ်ခုကို တောင် တွေ့ရပါတယ်။ အဲဒါ ကတော့ ဂြိုဟ်တစ်လုံးစာ အရွယ်ရှိတဲ့ ဥက္ကာပျံ အကြီးစား ကြီး တစ်ခု ၀င်တိုက်မိရာက ဖြစ်ခဲ့တာပါ။ မီးတောင် ပေါက်ကွဲမှု တွေဟာ လွန်ခဲ့တဲ့ နှစ်သန်း တစ်ထောင် လောက်မတိုင်ခင် အထိတော့ ဖြစ်နေသေးတယ်လို့ ဆိုပါ တယ်။ ဒါပေမယ့် နှစ်သန်း တစ်ထောင် အတွင်းမှာတော့ မီးတောင် လှုပ်လျှားမှု လုံးဝ မရှိခဲ့ပါဘူး။ သူ့ရဲ့ မျက်နှာပြင်ကို ပြောင်းလဲ နိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရာကတော့ စကြာဝဠာအတွင်းက ရောက်လာ တဲ့ မတော်တဆ တိုက်မိခြင်းတွေပဲ ဖြစ်ပါတယ်။

Saturday, September 13, 2008

နေ (The Sun) - ၃

0 comments
coronal loop တွေက နေရဲ့ chromospheres အလွှာထဲမှာပဲ ဖြစ်တာ ဆိုရင်တော့ ionized gases တွေဟာ လမ်းကြောင်းကွေး တွေအတိုင်းပဲ နေရဲ့ မျက်နှာပြင်ပေါ်ကို ပြန်ရောက်ပါတယ်။ လမ်းကြောင်းကွေးတွေရဲ့ အမြင့်ဟာ ကီလိုမီတာ ၅သောင်း ကျော်သွားခဲ့ရင်တော့ စကြာဝဠာထဲကို solar prominences လို့ခေါ်တဲ့ solar mass တွေလွင့်စင်ထွက်ပါတယ်။ လွင့်စဉ်သွားတဲ့ အရာတွေကတော့ plasma လို့လူသိများတဲ့ hot ionized gases တွေပါပဲ။ တကယ်လို့ လမ်းကြောင်းတွေရဲ့ အမြင့်ဟာ ကီလိုမီတာ တစ်သိန်း ကျော်သွားခဲ့ရင်တော့ ကွေးမသွားတော့ပဲ အတန်းလိုက် ဆန့်ထုတ်လိုက်သလို solar mass တွေ စကြာဝဠာထဲကို အများကြီး လွင့်စဉ်သွားပါလိမ့်မယ်။ အဲဒီ solar flux cube ရဲ့ အချင်းနဲ့ ယှဉ်လိုက်ရင် ကမ္ဘာက တော်တော် သေးနေပါလိမ့်မယ်။ ဒါပေမယ့် solar flare ကတော့ သူ့ထက် အများကြီး ပိုမိုပြင်းထန် ပါတယ်။ အင်မတန် ပြင်းထန်တဲ့ အပူချိန်ကြောင့် ပေါက်ကွဲ လွင့်စဉ် ထွက်တာမျိုးပါ။ သန်းဆယ်ဂဏန်းလောက် ရှိတဲ့ ဟိုက်ဒရိုဂျင် ဗုံးတွေကို တပြိုင်တည်း စုပြုံ ဖောက်ခွဲ လိုက်သလို ပြင်းထန်ပါတယ်။ နေပေါ်မှာ လှုပ်လျှား ပြောင်းလဲ နေတတ်တဲ့ ခပ်မဲမဲ အရိပ်လေးတွေဟာ solar flare ကြောင့် ဖြစ်လာတာပါ။ နေရဲ့ အပြင်ဘက် အလွှာ မှာတော့ corona ရှိပါတယ်။ corona ကို ဒီအတိုင်း ကြည့်ရင် မသိသာပါဘူး၊ နေကြတ်ချိန်မှာ လက နေကို ကွယ်သွားတဲ့ အချိန်မှာတော့ corona ကို ကောင်းကောင်း မြင်သာပါတယ်။ corona ရဲ့ အပူချိန်ဟာ ၂သန်း ဒီဂရီ လောက် အထိ ရောက်တတ်ပါတယ်။ corona တွေမှာ လည်း သူ့ရဲ့ လျွှို့ဝှက်ချက်နဲ့ ပါ။ လက နေကိုကွယ်သွားတဲ့ အချိန်မှာ အမည်းရောင် အ၀ိုင်းရဲ့ ပါတ်ဝန်းကျင်မှာ မြင်ရတဲ့ corona ရဲ့ တောက်ပမှု ဟာ တပြေးညီ မဟုတ်ပါဘူး။ လင်းတဲ့ နေရာလင်း ပြီး မှိန်တဲ့ နေရာ မှိန်ပါတယ်..။ နေရာ အလိုက် တောက်ပမှုဟာ တသတ်မတ် ရှိနေတာမျိုးလည်း မဟုတ်ပဲ အချိန်နဲ့ လိုက်ပြီး ပြောင်းလဲပါတယ်..။ ဘာကြောင့် အဲဒီလို ဖြစ်ရတာလည်း ဆိုတာ ဘေး ကပုံကို ကြည့်လိုက်ရင် ရှင်းသွားမှာပါ။ အဓိက လက်သည်က တော့ solar flare ပါ။ အင်မတန်ပြင်းထန်တဲ့ solar flare တွေကြောင့် ကြီးမားတဲ့ ပေါက်ကွဲလွင့်စင်မှု တွေလည်း ဖြစ်တတ်ပါတယ်။ နေကနေ အမြဲမပြတ် လွင့်စင် ထွက်လာနေတဲ့ particles လေးတွေ လည်း ရှိပါတယ်။ solar wind လို့ ခေါ်ပါတယ်။ အဲဒီ solar wind တွေဟာ ကမ္ဘာ့ဆွဲငင်အားကြောင့် တောင် နဲ့ မြောက် ၀င်ရိုးစွန်း တွေရဲ့ လေထုအလွှာပေါ်မှာ ကမ္ဘာရဲ့ မော်လီကျူးတွေ အက်တမ်တွေနဲ့ တိုက်မိပါတယ်။ solar wind ဟာ charges ဆောင်တဲ့ particles တွေဖြစ်တဲ့ အတွက် အဲလိုတိုက်မိခြင်း ကနေ အလင်းရောင် ဖြစ်စေပါတယ်။ အဲဒီလိုနဲ့ တောင်နဲ့ မြောက် ၀င်ရိုးစွန်းတွေ မှာ တွေ့ရတဲ့ aurora ဆိုတဲ့ လှပတဲ့ ၀င်ရိုးစွန်း ရောင်ခြည်တွေ ဖြစ်စေတာ ဖြစ်ပါတယ်။ aurora အများစုရဲ့ အရောင် က အနီနဲ့ အစိမ်းရောင် ဖြစ်ပြီး oxygen ကနေ ထုတ်တာဖြစ်ပါတယ်။ တကယ်လို့ nitrogen နဲ့ nitrogen ions တွေက ထုတ်တာဆိုရင်တော့ အနီဖျော့ဖျော့ ဒါမှမဟုတ် တောက်ပတဲ့ အပြာရောင်၊ ခရမ်းရောင်တွေကို ဖြစ်စေပါတယ်တဲ့။ နေ မှာလည်း လျှို့ဝှက်ချက်တွေ နဲ့ပါ။ ဥပမာ ဘာကြောင့် corona ရဲ့ အပူချိန်က ဒီလောက် မြင့်ရသလဲဆိုတဲ့ အချက်။ နေရဲ့ ဗဟိုမှာ၁၅ သန်း ဒီဂရီ စင်တီဂရိတ် ရှိပေမယ့် မျက်နှာပြင်မှာကျတော့ ၆၀၀၀ ဒီဂရီပဲ ရှိပါတော့တယ်။ မျက်နှာပြင်ကို ကျော်ပြီး အပြင်မှာ ရှိနေတဲ့ corona ရဲ့ အပူချိန်က ဒီဂရီ နှစ်သန်းလောက် ဖြစ်နေတာဟာ စိတ်ဝင်စားစရာပါ။ ဖြစ်နိုင်တဲ့ အကြောင်း အရင်းကတော့ magnetic energy ပါတဲ့။ နေမင်းဟာ နေရာအလိုက် အချိန်အလိုက် မတူညီတဲ့ တောက်ပနူန်းတွေနဲ့ pulse တွေ ဖြစ်နေတတ်တာကို ပညာရှင်တွေ သိကြပါတယ်။ ဒါပေမယ့် ဘာကြောင့် လဲဆိုတာတော့ မသိကြသေးပါ ဘူး။ အဲဒီလို တောက်ပမှု အနိမ့်အမြင့် ပြောင်းလဲမှုတွေဟာ နေမင်းရဲ့ အတွင်းဘက်က ဖြစ်ပျက်ပြောင်းလဲ မှုတွေ ကိုပြပါတယ်တဲ့။ သူတို့ကို လေ့လာခြင်းအားဖြင့် နေမင်းရဲ့ အသွင် ပြောင်းလဲနေမှု ကို သိနိုင်ပါတယ်။ ပညာရှင်တွေက တစတစ ပိုပြီး နားလည်လာကြပါတယ်။ နေမင်းရဲ့ မျက်နှာပြင်ကဓါတ်ငွေ့တွေရဲ့ ရွေ့လျှားမှုတွေ ထက် မျက်နှာပြင်အောက် ဘက်ပိုင်းမှာ ပိုပြီးမြန်မြန် လည်ပါတ်ပါတယ်။ အတွင်းဘက်ကို ရောက်သွားလေလေ ပိုပြီး မြန်လေလေပါပဲ..။ နေပေါ်မှာ တော်နေဒိုလည်း ရှိပါတယ်။ ကမ္ဘာ အရွယ်အစား ရှိပါတယ်တဲ့။ သူတို့ဟာ ၀င်ရိုးစွန်းတွေ အနီးမှာ တနာရီကို မိုင်သန်းဝက် နှုန်းနဲ့ လည်ပတ်ပါတယ်တဲ့။ နောင် နှစ်သန်းငါးထောင် လောက်ကြာရင်တော့ နေရဲ့ nuclear fusion process အတွက် ဟိုက်ဒရိုဂျင်လောင်စာ လုံလောက်မယ် မဟုတ်တော့ပါဘူး။ သူရဲ့အရွယ်အစားဟာ တဖြည်းဖြည်းကျယ် ပြန့်လာပါလိမ့်မယ်။ လက်ရှိအရွယ်အစားထက် အဆ ၂၀၀ လောက် ပိုကြီးတဲ့ Red Giant Star တစ်လုံး ဖြစ်လာပါလိမ့်မယ်။ မာကျူရီ၊ ဗီးနပ်စ် နဲ့ ကမ္ဘာ ဂြိုဟ်တို့ကို ၀ါးမြိုသွားပါလိမ့်မယ်။ အင်္ဂါဂြိုဟ်က အတွင်းဘက် အကျဆုံးအဖြစ် နေကို ပါတ်ပါမယ်။ အဲဒီနောက်မှာ တော့ နေဟာ စပြီးပေါက်ကွဲပါလိမ့်မယ်။ ပေါက်ကွဲမှုက ဖြစ်လာတဲ့ လှိုင်းတွေကြောင့် သူ့ရဲ့ ဓါတ်ငွေ့တွေဟာ စကြာဝဠာထဲကို အမြဲလွင့်စင်ထွက် နေပါလိမ့်မယ်။ အဲဒီလို material losses တွေကြောင့် နေမင်း ဟာ ဒြပ်သားတွေ တဖြည်းဖြည်းပါး လာပြီးတော့ ကျန်နေတဲ့ ဒြပ်သားတွေဟာလဲ အလယ်ဗဟိုက core ဆီကို ကျုံဝင်သွားပါလိမ့်မယ်။ နေဟာ ကမ္ဘာအရွယ်အစား အထိ ကျုံ့ဝင်သွားပြီး တော့ ကြယ်ပုဖြူ (white draft star) အဖြစ် ပြောင်းသွားပါလိမ့်မယ်။ အဲဒီ လို အတွင်းဘက် အကျဆုံး အဖြစ် အင်္ဂါဂြိုဟ် ပါတ်နေတဲ့ ကြယ်ဖြူလေး တစ်လုံးအဖြစ်နဲ့ ကျန်နေသေးတဲ့ လောင်စာတွေကို လောင်ကျွမ်းရင်း နောက်ဆုံးမှာ အေးစက် မဲမှောင်နေတဲ့ အစိုင်အခဲအဖြစ် တဖြည်းဖြည်း ပြောင်းလဲ ပြီး နေဘ၀ကနေ သေဆုံးသွားပါလိမ့်မယ်။

ကျမ်းကိုး

၁။ BBC Discovery, Space
၂။ http://www.wikipedia.org
၃။ Encarta Encyclopedia premium 2006

Related Posts Plugin for WordPress, Blogger...