Friday, September 26, 2008

ပလူတို ကို ဘာကြောင့် ဂြိုဟ်သိမ် အဖြစ် အဆင့် လျှော့ချရတာလဲ

cbox မှာ genesis မေးထားတဲ့ အကြောင်းအရာက cbox ထဲမှာ တင်ရှင်းဖို့ မဖြစ်နိုင်တဲ့ အတွက် ကျနော် ပို့စ် တစ်ခုတင်ပြီး ရှင်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျနော်တို့ နေစကြာဝဠာထဲမှာ အရင်က ဂြိုဟ် ၉ လုံး၊ အခု ၈ လုံး ဖြစ် သွားပါပြီ။ ဘာလို့ တစ်လုံး လျော့သွားတာလည်း ဆိုတာ အဲတုန်းက သတိထား မိလိုက်သူတွေ သိကြမှာပါ။ သတိမထား မိလိုက်သူတွေ အတွက် ကျနော် ပြန်ရှင်းပေးတာပါ။
IAU က ၂၀၀၆ ခုနှစ် မှာ definition of planet ကို သတ်မှတ်လိုက် တဲ့ အချိန် မတိုင်ခင် အထိ ပလူတို ဟာ ဂြိုဟ် အဖြစ် ရှိခဲ့ပါတယ်။ အဲဒီ defination ကို ထုတ်ပြီးတဲ့ အခါမှာတော့ ပလူတိုဟာ ဂြိုဟ်သိမ် ဖြစ်သွားပါပြီ။ အရင်ကတော့ ကောင်းပြီ ကောင်းရက်နဲ့ ဂြိုဟ် လုပ်ထားပြီးတော့ မှ အခုမှ ဂြိုဟ်သိမ် ဆိုပြီး ကောက် လုပ်လိုက်တဲ့ အတွက် စတင်တွေ့ရှိခဲ့သူ Clyde W. Tombaugh ရဲ့ အသိုင်းအ၀ိုင်းနဲ့ သူ့ကို လေးစားကြည်ညိုသူများရဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲလို မလုပ်လို့ မရတဲ့ အကြောင်း အရာကလည်း ရှိနေပါတယ်။
၁၉၅၁ ခုနှစ်မှာ ကွေပါခါးပါတ် (kuiper belt) ကို တွေ့ရှိပြီးတဲ့ အချိန်ကစလို့ ပလူတို နဲ့ ပါတ်သတ်ပြီး စဉ်းစား စရာတွေ စဖြစ်လာခဲ့တာပါ။ ၂၀၀၂ ခုနှစ်မှာ KBO 50000 Quaoar ကို စပြီး တွေ့ခဲ့ ပါတယ်။ အချင်း အားဖြင့် ၁၂၈၀ ကီလို မီတာ ရှိပြီးတော့ ပလူတိုရဲ့ တ၀က် ရှိပါတယ်။ ၂၀၀၄ ခုနှစ်မှာ Sedna ကို တွေ့ခဲ့ ပါတယ်။ သူ့အချင်းက ကီလိုမီတာ ၁၈၀၀ ဖြစ်တဲ့အတွက် အချင်း ကီလိုမီတာ ၂၃၂၀ ပဲ ရှိတဲ့ ပလူတိုနဲ့ မတိမ်းမယိမ်း ရှိနေ ပါပြီ။ ၂၀၀၅ ခုနှစ် ဇူလိုင် ၂၉ ခုနှစ်မှာ တော့ နက်ပကျွန်းအလွန် အရာဝတ္ထုတွေ့ ရှိကြောင်း ကြော်ညာချက် ထွက် ပေါ်ခဲ့ပါတယ်။ အသစ် တွေ့ရှိတဲ့ အရာဝတ္ထု အမည်က Eris ဖြစ်ပြီးတော့ သူက ပလူတို ထက် ပိုကြီးပါတယ်။ ၁၈၄၆ ခုနှစ်က Triton ကို တွေ့ရှိပြီးတဲ့ နောက်ပိုင်းမှာ နေစကြာဝဠာ အတွင်း အကြီးမားဆုံး အရာဝတ္ထု တွေ့ရှိတာ ဖြစ်ပါတယ်။ တရားဝင် သတ်မှတ်မှု မရှိသေးပေမယ့် ၁၀ ခုမြောက် ဂြိုဟ် လို့ ခေါ်ခဲ့ကြပါတယ်။ Eris ကို ဂြိုဟ် အဖြစ် သတ်မှတ်လိုက်ရင် သူ့ လိုပဲ သတ်မှတ်စရာ ဂြိုဟ် တွေ အများကြီး ကျန်ပါသေးတယ်။ ဂြိုဟ်တွေ အများကြီး ဖြစ်လာပြီး စကြာဝဠာ လေ့လာမှု အတွက် ရှုပ်ထွေးလာတော့ မှာ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ နက္ခတ္တပညာရှင် အသိုင်းအ၀ိုင်း မှာ ပလူတိုကို ဂြိုဟ်သိမ် အဖြစ် သတ်မှတ်ဖို့ ဖိအား ပိုများ လာခဲ့ပါတယ်။ အခြားဂြိုဟ် တွေရဲ့ ပါတ်လမ်းတွေကို ထောင့်တစ်ခု ခံဆောင်ပြီး ပါတ်နေတဲ့ သူရဲ့ ပါတ်လမ်းကို ဘေးက ပုံမှာ တွေ့နိုင်ပါတယ်။ ပလူတို ကို ဂြိုဟ်အဖြစ် သတ်မှတ် နိုင်စရာ တစ်ခုထဲသော အကြောင်းအရာ အဖြစ် သူ့ရဲ့ ခပ်ကြီးကြီး လ တစ်လုံး ဖြစ်တဲ့ Charon ပဲ ကျန်ပါတယ်။ ဒါပေမယ့် ၂၀၀၅ စက်တင်ဘာမှာ Eris မှာ ဂြိုဟ်ရံလ Dysnomia ရှိကြောင်း တွေ့ ရှိ ခဲ့တဲ့ အတွက် ပလူတို ကို ဂြိုဟ် အဖြစ် ဆက်လက် ထားရှိရေး ကိစ္စ အဆုံးသတ်သွား ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာ IAU က definition of planet ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ထုတ်ပြန်ချက်အရ အရာဝတ္ထုတစ်ခု ဟာ ဂြိုဟ် အဖြစ် သတ်မှတ် ခံရနိုင်ဖို့ အောက် ပါ အချက်သုံးချက်နဲ့ ညီ ဖို့ လိုအပ်ပါတယ်။
၁။ အရာဝတ္ထုဟာ နေကို ပါတ်တဲ့ ပါတ်လမ်း အတွင်းမှာ ရှိရပါမယ်။
၂။ အရာဝတ္ထုဟာ သူ့ကိုယ်ပိုင် ဆွဲငင်အား နဲ့ လုံးဝန်းတဲ့ ပုံစံ ဖြစ်စေဖို့ လုံလောက်တဲ့ ဒြပ်သား ပမာဏ ရှိရပါမယ်။ သူ့ရဲ့ ပုံစံကို hydrostatic equilibrium ဖြစ်စေဖို့ လုံလောက်တဲ့ ဆွဲငင်အား ရှိရပါမယ်။
၃။ အရာဝတ္ထုမှာ ရှင်းလင်းတဲ့ နေပါတ်လမ်းကြောင်း ရှိရပါမယ်။ သူ့ ပါတ်လမ်း တွင်း မှာ အခြား အရာဝတ္ထု များ မရှိရပါဘူး။
ပလူတိုဟာ တတိယအချက်နဲ့ မညီပါဘူး။ သူ့ ရဲ့ ဒြပ်ထုဟာ သူ့ ပါတ်လမ်း အတွင်း မှာရှိတဲ့ အရာဝတ္ထု စုစု ပေါင်း ဒြပ်ထုရဲ့ ၀.၀၇ ဆ ပဲ ရှိပါတယ်။ (ကမ္ဘာရဲ့ ဒြပ်ထုဟာ သူ့ပါတ်လမ်းထဲရှိ အခြား အရာစုစုပေါင်းရဲ့ ၁.၇ သန်း ဆ ရှိပါတယ်။)
၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့မှာ IAU က ဂြိုဟ်သိမ် (minor planet) စာရင်းကို ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီ စာရင်းထဲက အကြီးဆုံး အရာဝတ္ထု ၁၀ခု ရဲ့ ပုံကို အောက်မှာ ပြထားပါတယ်။

4 comments:

ဟိန်းညီ said...

အစ်ကိုရေ.....
ကျေးဇူးပဲဗျာ..ပလူတိုကို ဂြိုဟ်သိမ်အဖြစ်သတ်မှတ်လိုက်တာ အခုမှသိတယ်ဆိုတာ
ဝန်ခံရမှာပဲ။ဒီပို့စ်က ကျွန်တော်အတွက်တော့အများကြီးအကျိုးရှိသွားပြီ။

ခွန်း said...

ဟုတ်ကဲ့.. မှတ်ချက်ရေးပေးတာ ကျေးဇူးတင်ပါတယ် ဗျာ။ ဒီအကြောင်း အရာတွေက လူစိတ်ဝင်စား တာနည်း တဲ့ အတွက် လူတွေ သိပ်မသိကြတာပါ။ အခုလို လာအားပေးတာ ကျေးဇူးတင်ပါတယ်။

Anonymous said...

မင်္ဂလာပါ
ကို KHWUNN
လာရောက်ဖတ်ရှု့ သွားခဲ့ပါတယ်။ အကုန်တော့မဟုတ်ဘူး မာတိကာကို ကြည့်လိုက်ပြီး စိတ်ဝင်စားတဲ့ ပလိုတိုနဲ့ပတ်သက်တဲ့ပြီး ရှင်းတာ၊ ကျွန်နော်သိလိုက်တာနဲ့ တူနေပါတယ် ။ သူက ဂြိုလ်သိမ် ဖြစ်နေတဲ့ တခြားဂြိုလ်တခုထက် သေးငယ်နေတယ်ဆိုတော့ ငြင်းပွားစရာတွေ ဖြစ်လာတယ်။ ဒါကြောင့် ခင်ဗျားရဲ့ အမြင်ကို လက်ခံပါတယ်။ ပြသာနာက မြန်မာပြည် အထူးသဖြင့် ဗေဒင်ပေါ့။ ဗေဒင်က ဟိန္ဒူဝါဒမှ ဆင်းသက်လာတဲ့ ပညာရပ်များကို မြန်မာတို့လို့ တခြားခြားသောနိုင်ငံတွေ လက်ခံ အသုံးပြုနေပါတယ်။ ဒီက ဆင်းသင်းလာသော ပညာကို လက်ခံသုံးစွဲနေတဲ့ တခြားသော နိုင်ငံတွေကို မဆိုလို့တော့ဘူး။ မြန်မာလူမျိုးဆိုတော့ မြန်မာအကြောင်း အတွင်းအစင်း သိတယ်လေ။ လာတဲ့ ပြသာနာတခုကတော့ မြန်မာဗေဒင်လောကမှာ ဂြိုလ်ကိုးလုံးနဲ့ ယှဉ်ပြီး ဟောပြောတဲ့အရာတွေ ရှိတယ်လေ။ ဟုတ်လားတော့မသိ။ အခုလို့ ကမ္ဘာ့ Astrology အဖွဲ့က ဂြိုလ် ကိုးလုံးကနေ ရှစ်လုံးကို ပြောင်းလဲ သတ်မှတ်လိုက်တော့ မြန်မာ့နက္ခတ်ဗေဒင် ပညာမှာလဲ ဘယ်လိုသွားနေသလဲမသိပါဘူး။ ရင်လေးတယ်။ ဂြိုလ်တလုံး လျော့သွားတော့ အရင်က ဟောနေတာတွေ မှန်လား မှားလားလို့ ဒွိဟဖြစ်နေတယ်လေ။

ဆိုတော့ ဂြိုလ်တလုံးပျောက်သွားလို့ ဖြစ်ပေါ်လာတဲ့ ပြသာနာ တခုကို မျှဝေလိုက်တာပါ။ ကိုကေအိတ်ခ် ကို ဗေဒင်ဆရာတယောက်လို့ ပြောနေခြင်းတော့ မဟုတ်ပါ။ စာဖတ်သူအားလုံး ဆင်ခြင်သုံးသပ်ပြီး ဘယ်လို ထင်မြင်ချက် ရှိနိုင်သလဲ ထင်ပြီး ကွန်မင်းကို ပွတ်လိုက်ရခြင်း ဖြစ်ပါတယ်။ ထူးထူးခြားခြားတော့ မရှိပါကြောင်း...

ရွှင်လန်းချမ်းမြေ့ပါစေ...

ခွန်း said...

commet ရေးပေးသွားတာ ကျေးဇူးတင်ပါတယ် ကိုလူလေး။ မြန်မာလို ကျနော့်နာမည် ရေးချင်ရင် ခွန်း လို့ ရေးလို့ရပါတယ်။ ပလူတို နဲ့ ပါတ်သတ်ပြီး အနည်းနဲ့ အများ စိတ်ဝင်စား မှု ရှိကြပါတယ်။ ဒီ ပို့စ်လေး ရေးတဲ့ အပေါ်မှာ အခုလို သုံးသပ်ချက်တွေ ရတဲ့ အတွက်လည်း အများကြီး ၀မ်းသာပါတယ်။ ပလူတိုကို ဂြိုဟ် အဆင့်ကနေ လျှော့ချတာက နက္ခတ္တဗေဒ လေ့လာမှု အတွက်ပဲ ဖြစ်ပါတယ်။ သူ့ကို ပြောင်းလဲသတ်မှတ် လိုက်တာက လွဲလို့ သူနဲ့ပါတ်သတ်တဲ့ အခြား အချက်အလက်တွေ ပြောင်းလဲ သွားမှာ မဟုတ်တဲ့ အတွက် ဝေဒ ပညာနဲ့ ပါတ်သတ်ပြီး တစ်စုံတစ်ရာ ပြောင်းလဲမယ် မထင်ပါဘူး။ ပလူတို က ဂြိုဟ်စာရင်းက ပျောက်သွားတာသာ ဖြစ်ပြီးတော့ သူ့ရဲ့ တည်ရှိနေမှုမှာ တစုံတရာ အပြောင်းအလဲ မဖြစ်တဲ့ အတွက် သူ့ကို သုံးပြီး ထုတ်ရတဲ့ ဟောကိန်းတွေကလည်း အရင်အတိုင်းပဲ သွားနေမှာပါပဲ။ ကျနော့်အမြင်အရ နက္ခတ် တာရာတွေက ကံကြမ္မာကို လွှမ်းမိုးခြင်း မဟုတ်ပဲ ကံကြမ္မာကို နက္ခတ် တို့ဖြင့် တိုက်ဆိုင် စစ်ဆေးကြည့်နိုင်ခြင်းသာ ရှိတယ်လို့ ထင်ပါတယ်။ အဲလိုဆိုတော့ သူ့ဟာသူ ဂြိုဟ်သိမ် မကလို့ ဥက္ကာပျံပဲ လုပ်လုပ် ပလူတိုကို အရင်က ပလူတို လိုပဲ ဆက်ပြီး သုံးနိုင်မယ်လို့ ထင်ပါတယ်ဗျာ။

Related Posts Plugin for WordPress, Blogger...